တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (CNF) လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့် ပြည်ထောင်စု သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကြိုးပမ်းသွားမည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) က အောက်တိုဘာ ၂ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်းမှ ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း မအောင်မြင်သည်ကိုတွေ့မြင်ရသည်ဟုလည်း ချင်းအမျိုးသားတပ်ဦး၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက် ချမှတ်ထားခြင်းအပေါ် သဘောထားထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ချင်းအမျိုးသားတပ်ဦးသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးအတွက် တစိုက်မတ်မတ် တောင်းဆိုခဲ့သည့်အတိုင်း NCA မှသည် နိုင်ငံရေးဆွေးနွေးပွဲများဆီသို့ တက်လှမ်းသွားမည် ဖြစ်ကြောင်း၊ NCA ကို လက်မှတ်ရေးထိုးရန် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်မှ ၂၃ ရက်အထိ ပြုလုပ်သည့် ချင်းအမျိုးသားတပ်ဦး၏ အရေးပေါ်ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ချင်းအမျိုးသားတပ်ဦးအနေဖြင့် NCA ကို လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးတွင် NCA ကို လတ်တလောလက်မှတ်ရေးထိုးနိုင်သည့် အဖွဲ့အစည်းများ နှင့် လတ်တလော လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသည့် အဖွဲ့အစည်းများဟူ၍ မတူသည့် ချဉ်းကပ်မှုနည်းနာများဖြင့် NCA အား လက်မှတ်ရေးထိုးရန် နားလည်မှုတည်ဆောက်နိုင်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။NCA သည် ၂၀၁၃ ခုနှစ်မှ စတင်၍ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရတို့အကြား နှစ်နှစ်နီးပါး ညှိနှိုင်း ဆွေးနွေးခဲ့သည့် လုပ်ငန်းစဉ်၏ ရလဒ်ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦးသည်လည်း ဤသဘောတူစာချုပ် မူကြမ်းရေးဆွဲရေးတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများသည် NCA တွင် လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကိစ္စမှအပ NCA ပါ အချက်အလက်များအားလုံးကို သဘောတူ လက်ခံထားပြီးဖြစ်ကြောင်း၊ လတ်တလော၌ NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံး ပါဝင်နိုင်ခြင်းမရှိသေးသော်လည်း အားလုံးပါဝင်လာနိုင်ရေးကို ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
(NCA) လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့် ပြည်ထောင်စု သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းသွားမည်ဟု CNF ထုတ်ပြန်