မေး - ၂၀၀၇ခုနှစ်၊ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာတော် တွေနဲ့အတူ နိုင်ငံခြား သတင်းထောက် တစ်ယောက် အနေနဲ့ မြင်ခဲ့၊ တွေ့ခဲ့၊ ကြုံခဲ့တာတွေ သိချင်ပါတယ်။
ဖြေ - ကျွန်တော်လေ ဒီအကြောင်းတွေကို ပြန်မပြောချင်တော့ဘူး။ အဲဒီအချိန်က မြင်ခဲ့၊ တွေ့ခဲ့၊ ကြုံခဲ့တာတွေကို ပြန် သတိမရ ချင်တော့ဘူးဗျာ။ ဒါပေမဲ့ မေ့ပျောက်လို့မှ မရတာပဲ။ သမိုင်း အမည်းစက်၊ သမိုင်းဆိုးကြီးပဲဗျာ။ ဆရာတော်တွေ၊ သံဃာတော်တွေက ပြည်သူတွေအတွက် ပေးဆပ်ခဲ့ရတာ တန်ဖိုး ကြီးမားလွန်းတယ်။ ဒီ ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင် တော်လှန်ရေးဆိုတာ ကမ္ဘာကျော် ခဲ့တဲ့ အဖြစ်အပျက်ကြီး တစ်ခုပဲ၊ တိုင်းပြည်နဲ့ ပြည်သူတွေဟာ ဒုက္ခမျိုးစုံ၊ အခက်အခဲမျိုးစုံ ဆင်းရဲမှုဒဏ် ခံနေရတယ်။ သယံဇာတ မြေပေါ်မြေအောက် ပေါကြွယ်ဝတဲ့ ဒီတိုင်းပြည်မှာ ပြည်သူတွေဟာ အရမ်းဆင်းရဲ နေကြတာကို မကြည့်ရက်၊ မမြင်ရက်တဲ့ ရဟန်း သံဃာတွေက ဘေးဒုက္ခအန္တရာယ်က ကင်းဝေးအောင် မေတ္တာပို့ ပရိတ်ရွတ်ကြတာပါ။ မိုးတွေက တအား ရွာနေတယ်။ နေပူ ပြန်တော့လည်း ခြစ်ခြစ်တောက် ပူတယ်။ ရဟန်း သံဃာတွေဟာ ဖိနပ်မစီးဘဲ ကတ္တရာလမ်းပေါ်မှာ လမ်းလျှောက်ကြရတာ။
မေး - အဲဒီ ရွှေဝါရောင် တော်လှန်ရေးကို ဘယ်မြို့ဘယ်ဒေသက စတင်ခဲ့တာလဲ။
ဖြေ - ပထမဆုံး စခဲ့တာက ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒုတိယ ဝါဆိုလမှာ စခဲ့တာဗျ၊ အဲဒီ နောက် မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဖြစ်ခဲ့တာ ပခုက္ကူမြို့မှာ ဆန္ဒ ဖော်ထုတ်တဲ့ ရဟန်း သံဃာတွေကို အာဏာပိုင် အဖွဲ့အစည်းတွေက ဖမ်းဆီး ရိုက်နှက်ပြီး၊ သံဃာတွေကို ဓာတ်တိုင်မှာ ကြိုးနဲ့ချည်တုပ်ပြီး သေနတ်ဒင်နဲ့ ဆောင့် တုတ်တွေနဲ့ ဝိုင်းရိုက်ကြတာ အဲဒီ သတင်းကို မြင်ရကြားရတဲ့အခါ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ရဟန်းသံဃာတွေ၊ ပြည်သူတွေ မခံမရပ်နိုင်တော့ဘဲ သိပ်ကို ကြီးကျယ်သွားတဲ့ ဆန္ဒ ဖော်ထုတ်မှုကြီး ဖြစ်လာတော့တာပါပဲဗျာ။
မေး - ကိုခင်မောင်ဝင်းက နိုင်ငံခြား သတင်းဌာနက သတင်းထောက် ဆိုတော့ ဘယ်လိုတွေ ဆောင်ရွက်ခဲ့ ပါသလဲ။
ဖြေ - ကျွန်တော် အဲဒီအချိန်မှာ ပြင်သစ်နိုင်ငံ က AFP သတင်းထောက် လုပ်နေပါတယ်။ ပခုက္ကူမြို့မှာ အဲဒီလို ဖြစ်နေတာတွေ သိရတော့ ရန်ကုန်မြို့မှာလည်း ဖြစ်လာတော့မယ် ဆိုတာ သတင်းသမားအသိနဲ့ သိနေတယ်။ သိမ်ဖြူလမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်းက ဆွမ်းစားပြီးချိန် နေ့ခင်းတစ်နာရီလောက်မှာ ရဟန်း၊ သံဃာ အပါးတစ်ရာလောက် ရှိမှာပေါ့။ သိမ်ဖြူလမ်းကနေ ရွှေတိဂုံ ဘုရားလမ်းဘက် လျှောက်လာကြတာ ကျွန်တော်ကတော့ ကိုယ့်အလုပ်တာဝန်နဲ့ မှတ်တမ်းဓာတ်ပုံတွေ လိုက်ရိုက်တာပေါ့။ စစ်ဒေသကလည်း တား တာပေါ့။ အဲဒီက ဆက်လာတော့ ဆူးလေ ဘုရားလမ်းက ထရိတ်ဒါး ဟိုတယ်ရှေ့ ရောက်လာတယ်။ အဲဒီနေရာမှာ အရင်စစ် အစိုးရက လက်သပ်မွေးထားတဲ့ စွမ်းအားရှင် ဆိုတဲ့ ဂျပိုး၊ သူခိုး၊ လူမိုက်၊ လူရမ်းကားတွေက ဒိုင်နာကား တွေပေါ်ကနေ တုတ်တွေကိုင် ဆင်းလာပြီး ကျွန်တော်တို့ သတင်းထောက် တွေရဲ့ ကင်မရာတွေ ဝင်လုတယ်။ လည်ပင်းတွေကို ညှစ်တယ်။ အခုခေတ် စွမ်းအားရှင်တွေရဲ့ အစပေါ့လေ။ ကျွန်တော့် သူငယ်ချင်း အပေါင်းအသင်း သတင်းသမားတွေရဲ့ ကင်မရာတွေ ပါသွားတယ်။ ကျွန်တော်ကတော့ တပည့် နှစ်ယောက်၊ သုံးယောက်နဲ့ လာလုရင် ပြန်ရိုက်မယ်ဆိုပြီး စောင့်နေတာ ဘုန်းကြီးတွေက ကျွန်တော်တို့ကို စောင့်ရှောက်ပါတယ်။
မေး - ဆူးလေ ဘုရားကနေ ဘယ်နေရာ တွေကို ဆက်ပြီး လိုက်သွားခဲ့သေးလဲ။
ဖြေ - ရန်ကုန်မြို့မှာ အဲဒီနေ့က ပထမဦးဆုံး စခဲ့တာပဲလေ၊ မြို့လယ်ကောင် ဆူးလေဘုရားကို ရောက်ပြီး ဗိုလ်တထောင် ဘုရားဘက် ဆက်လျှောက်ကြတာပေါ့။ မိုးတွေကလည်း အရမ်းရွာနေတာ ကားလမ်းပေါ်မှာ ရေတွေက ဒူးလောက်မြုပ်တယ်။ ဗိုလ်တထောင် ဘုရားရောက်ပြီး ဘုရားမှာ ဝတ်ပြုပြီး ညနေစောင်းမှာ ကိုယ့်ကျောင်း ကိုယ်ပြန် ကြွသွား ကြတယ်။ အဲဒီနေ့ တစ်ရက်တည်းနဲ့ ပြီးသွားတာ မဟုတ်ဘူး။ နောက်ရက်တွေမှာလည်း ရန်ကုန်မြို့မှာ သံဃာတွေများတော့ မေတ္တာပို့ဖို့ ထွက်လာကြရော၊ ကျွန်တော်တို့လည်း အလုပ်အတွက် ဓာတ်ပုံ လိုက်ရိုက်တဲ့အခါ အခက်အခဲ ဖြစ်လာတယ်။ ဘယ်လိုလဲဆိုတော့ သံဃာတော်တွေ ကလည်း သူတို့ ဓာတ်ပုံတွေ ပါသွားရင် အဖမ်းခံရမှာ ကြောက်တာပေါ့။ အာဏာပိုင် အစိုးရ အဖွဲ့အစည်းတွေ ဘက်ကလည်း ကျွန်တော်တို့တွေကို ငပွေးတွေလို့ သတ်မှတ်တာပေါ့။ ဒီနိုင်ငံမှာ ဒီလိုတွေ အမှန်တကယ် ဖြစ်နေတာကို နိုင်ငံခြားက မသိစေချင်ဘူးလေ။ ကျွန်တော်တို့ကို အစာမကြေဘူး။ မကျေနပ်ဖူးပေါ့ဗျာ။ ကိုယ်လည်း ပြေးလွှားပြီး ဓာတ်ပုံရိုက်နေရတာ။
မေး - ဓာတ်ပုံရိုက်ဖို့ အဲဒီလို အခက်အခဲတွေ ဖြစ်တော့ ဘယ်လို အဆင်ပြေအောင် လုပ်ရသလဲ။
ဖြေ - ကျွန်တော်က ဘုန်းကြီးကျောင်းမှာ နေခဲ့ဖူးတာဆိုတော့ ရဟန်း၊ သံဃာတွေ အကြောင်းသိတယ်လေ။ ဒီလိုချည်းပဲ ရိုက်နေလို့တော့ မဖြစ်ဘူး။ တရားဝင် ရိုက်လို့ရအောင် ဦးခိုက် လျှောက်ထားမှ ဖြစ်မယ်ဆိုပြီး တောင်ဥက္ကလာပမြို့နယ်က ငွေကြာရံ ဘုန်းကြီးကျောင်းကို သွားတယ်။ အဲဒီအချိန် သံဃာတွေက မေတ္တာပို့ရင်း လျှောက်လာကြတာနဲ့ ဆုံပြီး ဦးချ ကန်တော့ပြီး အကျိုးအကြောင်း လျှောက်ထားရတာပေါ့။ ရှေ့ဆုံးက ဆရာတော်ကို တပည့်တော်တို့က နိုင်ငံခြားသတင်းဌာနက သတင်းထောက်တွေပါလို့၊ တပည့်တော်က ဓာတ်ပုံ သတင်းထောက်ပါ။ နောက်သူငယ်ချင်းက ဗီဒီယို ကင်မရာသမားပါလို့၊ အခု မြန်မာပြည်မှာ ဒီလိုတွေ ဖြစ်နေတာကို မြန်မာ ပြည်သူတွေတင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက စောင့်ကြည့် နေကြပါတယ် ဘုရား။ ဒါကြောင့် တပည့်တော်တို့ကို တရားဝင် ရိုက်ခွင့်ပြုပါဘုရား။ အရှင်ဘုရား တို့လည်း စိုးရိမ်နေကြရပြီး၊ တပည့်တော်တို့လည်း ခိုးကြောင်း ခိုးဝှက် ရိုက်နေရတာ မသင့်တော်ပါဘူး ဘုရားလို့ လျှောက်ထားတော့၊ အေး အဲဒီလိုဆို မင်းတို့ရဲ့အိုင်ဒီကဒ်တွေ ပြဆိုတော့၊ ထုတ်ပြတဲ့ အခါ အေး ဟုတ်ပြီ ဆိုပြီး ခွင့်ပြုပါတယ်။ ငါ့ ဘွဲ့အမည်ကို ပြောပြတဲ့။ မှာလိုက်သေးတယ်။ မင်းတို့ အိုင်ဒီကဒ်တွေကို ဆွဲထားတဲ့။ အဲဒီလိုနဲ့ အဲဒီဆရာတော်၊ သံဃာတော်တွေနဲ့ အတူလိုက်ပြီး မေတ္တာပို့ ဆုတောင်းတာတွေ လိုက်မှတ်တမ်း ရိုက်ပေါ့။ လူထုကြီးကလည်း ဘေးက အအေးတွေ၊ ရေသန့်ဘူးတွေ၊ ဆေးဝါးတွေ ကပ်လှူကြ၊ ကန်တော့ကြပေါ့။ လူထုကြီးကလည်း ဘေးက စောင့်ရှောက် ကူညီ ဝန်းရံပြီး လိုက်ပါလာကြတာ ကြောက်ခမန်းလိလိပဲ၊ မိုးတွေကလည်း အရမ်းရွာတော့ သင်္ကန်းတွေ စိုရွှဲပြီး ခိုက်ခိုက်တုန်အောင် ချမ်းတာပေါ့။ အဲဒီလို မြင်တွေ့ခဲ့ရတာ စိတ်မကောင်းဘူး။ ဒီမြင်ကွင်းဟာ ခုချိန်ထိ ပြန်မြင်ယောင်နေဆဲပဲဗျာ၊ ကျွန်တော်ကလည်း ကိုယ့် AFP သတင်းဌာနကို ပုံတွေ ပို့ရတာပေါ့။ အင်တာနက်ဆိုင်တွေက ကလေးတွေကလည်း အားတက်သရော စိတ်ဓာတ်နဲ့ ကူညီပေးကြတယ်။ အဲဒီအချိန်က အင်တာနက်တွေက ကောင်းနေသေးတယ်။ နှစ်ရက်၊ သုံးရက်လောက် အဲဒီလိုပဲ လိုက်ပြီးနေတယ်။ စုရပ်ကတော့ ရွှေတိဂုံဘုရား အရှေ့ဘက် ကြေးသွန်းဘုရားကြီးမှာပေါ့၊ နေ့ခင်း ဆွမ်းစားပြီးချိန်လောက် နေ့လယ် တစ်နာရီလောက်မှာ စုကြတယ်။
မေး - အဲဒီ ကြေးသွန်းဘုရားကြီးမှာ စုပြီး ဘယ်လိုတွေ ဆက်လုပ်ကြသလဲ။
ဖြေ - အဲဒီမှာ ရွှေတိဂုံဘုရားကို ဝတ်ပြုပြီး၊ မေတ္တာပို့မယ့် လမ်းကြောင်းတွေအတိုင်း ရန်ကုန် မြို့အနှံ့ ကားလမ်းအတိုင်း ကြွချီကြတယ်။ နောက်သံဃာတွေရဲ့ ကြေညာချက်တွေ ထုတ်တယ်။ ကျွန်တော်လည်း အားလုံး လုပ်ကိုင် ဆောင်ရွက်နေတာကို ဓာတ်ပုံတွေ ရိုက်ပြီးရင် သတင်းဌာနကို ပို့ပေါ့။ တစ်ရက်က အဖြစ် အပျက် တစ်ခုကို ယူကြုံးမရ ဖြစ်ရတယ်။ သံဃာတော်တွေက ရန်ကုန်မြို့ကို အရပ်လေး မျက်နှာခွဲပြီး မြို့နယ်အနှံ့ ကြွချီကြတာမှာ သံဃာတော်တွေ တစ်ဖွဲ့က နေအိမ်မှာ အကျယ်ချုပ် ကျနေတဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကိုသွားပြီး မေတ္တာပို့မယ်ဆိုပြီး သွားကြတယ်။ ကျွန်တော်က ဆူးလေဘုရား ဘက်သွားတဲ့ဘက်ကို လိုက်သွားတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် အိမ်ဘက် လမ်းကြောင်းဘက် ပါမသွားတော့ ကမ္ဘာကို အဲဒီဓာတ်ပုံ မတင်ပြနိုင်ခဲ့တာ ယူကြုံးမရ ဖြစ်ရတယ်။ အဲဒီအချိန်မှာ ဒေါ်စု ဓာတ်ပုံ တစ်ပုံ ရဖို့က မလွယ်ဘူးလေ။ ဒေါ်စုက ခြံပေါက်၀ အထိ အိမ်ထဲက ထွက်လာပြီး သံဃာတော်တွေကို ကန်တော့တယ်။ အဲဒီပုံ ကျွန်တော် မရလိုက်ဘူး။ တစ်ယောက်က ဖုန်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံပဲ တွေ့ရတယ်။ အဲဒီခေတ်က ဖုန်းထဲက ကင်မရာတွေက သိပ်မကောင်းသေးဘူးလေ။
မေး - အဲဒီလို ကျယ်ပြန့် ကြီးမားလာတဲ့ သံဃာနဲ့ ပြည်သူတွေ အတူတကွ မေတ္တာပို့နေတာ ၂၅ ရက်နေ့မှာ ဘာ တွေဖြစ်ကုန်သလဲ။
ဖြေ - အဲဒီ ၂၅ ရက်နေ့မှာ ရန်ကုန် တစ်မြို့လုံးက သံဃာတွေ၊ ကျောင်းတိုက်တွေ အကုန်လုံးလောက် ပါဝင်လာတာ လှိုင်းလုံးကြီးတွေလိုပဲ။ ကမ္ဘာအေး ဘုရားဘက်က သံဃာ့ နာယက အဖွဲ့လည်း သွားလျှောက်ကြမှာပေါ့။ အဲဒီနေ့က အစိုးရလည်း ကြောက်သွားပုံရတယ်။ လူစုလူဝေး မလုပ်ရ။ ဘာညာပေါ့။ ပုဒ်မ(၁၄၄) အမိန့်တွေ ထုတ်တယ်။ ဆရာတော် သံဃာတွေကလည်း (၂၆)ရက်နေ့ မှာ ဆွမ်းစားပြီးရင် ပြန်ဆုံမယ်လို့ ကြေးသွန်းဘုရားကို ချိန်းထားကြတယ်။
မေး - ၂၆ ရက်နေ့မှာ ဘယ်လိုတွေ ဖြစ်ခဲ့ကြသလဲ။
ဖြေ - အဲဒီ ၂၆ရက်နေ့မှာတော့ တကယ့် ပွဲကြီးပွဲကောင်း အကြီးအကျယ်ပဲ ကြေးသွန်းဘုရားကို လုံထိန်း ကားတွေ အများကြီး ရောက်လာပြီး ပွဲကြမ်းတော့တာပဲ။ မျက်ရည်ယို ဗုံးတွေနဲ့ပစ်၊ တုတ်တွေနဲ့ ဝင်ရိုက်တော့ အားလုံး ဝရုန်းသုန်းကားနဲ့ ခြေဦးတည့်ရာ ပြေးရတာပေါ့။ ကျွန်တော်လည်း ဒီလို အတွေ့အကြုံ မရှိတော့ ပြေးရတာပေါ့။ အဝေးကနေ ဖြစ်နေတာကို ဓာတ်ပုံတွေ ရိုက်ပေါ့။ ခိုးကြောင် ခိုးဝှက်နဲ့ ရိုက်ရင်း ပြေးရတာ။ ပြေးရင်း လွှားရင်း အလုံမြို့နယ်ဘက်က သခင်မြ ပန်းခြံဘက် ရောက်သွားတယ်။ အဲဒီရောက်တော့ လမ်း ဟိုဘက် ဒီဘက် ပိတ်ဖမ်းတာပေါ့။ နောက်တစ်ခါ လွတ်အောင် ပြေးရပြန်ရော။ အဲဒီနေ့က ဖမ်းတာ၊ ဆီးတာ မျက်ရည်ယို ဗုံးနဲ့ ပစ်တာ လောက်လုပ်တာပဲ။ အဲဒီညမှာ တောင်ဥက္ကလာပမြို့နယ်က ငွေကြာရံ ဘုန်းကြီး ကျောင်းကို စစ်တပ်က ဝင်စီးတယ်လို့ ကျွန်တော့် သတင်းဌာနက တစ်ယောက် လှမ်းပြောတယ်။ နောက်တစ်နေ့ နံနက် စောစော ငွေ ကြာရံ ဘုန်းကြီးကျောင်း ရောက်တော့ ဖျက်ဆီး ရိုက်ခွဲခဲ့တာ ဖရိုဖရဲ ပွစာ ကျဲနေတာပဲ။ သွေးကွက်တွေလည်း တွေ့ရသေးတယ်။ ကျောင်းဝင်းတံခါးနဲ့၊ အုတ်တိုင်လည်း ပြိုကျနေတယ်။ သတင်း ဓာတ်ပုံတွေ ရိုက်နေတုန်း စစ်ကားတွေ ထပ်ရောက်လာတော့ ကျွန်တော်လည်း ထွက်ပြေးရပြန်ရော။ မြို့ ထဲမှာလည်း ဝိုင်းနေပြီဆိုတော့ မြို့ထဲကို ထွက်လာ ကြတာပေါ့။ ဆူးလေ ကုန်းတံတားနားမှာ ဂျပန် သတင်းထောက် နာဂါအိ သေနတ်မှန်ပြီး သေတာ ကမ္ဘာကျော် သွားတာပေါ့။ သတင်း ရိုက်နေတာ တခြား နိုင်ငံခြားသား အဖြူတွေလည်း ပါတာပဲ။ ဂျပန်သတင်းထောက် နာဂါအီကတော့ မြန်မာပြည်က တရုတ်လူမျိုးနဲ့ ရုပ်ရည်ချင်း ဆင်တယ်။ ဘောင်းဘီတိုနဲ့ဆိုတော့ တရုတ်တန်းက တရုတ်ပဲ ထင်သလားတော့ မသိဘူး။ လူစုခွဲဖို့ ပြောတာကို သူက ဘယ်နားလည်မလဲ။ အနော်ရထာလမ်းမ၊ ၃၃ - လမ်းနဲ့ ဆူးလေ ဘုရားလမ်းကြား ပစိဖိတ် ဓာတ်ပုံဆိုင်ရှေ့မှာ လဲကျပြီး သေသွားတာ။ ရှေ့ကျည်ဆန်လား။ နောက်ကျည်ဆန်လား မသိဘူး။ သူ့ကြောင့် လည်း ကမ္ဘာ့သတင်းမှာ ပိုပြီး သိသွားခဲ့ကြတယ်။ အဲဒီလိုနဲ့ အင်မတန် ကြီးကျယ်တဲ့ သံဃာတော်တွေရဲ့ မေတ္တာပို့ ဆုတောင်းပွဲဟာ ရုပ်ပျက်ဆင်းပျက် ပြီးဆုံးသွားခဲ့တယ်။
မေး - နောက်ရက်တွေမှာကော သတင်းတွေ ပို့လို့ရသေးလား။
ဖြေ - ဟင့်အင်း။ မရတော့ဘူး။ အင်တာနက် လိုင်းတွေ အကုန်ပိတ်ထားတယ်။ ပို့လို့ မရတော့ဘူး။ ဒီတော့ ကျွန်တော့် သတင်းဌာနက ဘန်ကောက်ကနေ လေယာဉ်နဲ့ လာရတယ်။ မနက်လာ၊ ညနေပြန်သွားရတဲ့ သတင်းတွေ ကမ္ဘာအနှံ့ကို သိအောင် လုပ်ရတော့တာပေါ့။ အဲဒီ သတင်းတွေကြောင့် ကျွန်တော့်သတင်း ဌာနက အန္တရာယ် စိုးရိမ်ပြီး ကျွန်တော့်နာမည် တပ်မပေးခဲ့ဘူး။ သတင်းထောက် တွေကိုလည်း စဖမ်းနေပြီ။ ဆရာမ ဒေါ်အေးဝင်းရဲ့ ယောကျ်ား ကိုမင်းဇော်ကို စဖမ်းတယ်။ ကျွန်တော်တို့က တရားဝင် သတင်းဌာန ဆိုပေမဲ့ ဟိုအိမ်၊ ဒီအိမ် ပုန်းလျှိုး အိပ်ရတာ။ ကိုယ့်အိမ် ကိုယ်ပြန်မအိပ်ရဲတော့ဘူး။ ကိုမင်းဇော်က ဂါဒီးယန်း ဦးစိန်ဝင်းရဲ့ သားမက်လေ။ သူက ဂျပန် တိုကျို သတင်းဌာနက နောက် ရက်တွေမှာလဲ ကြိုကြားကြိုကြား ဖြစ်နေတာပဲ။ လူထုကလည်း မကျေနပ်တော့ ဆဲကြတာပေါ့။ အဲဒီတော့ သေနတ်နဲ့ ပြန်ပစ်တယ်။ ကျွန်တော်လည်း ရိုက်ရင်း ပြေးရတာပေါ့။ ရှေ့မှာလဲကျနေတဲ့ ကလေးတစ်ယောက်ကို ရှောင်ရင်း ချော်လဲကျသွားတယ်။ ကင်မရာလည်း လွင့် ထွက်သွားတယ်။ လူအုပ်ကြီးကလည်း ကျွန်တော့်ကို တက်နင်းသွားကြတာပေါ့။ ကျွန်တော့် မျက်နှာ နဲ့လမ်းနဲ့ ဆောင့်မိတာ အပေါ်သွား လေးချောင်း ကျိုးသွားတယ်။ မှတ်မှတ်ရရ သွားလေးချောင်း ကျိုးပြီး ကင်မရာလည်း ပျက်သွားခဲ့တာ၊ နောက် ကျွန်တော်တို့ကိုတော့ မဖမ်းဘူး။ ဟန်းဖုန်းတွေ သိမ်းတယ်။ ကျွန်တော့် ဖုန်းရယ်၊ မလှလှဌေး ရယ် အခု အမေရိကား ရောက်နေတဲ့ လော်အယ်စိုးရယ်၊ ကိုသီဟသွေးရယ်၊ ကိုအောင်သူမြိုင်ရယ်၊ သတင်းထောက် အငယ်တွေပေါ့။ အဲဒီတုန်းက ဖုန်းတစ်လုံးတန်ဖိုးက သိန်း သုံးလေးဆယ် ရှိတယ်လေ။ ဒါ ဌာနဖုန်း မဟုတ်ဘူး။ ကိုယ်ပိုင်ဖုန်း၊ အမျိုးသမီးက သူ့ရွှေလေးတွေ ရောင်းပြီး ကျွန်တော့် အလုပ်လုပ်ဖို့ ဝယ်ပေးတာ။ အဲဒီအချိန်က သိမ်းသွားတဲ့ ဖုန်းဟာ ခုချိန်အထိ ဖုန်းလိုင်း ပြန်မပွင့်တော့ဘူး။ ဌာနနဲ့လည်း ပြဿနာ ဖြစ်တာပေါ့။ ဌာနကို ပြန်ဝယ်ပေးဖို့ ပြောတော့ ဒါမင်းတို့ အစိုးရ လုပ်တာပဲဆိုပြီး မပေးဘူး။ ကင်မရာ ကတော့ ပြန်ဝယ်ပေးတယ်။ ဖုန်းကတော့ အဲဒီအချိန်မှာ သိန်းသုံးလေး ဆယ်တန်တော့ ဈေးကြီးတာကိုး။ အစိုးရကလည်း ကျွန်တော်တို့ နိုင်ငံခြား သတင်းထောက်တွေကို မုန်းတာပေါ့။ မကြည်တော့ဘူး။ ကျွန်တော်လည်း နာကြည်းတာပေါ့ဗျာ။ ကျွန်တော့် ဖုန်းနဲ့ သွားလေးချောင်း ကျိုးတာက အသေးအမွှားပါ။ ဗုဒ္ဓဘာသာ နိုင်ငံမှာ မေတ္တာပိုတဲ့ ဆရာတော်၊ သံဃာတော်တွေ အရိုက်အနှက်ခံရ၊ အဖမ်းခံရတာ၊ ပေးဆပ်ရတာ ကြီးမားလွန်းတယ်။ အဲဒီလို လုပ်မယ်လို့ မထင်ခဲ့ဘူးဗျာ။ ခံစားလို့ မရဘူး။ ပြန်ပြောရင် အသစ်ပြန်ဖြစ်တယ်။ ဒီလို ၂၀၀၇ ခုနှစ်က အဖြစ်မျိုး ပြန်မလာပါစေနဲ့လို့ ဆုတောင်းပါတယ်။ မှန်ကန်တဲ့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အပြောင်းအလဲ ဖြစ်သင့်ပြီဗျာ။