ရောင်ခြည်သစ်အဖွဲ့မှ စီမံကိန်း နယ်မြေတာဝန်ခံ ကိုထွန်းလှိုင်နှင့် တွေ့ဆုံခြင်း

ရောင်ခြည်သစ်အဖွဲ့မှ စီမံကိန်း နယ်မြေတာဝန်ခံ ကိုထွန်းလှိုင်နှင့် တွေ့ဆုံခြင်း
Published 1 October 2015
ကိုသစ်ထွဋ်

“မဲလက်မှတ် ထုတ်တဲ့အခါ မဲလက်မှတ် ပြဲနေတာ၊ မဲလက်မှတ်မှာ မဲရုံမှူး လက်မှတ် မပါတာတို့၊ မဲလက်မှတ်မှာ အစွန်းအထင်း ဖြစ်နေတာတို့ကို မဲဆန္ဒရှင်တွေက သေချာ စစ်ဆေးဖို့ လိုတယ်”
လာမယ့်ရွေးကောက်ပွဲမှာ မဲပေးကြမယ့် မဲဆန္ဒရှင်တွေအတွက် ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာတွေကို ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့် လေ့လာရေး ဆောင်ရွက်လျက်ရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရောင်ခြည်သစ်အဖွဲ့က စီမံကိန်း နယ်မြေတာဝန်ခံဖြစ်သူ ကိုထွန်းလှိုင်နှင့် တွေ့ဆုံ မေးမြန်းခဲ့တဲ့ အထဲက ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
မေး - အခုတစ်ခေါက် နောက်ဆုံးမဲစာရင်းကို ၁၄ ရက် ကြေညာတဲ့ အချိန်မှာ အဝေးရောက်နေမယ်။ စစ်ဆေးဖို့ အဆင်သင့် မဖြစ်သူတွေက ဘယ်လိုဆောင်ရွက်လို့ ရမလဲ။
ဖြေ - မဲစာရင်း အဓိက ပြုစုတာက ပုံစ ၆၆/၆ သန်းခေါင်စာရင်းကို အခြေခံပြီး ပြုစုတာဆိုတော့ မဲစာရင်းက ဘယ်နေရာမှာ ပါမလဲဆိုရင် ကိုယ့်အိမ်ထောင်စု စာရင်းရှိတဲ့ နေရာမှာပဲ မဲစာရင်း ပါလိမ့်မယ်။ ဥပမာအနေနဲ့ ရခိုင်မှာနေတယ်။ ရန်ကုန်လာပြီး အလုပ်လုပ်နေတယ်။ ဒါဆိုရင် ကိုယ့်မဲစာရင်းက ရခိုင်မှာရှိတဲ့ မြို့နယ်မှာပဲ ပါလိမ့်မယ်။ ဒါကြောင့် မဲစာရင်းကို သေချာ ပြန်စစ်ဖို့လိုပါတယ်။ ကိုယ်နေတဲ့ ရောက်နေတဲ့ နေရာကနေ မဲစာရင်းမှာပါ၊ မပါဆိုတာကို ကိုယ့်ရဲ့မိသားစု၊ ဆွေမျိုးတွေကို စုံစမ်းပေးဖို့ အသိပေးဖို့လိုတယ်။ ကိုယ့်မဲစာရင်းပါလား မပါလားဆိုတာကို လုပ်ဖို့လိုပါတယ်။ မဲစာရင်း ပါခဲ့ပြီဆိုရင်လည်း နိုဝင်ဘာ ၈ ရက်နေ့မှာ လာပြီး မဲပေးဖို့ အဆင်မပြေဘူးဆိုရင် ရက်ပေါင်း ၁၈၀ ဆိုတာ ရှိပါတယ်။ သူတို့တွေ မဲစာရင်း ပြောင်းလို့ရတယ်။ ကိုယ့်မဲဆန္ဒနယ်ကနေ ရန်ကုန် မဲဆန္ဒရှင် စာရင်းကိုပြောင်းဖို့ တောင်းဆိုလို့ ရတာရှိတယ်။ အဓိက,ကတော့ ရက်ပေါင်း ၁၈၀ ပြည့်ဖို့ လိုပါတယ်။ အဲဒါလေးတွေဆိုတော့ မဲစာရင်းကို လာဖို့ အဆင်မပြေဘူးဆိုရင် မဲစာရင်း ပြောင်းဖို့အတွက် လုပ်လို့ရတယ်။ မဲစာရင်း ပြောင်းတဲ့အခါမှာလည်း ကျွန်တော်တို့ရက်ပေါင်း ၁၈၀ ဘယ်လိုပြည့်မလဲဆိုရင် နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး ပြန်ရေတွက်တယ်။ ၂၀၁၅ မေလ ၁၃ ရက် နေ့အထိပေါ့။ ဆိုလိုချင်တာက ရန်ကုန်မှာ မဲပေးတော့မယ်ဆိုရင် မေလ ၁၃ ရက်နေ့ ရောက်နေဖို့ လိုတယ်။ ရောက်နေတာကို သက်သေပြဖို့ လိုတယ်။ ရက်ပေါင်း ၁၈၀ ပြည့်တယ်ဆိုတာကို ကိုယ့်ရပ်ကွက် အုပ်ချုပ်ရေးမှူးသော် လည်းကောင်း၊ ကိုယ့်ရဲ့ အလုပ်ရှင်ကသော် လည်းကောင်း ထောက်ခံပေးဖို့ လိုတယ်။ ရက်ပေါင်း ၁၈၀ ပြည့်နေပါပြီ၊ ရောက်နေပါပြီဆိုတာကို ထောက်ခံပေးဖို့ အတွက် ထောက်ခံပြီဆိုရင် အဲဒီမဲဆန္ဒရှင်ဟာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ကော်မရှင်အဆင့်ဆင့် စစ်ဆေးပြီး မှန်ပြီဆိုရင် မဲစာရင်းကို ပြောင်းပေးမယ်။ မဲဆန္ဒရှင်တွေဟာ ကိုယ့်ဟာကိုယ် ရက်ပေါင်း ၁၈၀ ပြည့် မပြည့် ဆိုတာကို သိထားဖို့ လိုတယ်။ ပြည့်ပြီဆိုရင် မဲဆန္ဒရှင် ပြန်ပြောင်းလို့ရတယ်ဆိုတာကို လုပ်ဆောင်နေရတယ် ဆိုတာကို သိထားဖို့ လိုပါတယ်။
မေး - လာမယ့်ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးမယ်ဆိုရင် ဘယ်လိုပေးရမလဲ။
ဖြေ - အဓိက ရွေးကောက်ပွဲနေ့မှာ လာပြီး မဲမပေးနိုင်သူတွေအတွက် စီစဉ်ပေးထားတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ကြိုတင်မဲက နှစ်မျိုးရှိပါတယ်။ မဲဆန္ဒ နယ်ပြင်ပရောက်တဲ့ ကြိုတင် မဲပေးခွင့်ရှိသူရယ်၊ မဲဆန္ဒနယ် အတွင်းမှာရှိတဲ့ ကြိုတင်မဲ ပေးခွင့်ရှိသူရယ် ဆိုပြီးခွဲထားပါတယ်။ မဲဆန္ဒ ပြင်ပရောက်တဲ့သူ ဘယ်သူတွေ ကြိုတင်မဲ ပေးခွင့်ရှိသလဲဆိုရင် တပ်မတော်သားတွေပါတယ်။ အချုပ်ကျခံနေရတဲ့ သူတွေပါတယ်။ ကျောင်းသားတွေ ပါတယ်။ နိုင်ငံခြားကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေပါတယ်။ နောက်တခြားမဲဆန္ဒနယ်ကို ရောက်နေတဲ့သူတွေ ပါတယ်ပေါ့။ သူတို့က ဘယ်လိုပေးလို့ရလဲဆိုတော့ အခုဆိုရင် ကိုယ်စားလှယ်လောင်းတွေ ကြေညာပြီးပြီ။ ဒီတော့ သူတို့တွေ ကြိုတင်မဲပေးဖို့အတွက် ပုံစံ ၁၅ နဲ့ လျှောက်ရမယ်။ ပုံစံ ၁၅ နဲ့လျှောက်ပြီးမှ ကြိုတင်မဲပေးဖို့ စီစဉ်လို့ရတယ်။ လျှောက်တဲ့အခါမှာလည်း တပ်မတော်သားတွေ ဆိုရင်တစ်စောင်၊ နိုင်ငံခြား ပြင်ပ ရောက်နေတဲ့သူတွေဆိုရင် တစ်စောင်ပေါ့။ နိုင်ငံခြားက သူတွေဆိုရင် သူတို့ရဲ့ နိုင်ငံခြားသံရုံး၊ ကောင်စစ်ဝန်ရုံးတွေမှာသွားပြီး လျှောက်ထားဖို့ လိုတယ်။ အဲဒီမှာပုံစံ ၁၅ တောင်းပြီး ကြိုတင်ဆန္ဒမဲ ပေးပါမယ်ဆိုပြီး ပုံစံ ၁၅ ဖြည့်ပြီးတာနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တစ်ဆင့် ကော်မရှင်အဆင့်ဆင့်ကို ပို့ရတယ်။ ဒီလိုလျှောက်ထားပြီး ကိုယ်စားလှယ်လောင်း ကြေညာပြီးပြီဆိုတာနဲ့ ကြိုတင်မဲပေးဖို့အတွက် မဲလက်မှတ် ပို့လိုက်မယ်။ အဲဒီလို မဲလက်မှတ် ပေးလိုက်ရင် သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေက ကြိုတင်မဲပေးဖို့ အတွက် စီစဉ်ပေးလိုက်မယ်။ ရက်ကတော့ သတ်မှတ်ထားတာ မရှိဘူး။ နည်းဥပဒေမှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကပဲ ရက်ကိုသတ်မှတ်ပေးရမယ်လို့ ပြောထားပါတယ်။ အဲဒီလို သတ်မှတ်လိုက်တဲ့နေ့မှာ အကြောင်းကြားလိုက်မယ်။ ဒါဆိုရင်လာပြီး ကြိုတင်မဲပေးလို့ရပါပြီ။ ကြိုတင်မဲပေးတာက ဘယ်လိုလဲဆိုရင် အမှန်ခြစ်ကိုပဲ မဲလက်မှတ်မှာ ခြစ်ပြီးပေးရမယ်။ နောက်တစ်ခုဖြစ်တဲ့ မဲဆန္ဒ နယ်အတွင်းမှာပဲရှိတဲ့ ကြိုတင်မဲဆိုရင်တော့ အနာကြီး ရောဂါသည်တွေ၊ ဆေးရုံမှာ တက်ရောက် ကုသနေတဲ့ သူတွေ၊ မီးဖွားနေတဲ့သူတွေ၊ အချုပ်သားတွေ၊ မဲဆန္ဒနယ်တွင်းက သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်း တွေဟာ ကြိုတင်မဲ ပေးလို့ရတယ်။ သူတို့တွေက ရွေးကောက်ပွဲနေ့မှာ လာပြီးမဲ မပေးနိုင်ဘူးဆိုတော့ ကြိုတင်မဲ ပေးလို့ရတယ်။ သူတို့တွေက ကြိုတင်မဲ ပေးဖို့အတွက် ရွေးကောက်ပွဲကျင်းပဖို့ နှစ်ရက်အလိုမှာ သက်ဆိုင်ရာ ရပ်ကျေး ကော်မတီက အကြောင်းကြားလိမ့်မယ်။ ကြိုတင်မဲ ပေးမလားပေါ့။ ပေးမယ်ဆိုရင် ပေးလို့ရတယ်။ ဒီလိုမျိုးတွေ ရှင်းပြလိမ့်မယ်ပေါ့။ အဲဒါဆိုရင် ကြိုတင်မဲ ပေးမယ်ဆိုရင် စီစဉ်ပေးလိမ့်မယ်။ နောက်တစ်ခုက သူတို့လာပြီး အကြောင်းမကြားဘူး ဆိုရင်လည်း ကိုယ့်ရဲ့ဆွေမျိုးသားချင်း တစ်ဦး ဦးက ဘယ်သူကတော့ ကြိုတင်မဲပေးချင်တယ်။ စီစဉ်ပေးပါဆိုပြီး ပြောရင် လာလိမ့်မယ်။ အဲဒီလို လာတဲ့အခါမှာလည်း ရပ်ကွက် ကျေးရွာ ကော်မရှင်က နှစ်ဦးပါမယ်။ လေ့လာစောင့်ကြည့်တဲ့သူတွေ ပါတီကိုယ်စားလှယ်တွေ လာမယ်။ သူတို့ရှေ့မှာပဲ ကြိုတင်မဲ ပေးလို့ရတယ်။ မဲဆန္ဒနယ် အတွင်းမှာရှိတဲ့ ကြိုတင်မဲ ပေးတဲ့သူတွေကတော့ တံဆိပ်တုံးထုရမယ်။ အဲဒီလိုမျိုး ပေးဖို့ရှိတယ်။

မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းစစ်ဆေးနေစဉ်
မေး - သင်တန်းသားတွေနဲ့ ကျောင်းသားတွေကြိုတင် မဲက ဘာကိုဆိုလိုပါသလဲ။
ဖြေ - အစိုးရ တရားဝင် ခွင့်ပြုချက်နဲ့ သံရုံးဝန်ထမ်းတွေ ပါမယ်။ ပညာသင် သွားတဲ့သူတွေ ပါမယ်၊ အလုပ်ကိစ္စတစ်ခုခုနဲ့ သွားတဲ့သူတွေ ပါမယ်။ သင်တန်းသားတွေ၊ ကျောင်းသားတွေဆိုတာ ရန်ကုန်မှာ သင်တန်းတက်နေကြတဲ့ တခြားသောနယ်တွေက သူတွေ ပါပါတယ်။
မေး - ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်တွေ မဲသွားပေးမယ် ဆိုရင်ကော ဘာတွေယူသွားသင့်လဲ။ စည်းစနစ်တကျ ဖြစ်အောင် ဘာတွေလုပ်ရမလဲ။
ဖြေ - ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင် ဘာလုပ်သင့်သလဲဆိုတော့ ရွေးကောက်ပွဲနေ့မှာ မဲရုံဖွင့်ချိန်နဲ့ ပိတ်ချိန် အဓိက သိရမယ်ပေါ့။ မဲရုံဖွင့်ချိန်က နံနက် ၆ နာရီပေါ့။ မဲရုံပိတ်ချိန်က ညနေ ၄ နာရီ။ အဲဒီနေ့မှာ မဲပေးဖို့ အရေးကြီးတယ်။ တစ်ခုရှိတာက မဲဆန္ဒရှင်တွေနဲ့ ပတ်သက်လို့ မဲသွားပေးတဲ့အခါ ဥပဒေမှာလည်း ပြဋ္ဌာန်းထားတာက သက်သေခံ လက်မှတ်တွေ ပါသွားဖို့လိုတယ်။ အဓိက,က မှတ်ပုံတင်ပါဖို့ လိုတယ်။ လက်ရှိကာလအတွင်းမှာ ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင် မရှိရင်လည်း မဲပေးခွင့်ရှိတယ်လို့ ပြောထားတယ်။ အဓိက,ကတော့ မဲစာရင်းမှာပါဖို့ပဲ အရေးကြီးတယ်။ မှတ်ပုံတင် မရှိရင် ဘယ်လို သက်သေပြမလဲဆိုရင် သူတို့က သက်သေခံ လက်မှတ်ထုတ်ပေးမယ်လို့ ပြောထားတယ်။ သက်သေခံ လက်မှတ်ကို ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ပတ်အလိုမှာ ထုတ်ပေးမယ်လို့ ပြောထားတယ်။ သက်သေခံ လက်မှတ်ပါရင်တော့ အဆင်ပြေသွားဖို့ ရှိတယ်။ မဲဆန္ဒရှင်ကျတော့ အဲဒီနေ့မှာ ဘယ်လိုအစီအစဉ် ရှိလဲဆိုတာကို ရှင်းပြရမယ်ဆိုရင် ပထမဆုံး မဲသွားပေးတဲ့အခါ မဲရုံအဝမှာ သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲစာရင်းတွေ ကပ်ထားလိုက်မယ်။ အဲဒီမှာ မဲရုံပုံစံလည်း ကပ်ထားမယ်။ ဗွီနိုင်းတွေလည်း ကပ်ထားမယ်။ နောက်ပြီး ပယ်မဲ၊ ခိုင်လုံမဲဆိုတဲ့ စာရင်းတွေလည်း ကပ်ထားမယ်။ ဘယ်သူတွေ ကြိုတင်မဲ ပေးထားတယ် ဆိုတာလည်း မဲရုံဝက သင်ပုန်းကြီးမှာ ကပ်ထားလိုက်မယ်။ နောက် သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲစာရင်းတွေ ကပ်လိုက်မယ်။ ပြည်သူ့လွှတ်တော် အတွက်ဆိုရင် ဘယ်သူတွေက မဲပေးခွင့်ရှိသလဲ။ နောက် အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်၊ နောက် တိုင်းရင်းသားရေးရာ သက်ဆိုင်ရာ အလိုက် မဲစာရင်း ကပ်ထားမယ်။ အဲဒီမှာ မဲဆန္ဒရှင်တွေက သေချာ ပြန်ကြည့်ဖို့လိုတယ်။ ကိုယ့်ရဲ့ မဲစာရင်း မှန်ရဲ့လားဆိုတာ သေချာ ပြန်ကြည့်ဖို့လိုတယ်။ မဲစာရင်းမှာ ပါပြီဆိုရင် နောက်တစ်ဆင့်လုပ်ရမှာက မဲရုံအဝမှာရပ်ပြီး တန်းစီဖို့လိုတယ်။ တန်းစီပြီး ကိုယ့်အလှည့်ကျလာပြီ မဲရုံထဲ ဝင်ရတော့မယ်ဆိုရင် အပြင်ဘက်မှာ မဲရုံလုံခြုံရေးက ကိုယ့်လက်မှာ မင်တို့တာပါ၊ မပါစစ်ဆေးလိမ့်မယ်။ ကိုယ်က လက်မှာ မင်မရှိဘူးဆိုတာ ပြဖို့လိုတယ်။ ဒါဆိုရင် ဝင်လို့ရပြီ။ ပထမဆုံး ဝင်သွားပြီဆိုတာနဲ့ ဘယ်ကိုသွားရမလဲဆိုရင် ပြည်သူ့ လွှတ်တော်ဆိုတဲ့ နေရာပေါ့။ အဲဒီစားပွဲမှာ မဲစာရင်း စစ်ဆေးသူရယ်၊ မဲလက်မှတ် ထုတ်ပေးတဲ့သူရယ် ရှိမယ်။ အဲဒီမှာ ပထမဆုံး ကိုယ့်ရဲ့ သက်သေခံ လက်မှတ်ကို ပြဖို့လိုတယ်။ ပြပြီးပြီဆိုရင် မဲစာရင်း စစ်ဆေးသူက သက်သေခံ လက်မှတ်နဲ့ သေချာတိုက်ဆိုင် စစ်ဆေးလိုက်မယ်။ မဲပေးခွင့်ရှိသူ တကယ် ဟုတ် မဟုတ်ကို သေချာစစ်ဆေးမယ်။ ပြီးရင် လက်မှတ်ထိုးရမယ်။ လက်မှတ်ထိုးဖို့ အဆင်မပြေသူဆိုရင် လက်ဗွေနှိပ်ရမယ်။ ဒါပြီးရင် မဲလက်မှတ်ထုတ်တဲ့နေရာ သွားရမယ်။ မဲလက်မှတ် ထုတ်တဲ့ဆီမှာလည်း သက်သေခံ လက်မှတ်ပြရမယ်။ ပြပြီးတော့ သူက သေချာပြန်စစ်ဆေးမယ်။ စစ်ဆေးပြီးတော့ မှန်ပြီဆိုရင် မဲလက်မှတ်ကို ထုတ်ပေးလိုက်မယ်။ ထုတ်ပေးပြီးရင် လျှို့ဝှက်ဆန္ဒပြုခန်းကို သွားရမယ်။ အဲဒီမှာ သူကတံဆိပ်တုံး ထုရမယ်။ တံဆိပ်တုံး ထုပြီးတာနဲ့ သေချာပြီဆိုရင် လက်မှာခေါက်ပြီး မဲပုံးထဲကို ထည့်ရမယ်။ အဲဒီလိုပဲ ပြည်သူ့လွှတ်တော်ပြီးပြီဆိုရင် အမျိုးသားလွှတ်တော်ကို သွားရမယ်။ အမျိုးသားလွှတ်တော်မှာလည်း ရှေ့မှာလုပ်သွားတဲ့ အတိုင်းပဲ အဆင့်ဆင့် မဲစာရင်း စစ်ဆေးသူ ရှိမယ်။ မဲလက်မှတ် ထုတ်ပေးသူရှိမယ်။ နောက်ပြီးတော့ ဆန္ဒပြုခန်းသွားမယ်။ တံဆိပ်တုံးထုမယ်။ နောက်ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ဆိုတဲ့ မဲပုံးရှိမယ်။ အဲဒီလိုပဲ ထပ်ပြီးတော့ သွားရမယ်။ ရှေ့ကအဆင့် အတိုင်းပဲ မဲစာရင်းစစ်ဆေး၊ မဲလက်မှတ်ထုတ်၊ မဲဆန္ဒပြုရမယ်။ နောက်တစ်ခုက တိုင်းရင်းသားလူမျိုးတွေအတွက် လွှတ်တော်ပေါ့။ တစ်ခုရှိတာက ရန်ကုန်မှာဆိုရင် ကရင်နဲ့ ရခိုင် တိုင်းရင်းသား လွှတ်တော်အတွက် နေရာတွေရှိတယ်။ ဒီမှာကျတော့ ကရင်လူမျိုး ဖြစ်ခဲ့မယ်ဆိုရင် မဲလေးမဲ ပေးရလိမ့်မယ်။ ရန်ကုန်မှာရှိတဲ့ ဗမာတိုင်းရင်းသားဆိုရင်တော့ မဲသုံးမဲ ပေးရလိမ့်မယ်။ ဒါတွေကိုတော့ သတိထားဖို့လိုတယ်။ မဲပေးတဲ့ဖြစ်စဉ် ပြီးသွားပြီဆိုရင် မဲရုံအဝမှာ မင်သုတ်တဲ့နေရာ ရှိလိမ့်မယ်။ အဲဒီမှာ မင်နှိပ်ရမယ်။ မင်နှိပ်ပြီးတော့ မဲပေးပြီးကြောင်းကို သက်သေအမှတ် အသားပြုရမယ်။ မင်သုတ်ပြီးသွားပြီဆိုရင် မဲပေးတဲ့ဖြစ်စဉ် ပြီးသွားပြီ။ အဲဒါလေးတွေ အဓိက အရေးကြီးပါတယ်။ ထပ်ပြီးတော့ ပြောချင်တာက မဲလက်မှတ်ထုတ်တဲ့အခါ အရေးကြီးတာက မဲလက်မှတ် ယူရာမှာ မဲ လက်မှတ်ပြဲနေတာ၊ မဲလက်မှတ်မှာ မဲရုံမှူး လက်မှတ်မပါတာတို့၊ မဲလက်မှတ်မှာ အစွန်းအထင်း ဖြစ်နေတာတို့ကို မဲဆန္ဒရှင်တွေက သေချာစစ်ဆေးဖို့ လိုတယ်။ ဘာလို့လဲဆိုရင် အဲဒါတွေက ပယ်မဲ ဖြစ်သွားနိုင်တဲ့ အဆင့်ရှိတယ်။ မဲပေးပြီးမှပဲ ကိုယ့်ရဲ့လက်မှတ်မှာ မဲရုံမှူး လက်မှတ်မပါတာတို့၊ အစွန်းအထင်း ဖြစ်နေတာတို့ တွေ့ရပြီဆိုရင် မဲလဲ ခွင့်မရှိတော့ဘူး။ အဲဒီတော့ မဲလက်မှတ် ထုတ်တဲ့အချိန်မှာ သေချာ ပြန်စစ်ဆေးဖို့လိုတယ်။ အဲဒါလေးတွေကို မဲဆန္ဒရှင်တွေ သတိပြုဖို့လိုတယ်။ ကိုယ့်ရဲ့ မဲတစ်ပြားက ပယ်မဲမဖြစ် သွားဖို့အတွက် အရေးကြီးတယ်။ နောက်တစ်ခုရှိတာက လက်ရှိမှာ မဲဆန္ဒရှင်တွေကို မဲပေးတဲ့ဖြစ်စဉ်မှာ တံဆိပ်တုံးကို အစမ်းထုဖို့အတွက် လုပ်ပေးထားမယ်လို့ ပြောထားတယ်။ အဲဒါကို ပယ်မဲမဖြစ်အောင်လည်း တံဆိပ်တုံးကို အစမ်းထုကြည့်ခြင်းအားဖြင့် မဲပေးတဲ့အခါ ကောင်းကောင်းမွန်မွန်လေး ပေးနိုင်မယ်ပေါ့။                            

Most Read

Most Recent