အနုပညာ လောက အတွင်းသို့ ရောင်စုံ ပန်းကလေးများနှင့် အလားသဏ္ဌာန် တူသည့် လူငယ် မျိုးဆက်သစ် အနုပညာရှင်လေးများစွာက တိုးဝင် လျှောက်လှမ်းနေကြသည်။ ယုံကြည်ချက်ကို စွဲကိုင်၍ ပရိသတ် အသိအမှတ်ပြု အားပေးသူများ ဖြစ်ရန် လျှောက်လှမ်း နေကြသူများတွင် တီဗွီကြော်ငြာများ၊ အလှဓာတ်ပုံများနှင့် ပရိသတ် သတိထား မိလာသူက မော်ဒယ် မိုမိုကိုပင် ဖြစ်သည်။ ဖက်ရှင် စင်မြင့်ထက်တွင် လှပသော မော်ဒယ် တစ်ဦးအဖြစ်၊ တီဗွီ ကြော်ငြာများတွင် ဆွဲဆောင်မှုရှိသော ကြော်ငြာ သရုပ်ဆောင် တစ်ဦးအဖြစ် တွေ့မြင်ရသော မိုမိုကိုနှင့် တွေ့ဆုံဖြစ်သည့် အခိုက် မေးမြန်းဖြစ်သမျှမှာ . .
မေး- အနုပညာ အလုပ်တွေ စလုပ် ဖြစ်ခဲ့ပုံလေး အရင် ပြောပြပေးပါဦး။
ဖြေ- စလုပ်ဖြစ်တာကတော့ ၂၀၁၁ လောက်က စလုပ်ဖြစ်ခဲ့တာပါ။ ပြိုင်ပွဲ တစ်ခုမှာ ဝင်ပြိုင်ဖြစ်ခဲ့တာ။ ဒါပေမဲ့ ကျောင်း စာမေးပွဲတွေ ဖြေနေရတာနဲ့ ဆက်မလုပ် ဖြစ်ခဲ့ဘူး။ ကျန်းမာရေးလည်း သိပ်မကောင်းတဲ့ အခါကျတော့ နားဖြစ်သွားတာ။ သေချာ ပြန်လုပ်ဖြစ်တာကတော့ ၂၀၁၃ လောက်မှာပါ။ အဲဒီမှာ Now Magazine က ကာဗာဓာတ်ပုံ အပါအဝင် အခြားကဏ္ဍတွေမှာ ပါဝင်ဖြစ်တယ်။ ပြီးတော့ ဆရာ ဦးမိုးမင်းကလည်း ဓာတ်ပုံ တွေ ခေါ်ရိုက်ပေးတယ်။ အဲဒီ မဂ္ဂဇင်း ဂျာနယ် အလှပုံတွေက တစ်ဆင့်ပဲ ပရိသတ်တွေ စသိလာတာပါ။ နောက် တော့ တီဗွီကြော်ငြာတွေ စရိုက်ဖြစ်တော့ ပရိသတ် ပိုပြီးသိသွားတယ်လို့ ထင်ပါတယ်။
မေး- ကြော်ငြာမှာ ဆိုရင်ရော ဘယ်ကြော်ငြာမှာ ပရိသတ်က ပိုသိသွားတယ်လို့ ထင်လဲ။
ဖြေ- ကြော်ငြာမှာဆိုရင်တော့ Sunkist အချိုရည် ကြော်ငြာက မိုမို တစ်ယောက်တည်း ရိုက်ရတာဆိုတော့ ပရိသတ် ပိုသိတယ်လို့ ထင်ပါတယ်။ တခြား ကြော်ငြာတွေမှာလည်း ပရိသတ်တွေက မှတ်မိကြပါတယ်။ အရင်မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ပါတုန်းက ပရိသတ် သိတယ် ဆိုပေမယ့် ကြော်ငြာကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပျံ့နှံ့တဲ့အခါကျတော့ ပိုပြီး သိသွားတယ်လို့ ဆိုရမှာပါ။
မေး- ကြော်ငြာ သရုပ်ဆောင် မော်ဒယ်အဖြစ် ပရိသတ် သိနေပြီဆိုတော့ သရုပ်ဆောင် လိုင်းဘက် ကူးဖြစ်မှာ လား။
ဖြေ- အခွင့်အရေး ရရင်တော့ လုပ်ချင်ပါတယ်။ မိုမိုက အသစ် တစ်ယောက် ဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ရင် အများကြီး လိုအပ်ချက်တွေ ရှိနေနိုင်ပါတယ်။ အဲဒါတွေကို နားလည်ပေးပြီး သင်ပြပေးမယ့်သူ တွေနဲ့ ကြုံတွေ့ခွင့် ရမယ်ဆိုရင် သရုပ်ဆောင် တစ်ယောက် ဖြစ်လာအောင် ကြိုးစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ မိုမို အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစား ကြည့်ချင်ပါတယ်။
မေး- ကြိုးစားနေတဲ့ လူငယ် အနုပညာရှင် တစ်ယောက်အတွက် ပရိသတ် အသိအမှတ်ပြုတဲ့ နေရာ တစ်နေရာရဖို့ဆိုရင် ဘာတွေ လိုအပ်မယ်လို့ ထင်လဲ။
ဖြေ- ကြိုးစားချင်စိတ်က အဓိကပါပဲ။ ဆရာသမား တွေက သင်ပေးတာကို လိုက်နာနိုင်ဖို့ လိုအပ်ပါမယ်။ မိုမိုကို ပရိသတ် အနည်းစုပဲ သိစေကာမူ နာမည်ကောင်းလေးနဲ့ စိတ်သန့်သန့်လေးနဲ့ ရှင်သန် ရပ်တည် သွားချင်ပါတယ်။ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ဆရာတွေကို ပြန်ပြီး ကျေးဇူးမသိတတ်တဲ့ လုပ်ရပ်မျိုး တွေကိုလည်း မလုပ်ချင်ပါဘူး။ အဲဒီလို အခြေခံ စိတ်လေးတွေနဲ့ပဲ အကောင်းဆုံး ကြိုးစားနေထိုင် သွားချင်ပါတယ်။
မေး- အသစ် တစ်ယောက်အဖြစ် ကြိုးစားရတဲ့ အချိန်မှာ ကြုံရတဲ့ အဓိက အခက်အခဲတွေက ဘာတွေဖြစ်မလဲ။
ဖြေ- အဓိကတော့ ကင်မရာ မကြည့်တတ်တာ၊ ကင်မရာ ကြောက်တာတွေပါ။ အဲဒါတွေကတော့ အတွေ့အကြုံ မရှိတဲ့သူ တစ်ယောက်အတွက် တော်တော် ခက်ခဲပါတယ်။ မော်ဒယ် တစ်ယောက်အဖြစ် ရပ်တည်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် Confidence ရှိဖို့ လိုအပ်ပါမယ်။ ငါကြိုးစားနိုင်တယ်၊ ကောင်းကောင်း လုပ်နိုင်တယ် ဆိုတာမျိုး စိတ်ထဲမှာ သွင်းပြီး ကြိုးစားခဲ့ရပါတယ်။ တခြား အခက်အခဲတွေလည်း အများကြီးတော့ ရှိပါတယ်။ ဒါပေမဲ့ ကိုယ် ဝါသနာပါတဲ့ အလုပ်ကို အကောင်းဆုံး ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ ဖြတ်သန်း ဖြစ်ခဲ့တာပါ။
မေး- နိုင်ငံတကာကို မြန်မာကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရမယ့် Miss ပြိုင်ပွဲတွေရော ဝင်ဖို့ရှိလား။
ဖြေ- မိုမိုက အရပ်ငါးပေ ငါးလက်မလောက်ပဲ ရှိပါတယ်။ ဒါကြောင့် သိပ် အဆင်ပြေမယ် မထင်ဘူး။ တကယ်တော့ မိုမိုလည်း အရမ်း ပြိုင်ချင်ပါတယ်။ ပြီးတော့ ဗဟုသုတနဲ့ ပတ်သက်ရင်လည်း ကိုယ်က သေးသေးလေးပဲသိ ပြီး နိုင်ငံတကာမှာ တကယ်တမ်း မြန်မာခေါင်းစဉ်နဲ့ သွားပြိုင်ရမှာမျိုး မဖြစ်ချင်ပါဘူး။ ဘာသာစကား စွမ်းရည်အပါအဝင် စွမ်းရည်တွေ အများကြီး ပြည့်စုံနေမှ ဖြစ်မှာလေ။ စံပြတစ်ယောက် မဟုတ်ဘဲနဲ့တော့ နိုင်ငံတကာမှာ မျက်နှာငယ်ရမှာမျိုး မဖြစ်ချင်ဘူး။ ဒါကြောင့် ဝင်မပြိုင်ဖြစ်တာပါ။
မေး- လတ်တလော အနုပညာ လှုပ်ရှားမှုရော ဘာတွေ လုပ်ဖြစ်ဖို့ရှိမလဲ။
ဖြေ- လတ်တလော ကတော့ ကြော်ငြာ ရိုက်ထားတာတွေ အသစ် လွှင့်ဖို့ရှိပါတယ်။ နောက်ထပ် အသစ် သုံးခုလောက်လည်း ထပ်ရိုက်ဖို့ရှိတယ်။ အခုက Calender ရာသီဆိုတော့ Calender ရိုက်ဖို့ လက်ခံ ထားတာတွေလည်း ရှိတယ်။ ဂျာနယ် မဂ္ဂဇင်းတွေအတွက် ကာဗာပုံတွေ ရိုက်ပေးဖို့လည်း ရှိပါတယ်။ ပွင့်လင်း ရာသီဆိုတော့ မော်ဒယ်ရှိုးတွေလည်း လျှောက်ဖို့ရှိတယ်။ မင်္ဂလာဝတ်စုံ ပြပွဲတွေမှာလည်း လျှောက်ဖြစ်ပါတယ်။ ထပ်ပြီး ကမ်းလှမ်း ထားတာတွေလည်း ရှိပါတယ်။
မေး- ပရိသတ်တွေကို ပြောချင်တဲ့ စကားလက်ဆောင်များ ရှိသေးလား။
ဖြေ- မိုမိုက အနုပညာ လောကထဲက အသစ်တစ်ယောက် ဖြစ်တဲ့အတွက် ပရိသတ်တွေ အတွက်ဆိုရင် နည်းနေဦးမှာပါ။ လူသား အားလုံးအတွက် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်း ပေးချင်ပါတယ်။