ပက်ထရစ်ရှာနှင့် တွေ့ဆုံခြင်း

ပက်ထရစ်ရှာနှင့် တွေ့ဆုံခြင်း
Published 29 September 2015
လင်းလင်းခိုင်

ဆယ်ကျော်သက် မော်ဒယ် သရုပ်ဆောင်များစွာ ပေါ်ထွက်လာသည့် အထဲတွင် ၂၀၁၅ ခုနှစ်အတွင်း ရုပ်ရှင်၊ ဗီဒီယိုနှင့် ကြော်ငြာများစွာ လက်ခံ ရိုက်ကူးခွင့် ရရှိလာသူ တစ်ဦးမှာ ပက်ထရစ်ရှာ ဖြစ်သည်။ လတ်တလောတွင် ၎င်းပါဝင်ထားသည့် ဗီဒီယို ဇာတ်ကားများ စတင် ထွက်ရှိလာကာ ပရိသတ် အသိအမှတ်ပြု လက်ခံမှုကို ရရှိနေသူ ဖြစ်သည်။ ဆီဒိုးနား ဟိုတယ် မင်္ဂလာဝတ်စုံ ပြပွဲတွင် ပါဝင်ခဲ့သည့် သရုပ်ဆောင် ပက်ထရစ်ရှာနှင့် တွေ့ဆုံ၍ သရုပ်ဆောင် တစ်ဦးအဖြစ် အတွေ့အကြုံများနှင့် ရှေ့ဆက် လုပ်ဆောင်မည့် အနုပညာ လှုပ်ရှားမှုများကို မေးမြန်းဖြစ်ခဲ့ရာ...             
မေး- ပက်ထရစ်ရှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေ ထွက်လာပြီဆိုတော့ ပရိသတ်ရဲ့တုံ့ပြန်မှုက ဘာတွေ ကြားရလဲ။
ဖြေ- အခု ဇာတ်ကားတွေ စပြီး ထွက်လာတဲ့အချိန်မှာ ပရိသတ်တွေဆီက အားပေးစကားတွေ ကြားရပါတယ်။ အသစ်ပေမယ့် အမူအရာ အရမ်းကြီး မကြောင်ဘူး။ သူ့ဘာသာ အဆင်ပြေတယ်။ လုပ်နိုင်တယ်ဆိုပြီး အားပေး ကြပါတယ်။ ပက်ထရစ်ရှာလည်း တကယ်ပြောရရင် အရမ်း စိတ်လှုပ်ရှားပါတယ်။ အသစ် တစ်ယောက်အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ သရုပ်ဆောင် ခဲ့တယ်။ အတူ ပါဝင်ကြတဲ့ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေက အစ တခြား စက်အဖွဲ့သားတွေ အထိ ပက်ထရစ်ရှာကို ကူညီကြတယ်။ သင်ပြ ပေးကြတယ်။ လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးကြတယ်။ အခု တကယ်တမ်း ဒီ ဇာတ်ကားတွေ ထွက်လာတဲ့ အချိန်မှာ အဲဒီလို ကြိုးစားခဲ့တာကို ပရိသတ်က အသိအမှတ် ပြုတယ်ဆိုတော့ ဝမ်းသာရပါတယ်။
မေး- အသစ် တစ်ယောက်အနေနဲ့ စစချင်း ထွက်တဲ့ ဇာတ်ကားလေးတွေ တာထွက် ကောင်းခဲ့တယ် ဆိုတော့ နောက်ကားတွေ အတွက် ပိုပြီး တာဝန်ကြီးမလား။
ဖြေ- ဟုတ်။ တာဝန်ကြီးတယ် ဆိုတာထက် ပိုပြီး ကြိုးစားရတော့မယ်လို့ပဲ ခံယူထားတယ်။ ကိုယ်ဝါသနာပါလို့ လုပ်မယ်လို့ ခံယူပြီး လုပ် ဖြစ်တဲ့အလုပ်ကို အကောင်းဆုံးပဲ ဖြစ်အောင်  ကြိုးစားပြီး လုပ်ချင်တယ်။ ပက်ထရစ်ရှာက အနုပညာ အလုပ်တွေကို ဝါသနာလည်းပါတယ်။ တကယ်လည်း ချစ်တယ်။ ဒါကြောင့် ရှေ့ဆက်ပြီး အကောင်းဆုံး ကြိုးစားမှာပါ။
မေး- မော်ဒယ် တစ်ယောက် အဖြစ်ကနေ သရုပ်ဆောင် တစ်ယောက်အဖြစ် ကူးပြောင်း လာပြီဆိုတော့ အဲဒီနှစ်ခုရဲ့ အဓိက ကွာခြားချက်ကရော ဘာတွေဖြစ်မလဲ။
ဖြေ- ကွာခြားချက်တွေက အများကြီးပါပဲ။ မော်ဒယ် ဆိုတာကတော့ စင်မြင့်ထက်မှာ စမတ် ကျအောင်နေရတယ်။ ကိုယ်လျှောက်ရတဲ့ ဖက်ရှင်ရှိုးအတွက် အလိုက်ဖက်ဆုံး ဖြစ်အောင် ကြိုးစားရတာဆိုတော့ ကိုယ့်တစ်ယောက်တည်းနဲ့ပဲ ရာခိုင်နှုန်း အများစု ဆိုင်ပါတယ်။ ရုပ်ရှင် ရိုက်တာကတော့ အများနဲ့ စုပေါင်း လုပ်ရတဲ့အလုပ်ပါ။ တစ်ဦး တစ်ယောက်တည်း ကောင်းလို့မရသလို အများက ညီညီညွတ်ညွတ်နဲ့ ကြိုးစားလုပ်မှလည်း ရလဒ် ကောင်းနိုင်တာမျိုးပါ။ ကိုယ့်ကြောင့် အများစုက နှောင့်နှေးတာမျိုး၊ အခက်အခဲ ဖြစ်တာမျိုးတွေ မဖြစ်အောင် ပက်ထရစ်ရှာတော့ အတတ်နိုင်ဆုံး ကြိုးစားပါတယ်။
မေး- ဇာတ်ကား ရိုက်ကူးမှုလည်း များလာပြီဆိုတော့ ရိုက်ကူး ပြီးသလောက် ရလဒ်တွေကို ဘယ်လိုမြင်လဲ။
ဖြေ- ရိုက်နေတုန်းမှာ ဒီဇာတ်ကားလေးကို အားရတယ်လို့ ထင်နေပေမယ့် တကယ်တမ်း  ရိုက်ကူး ပြီးသွားတဲ့အခါကျရင် လိုအပ်ချက်တွေ အများကြီး ရှိနေဆဲပါပဲ။ ဇာတ်ကားရိုက် အတွေ့အကြုံ များလာတာနဲ့အမျှ လိုအပ်ချက်တွေ၊ သင်ယူရတာတွေ ပိုတွေ့လာတယ်။ မသိတာ မတတ်တာ အပေါ် လေ့လာ ဆည်းပူးမှုတွေလည်း ပိုရလာတယ်လို့ ထင်ပါတယ်။  အရင် ဇာတ်ကားမှာ ကောင်းတယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းတော့ ဘာတွေ လိုအပ် နေသေးတယ်ဆိုတာ သိသိလာတယ်။ သရုပ်ဆောင် အသစ် တစ်ယောက်ဖြစ်တဲ့အတွက် လိုအပ်ချက်တွေ အများကြီး ရှိပါသေးတယ်။
မေး- ဇာတ်ကား ရိုက်ကူးမှု ရွေးချယ်ရာမှာ ဘယ်အချက်တွေကို အဓိက ရွေးဖြစ်လဲ။
ဖြေ- မင်းသားကို အဓိက ကြည့်ဖြစ်တယ်။ ဇာတ်လမ်းကိုလည်း ကြည့်တယ်။  ဇာတ်ကောင် စရိုက်ကိုလည်း ကြည့်ဖြစ်ပါတယ်။ ဇာတ်ကား များရင်ပြီးရော မလုပ်ဖြစ်ပါဘူး။ တစ်ကားဆိုတစ်ကား ပရိသတ်ကြိုက်ပြီး အမှတ် တရ ဖြစ်နိုင်မယ့် ဇာတ်ကားမျိုးပဲ ရွေးပြီး ရိုက်ဖြစ်တာ များတယ်။ ကိုယ့်လုပ်ကွက်လည်း ရှိတဲ့ ဇာတ်ကားမျိုးတွေ ရွေးပြီး လက်ခံဖြစ်တယ်။
မေး- ၂၀၁၅ မှာ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ခွင့်ရသလို ရုပ်ရှင်ကားကြီးလည်း ရိုက်ဖြစ်တဲ့ အခါကျတော့ ၂၀၁၅က ကျေနပ်စရာ နှစ်တစ်နှစ်လို့ ပြောလို့ရမလား။
ဖြေ- ပြောလို့ရတယ်။ ကားကြီးတွေရော ဗီဒီယို ကားတွေပါ ဆက်တိုက် ရိုက်ခွင့်ရတယ်ဆိုတော့ ၂၀၁၅ က ညီမအတွက် အနုပညာ ခြေလှမ်းတွေ စတင် တိုးတက်လာတဲ့ နှစ်ပေါ့။ ညီမ ဝါသနာပါတဲ့ အလုပ်ကို လုပ်ခွင့်ရတဲ့ နှစ်ပေါ့။
မေး-လူငယ် အနုပညာရှင် တစ်ယောက်အနေနဲ့ လက်ကိုင်ထားတဲ့ ခံယူချက် ဆိုရင်ရော။
ဖြေ- ဘယ်အလုပ်မဆို ကံ၊ ဉာဏ်၊ ဝီရိယ သုံးခုလုံး ပြည့်စုံမှ အောင်မြင်မှာပါ။ ညီမလည်း ယုံကြည်လို့ ရွေးချယ်ထားတဲ့ အလုပ်တစ်ခုကို အကောင်းဆုံး ကြိုးစားသလို ကံ၊ ဉာဏ်၊ ဝီရိယ သုံးခုလုံးနဲ့ ပြည့်စုံအောင်လည်း ကြိုးစားပါတယ်။ ကြိုးစားတဲ့ သူအတွက် နေရာ တစ်နေရာဆိုတာ အမြဲတမ်း ရှိနေတယ်လို့ ခံယူထားပါတယ်။
မေး- လတ်တလော အနုပညာ လှုပ်ရှားမှုတွေရော ဘာတွေလုပ်ဖြစ်နေလဲ။
ဖြေ- လတ်တလောကတော့ ဆီဒိုးနားဟိုတယ်က Wedding Fair မှာ ပါဝင် ဖြစ်ပါတယ်။ ဇာတ်ကား ရိုက်ဖို့ လက်ခံထားတာတွေ ရှိပါတယ်။ ကားကြီးရိုက်ဖို့ ပြောထားတာတွေလည်း ရှိတယ်။ ကြော်ငြာ ရိုက်ဖို့လည်း ရှိပါမယ်။

Most Read

Most Recent