အစိုးရ၏ ရန်ကုန်မြို့သစ် စီမံကိန်း၊ ဒဂုံစီးတီး စီမံကိန်း၊ ကျိုက္ကဆံကွင်း စီမံကိန်း၊ သိမ်ဖြူကွင်းနှင့် ပြည်သူ့ဥယျာဉ် အစရှိသည့် စီမံကိန်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိသည့်အပေါ် ထောက်ပြ မေးမြန်းခဲ့သူမှာ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှ အတိုက်အခံ အမျိုးသမီး လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်း ဖြစ်သည်။ သူမအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုများ အပေါ် အစဉ်အမြဲ မေးခွန်းထုတ်မှုများ ပြုလုပ်ခဲ့သော အမျိုးသမီး လွှတ်တော်အမတ် တစ်ဦးလည်း ဖြစ်ပြီး လွှတ်တော်တွင်း မေးခွန်းပေါင်း ၄၀၀ ကျော်နှင့် အဆိုပေါင်း ၄၀ ကျော်ကိုလည်း မေးမြန်းတင်သွင်းခဲ့သူ ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲတွင် ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည့် ဒေါက်တာာ ညိုညိုသင်းအား ရွေးကောက်ပွဲနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။မေး - ပထမဆုံး အနေနဲ့ အန်တီ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုလေးတွေကို အကျဉ်းချုပ် ပြောပြပေးပါလား။ဖြေ - အန်တီ ၁၉၈၈ ခုနှစ် ဥပဒေကျောင်းသူ တတိယနှစ်လောက်မှာ စပြီးတော့မြို့နယ် NLD ဗဟို လူငယ် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့တယ်။ ဒါကတော့ အန်တီ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှု ခြေလှမ်းအစလို့လည်းပြောလို့ရတယ်ပေါ့။ နောက် ၁၉၉၀ ရွေးကောက်ပွဲအကြို ကာလတွေကနေ NLD အောင်နိုင်ရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တယ်။ နောက်ပိုင်းကတော့ ဒီပညာရေးဘက် လုပ်ငန်းခွင်ကို ဝင်တယ်။ နောက် အဝေးသင် တက္ကသိုလ်၊ တောင်ငူ တက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်တွေမှာ ကထိကအဖြစ် ဆောင်ရွက်ခဲ့တယ်။၂၀၀၇ နောက်ပိုင်းမှာ ကမ္ဘာကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနေအထားကို စောင့်ကြည့်နေတဲ့ အချိန်ပေါ့။ မြန်မာ့နိုင်ငံရေး အခြေအနေကလည်း မငြိမ်မသက်နဲ့ပေါ့။ အဲဒီအချိန်မှာ အန်တီအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ တက္ကသိုလ်မှာ ရှိနေတဲ့ အချိန်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူတွေနဲ့ လက်တွဲပြီးတော့ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ သုတေသန လုပ်ရတယ်။၂၀၀၇ မှာ နိုင်ငံရေး လောကထဲ ပြန်ဝင်ဖြစ်ခဲ့ပြီး ဒီလိုနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲ ဝင်လောက်တဲ့အထိ နိုင်ငံရေး လုပ်ငန်းစဉ်တွေထဲမှာ စိတ်ပါဝင်စား လာတယ်ပေါ့။မေး - လာမယ့် လွှတ်တော် သက်တမ်းအတွက်ကို ကိုယ်နဲ့ရင်းနှီးပြီးသား ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ မဟုတ်ဘဲ ဘာကြောင့် ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်ရတာပါလဲ။ဖြေ - ၂၀၁၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ ရွေးကောက် တင်မြှောက်ခြင်း ခံရတယ်။ အဲဒီမှာ ရခဲလှတဲ့ ရတောင့်ရခဲ အခွင့်အရေးလေးတွေနဲ့ အန်တီ ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်တည်ခဲ့တယ်။ ဒါ ပေမဲ့ ကျွန်မတို့ တိုင်းဒေသကြီး လွှတ်တော်ဟာ နေပြည်တော်မှာ ရှိနေတဲ့ ပြည်သူ့လွှတ်တော်တို့၊ အမျိုးသား လွှတ်တော်တို့နဲ့ ယှဉ်ရင် ကျင်းပခွင့်တွေကအစ အဆလေးငါးဆယ် ကွာပါတယ်။ အဲဒီတော့ နေပြည်တော်မှာ လွှတ်တော်ကျင်းပခွင့် ရက်တစ်ရာရှိတိုင်း ရန်ကုန်မှာ လွှတ်တော်ကျင်းပခွင့် တစ်ရက်မရှိပါဘူး။ အဲဒီတော့ ရန်ကုန်လွှတ်တော် ကျင်းပခွင့် တစ်ရက် ဆိုရင်တောင်မှ ကျွန်မအနေနဲ့ တစ်ရက် မေးမြန်းခွင့် ရဖို့ဆိုတာ မလွယ်ပါဘူး။ ရန်ကုန်တိုင်း လွှတ်တော်ကို တစ်ခါ ကျင်းပရင် ခုနစ်ရက်၊ ရှစ်ရက် ကျင်းပတယ်။ ဒါပေမဲ့ အဲဒီမှာ ကျွန်မရဲ့ စကားပြောခွင့်ဟာ နှစ်ကြိမ်ထက် မပိုပါဘူး။ ဒါပေမဲ့ အန်တီ အဲဒီရတဲ့ အချိန်လေးတွေကိုပဲ အသုံးချပြီးတော့ အဆိုပေါင်းများစွာ တင်သွင်းခဲ့တယ်။ မေးခွန်းပေါင်းများစွာ မေးမြန်းခဲ့တယ်။ အန်တီ လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အဆိုပေါင်း ၄၀ ကျော်ခဲ့ပါပြီ။ မေးမြန်းခဲ့တဲ့ မေးခွန်းပေါင်း ၄၀၀ ကျော်ပါပြီ။ ဒီတော့ အန်တီတို့ ရန်ကုန်တိုင်း လွှတ်တော်မှာ အတိုက်အခံ အင်အားစု၊ ဒီမိုကရေစီ အင်အားစုလို့ ဆိုနိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်ဟာ နှစ်ဦး ပတ်ဝန်းကျင်ပဲ ရှိပါတယ်။ ဒါကြောင့် ဒီလိုခက်ခဲတဲ့ အခြေအနေမှာ ပြည်သူ့အတွက် အန်တီ တင်သွင်းခဲ့၊ မေးမြန်းခဲ့တဲ့ အဆိုအများစုဟာ လွှတ်တော်ထဲမှာ အမြဲရှုံးခဲ့ပါတယ်။ ထိရောက်မှု မရှိခဲ့ဘူး။ နောက်ပြီး အန်တီ့ရဲ့ လွှတ်တော် သက်တမ်းတွင်းမှာ ပြည်နယ်၊ တိုင်းလွှတ်တော် ရှင်သန် သင့်သလောက် မရှင်သန်ဘူး။ အဓိကျတဲ့ ဆုံးဖြတ်ချက်တွေ ဆိုတာကလည်း နေပြည်တော်မှာရှိတဲ့ လွှတ်တော်တွေမှာပဲ လုပ်ဆောင်နိုင်တယ်၊ ထိရောက် နေတယ်ဆိုတာကို သုံးသပ်မိလို့ပါ။ မေး - အန်တီ့အနေနဲ့ NLD ပါတီကနေ ဝင်ရောက် အရွေးခံဖို့ အဆိုပြုခဲ့ပြီးနောက်မှ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အနေနဲ့သာ ဝင်ပြိုင်ဖြစ်ပုံလေးကို ပြည်သူသိအောင် ရှင်းပြပေးပါလား။ဖြေ - ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ ဆုံးဖြတ်ပြီး နောက်ပိုင်းမှာ မြို့နယ် NLD က မြို့မိမြို့ဖတွေ၊ နောက်လူကြီးတွေက NLD ကဝင်ပါလားဆိုပြီး ကမ်းလှမ်းခဲ့တယ်။ ဒါကြောင့် အန်တီ့အနေနဲ့ ကမ်းလှမ်းမှုကိုလက်ခံခဲ့တယ်။ ကိုယ်ကလည်း အရင်က NLD ရဲ့ လူငယ် တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ဖူးတဲ့ သူဆိုတော့ ကမ်းလှမ်းမှုတွေ ရှိတဲ့အခါမှာ NLD ကိုယ်စားလှယ် အဖြစ်ပဲ ဝင်ရောက် ရွေးချယ်ခဲ့ဖို့ လုပ်ခဲ့တယ်ပေါ့။ အဓိက,ကတော့ ဒီမိုကရေစီ အင်အားစုတွေ မဲကွဲသွားမှာ စိုးတဲ့အတွက်ပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ ဒီကြားထဲမှာ တစ်ဖက်က NLD ရဲ့အထက်က လူကြီးပိုင်းတွေရဲ့ ဆုံးဖြတ်ခဲ့မှုတွေအရ မပါခဲ့ဘူး။ ဒါတွေက အားလုံးလည်း သိပြီးသားပါ။ ဆိုတော့ အန်တီ့အနေနဲ့လည်း လွှတ်တော်ထဲမှာ လုပ်ဆောင်ချင်တာတွေ အများကြီး ရှိသေးတယ်။ နောက်ကိုယ့်ကို ထောက်ခံတဲ့၊ လိုလားတဲ့ မဲဆန္ဒရှင်တွေလည်း တစ်ဖက်မှာ ရှိနေသေးတဲ့အတွက် တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့ ။မေး -NLD ကို ဝန်းရံဖို့ အန်တီ တိုက်တွန်းခဲ့တာတွေလည်း ရှိတယ်။ ဒါပေမဲ့ အန်တီ့ မဲဆန္ဒနယ်မှာလည်း NLD လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ ယှဉ်ပြိုင်ရမယ့်အပေါ်မှာ မဲပေး ရွေးချယ်ရမယ့် ပြည်သူတွေကို ဘာများ ပြောချင်ပါသလဲ။ဖြေ - အန်တီ့အနေနဲ့ ပြည်သူလူထုကို အသိပေးနိုင်တာ ဘာလဲဆိုတော့ ကျွန်မက ပါတီ အဖွဲ့အစည်းတစ်ခုက မဟုတ်ဘူး။ ဒါကြောင့် ကျွန်မတစ်ယောက်တည်းနဲ့ အစိုးရဖွဲ့နိုင်မှာ မဟုတ်ဘူး။ သို့သော် ကျွန်မရဲ့ မဲဆန္ဒနယ်မှာတော့ လွှတ်တော် သုံးရပ်အတွက် သုံးမဲအတွက်ကို ပြည်သူလူထုက သုံးမဲပေးရမယ်ပေါ့။ အဲဒီတော့ အန်တီ့ကိုတော့ မဲဆန္ဒရှင် ပြည်သူတွေက မဖြစ်မနေ မဲရုံထဲကိုဝင်တာနဲ့ တစ်ပြိုင်နက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပေးရမယ်။ နံပါတ်တစ် ကျွန်မကို ပေးရမှာဖြစ်တယ်။ မဲကတ်ပြားမှာလည်း အန်တီ့ရဲ့ နာမည်က နံပါတ်တစ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဝင်ဝင်ချင်း နံပါတ်တစ်ကိုရွေးချယ်ခြင်းအားဖြင့် ပြည်သူတွေရဲ့ ဘဝတွေသည်လည်း နံပါတ်တစ် ဖြစ်လာမယ်လို့ အန်တီ ပြောချင်ပါတယ်။ အန်တီက တစ်သီး ပုဂ္ဂလပါ။ အန်တီ့ကို မဲပေးလို့လည်း မဲမကွဲနိုင်ဘူးလို့ ထင်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ NLD လွှတ်တော် ကိုယ်စားလှယ် အများစုနိုင်မှသာ ကျွန်မတို့အားလုံး ပြောနေကြတဲ့ ပြည်သူ့အာဏာဟာ ပြည်သူ့လက်ထဲ ရောက်မှာပါ။ ဒါပေမဲ့ ကျွန်မ NLD ကိုယ်စားလှယ်လောင်းကို ယှဉ်ပြိုင်သွားမယ် ဆိုတာကလည်း ကျွန်မကို လွှတ်တော်ထဲမှာ မြင်စေချင်တဲ့ ပြည်သူ့ဆန္ဒကြောင့် ပါပဲ။မေး - တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ စိန်ခေါ်မှုတွေက ဘာများဖြစ်မလဲ။ဖြေ - စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။ သို့သော်လည်းပဲ အားသာချက်တွေလည်း အများကြီးပါ။ တစ်သီးပုဂ္ဂလ ဖြစ်တဲ့အတွက် ပါတီတစ်ခုရဲ့ မူဝါဒ စည်းမျဉ်းတွေကို လိုက်နာနေဖို့ မလိုဘူး။ ပါတီတွေက သူတို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ညွှန်ကြားချက် အသီးသီး ထုတ်ထားတာ ရှိတယ်။ ဘယ်ကိစ္စ မပြောရဘူး။ ဟိုလို မလုပ်ရဘူး ဆိုတာမျိုးရှိတယ်။ အန်တီတို့ကတော့ ဒီလိုလိုက်နာစရာ မလိုဘူး။ ပြည်သူလူထု အကျိုးစီးပွားအတွက်ဆိုရင် ကျွန်မတို့က ရဲရဲကြီး ပြောလိုက်ရုံပဲပေါ့။ ဘယ်သူရဲ့ အမိန့်သြဇာအာဏာကိုမှလည်း အန်တီတို့က နာခံနေစရာ မလိုဘူး။ ပြည်သူ့မျက်နှာကိုပဲ ကြည့်ဖို့ လိုတယ်။ အကယ်၍ အန်တီသာ ပါတီတစ်ခုခုရဲ့ကိုယ်စားလှယ် ဖြစ်နေမယ်ဆိုရင် အန်တီသည် ပါတီခေါင်းဆောင် ပြောသမျှကို အရာရာ နာခံနေရမယ်။ အခုတော့ ကျွန်မ တစ်သီးပုဂ္ဂလ ဖြစ်တဲ့အတွက် ကျွန်မရဲ့ သခင်သည် ပြည်သူလူထုပဲဆိုတာ ထင်ရှားတယ်။ အဲဒါသည် အန်တီ့ရဲ့ အကြီးမားဆုံး အားသာချက် တစ်ခုပါပဲ။မေး - တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဘယ်လောက်အထိ အောင်မြင်မှုတွေ ရခဲ့တယ်လို့ ထင်ပါသလဲ ။ဖြေ - အဓိက,ကတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေ နားလည်လာတယ်။ ရန်ကုန်တိုင်း အစိုးရက ပြည်သူတွေဘက်က ဘယ်လောက် အတိုင်းအတာအထိ ရပ်တည်တယ် ဆိုတာကို ပြည်သူတွေ ကွင်းကွင်းကွက်ကွက် မြင်လာတယ်။ဆိုတော့ အန်တီ့ရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် ငါးနှစ်သက်တမ်း အတွင်းမှာတော့ ရန်ကုန်တိုင်း အစိုးရက ပြောင်းလဲမှု တစ်စုံတစ်ရာဖြစ်ဖို့ မျှော်မှန်းခဲ့တယ်။ လက်ရှိလည်း တစ်စုံတရာ ပြောင်းလဲမှု ရှိလာတယ်လို့ ပြောလို့ရတယ်။ လုံး၀ အားရကျေနပ်မှုမျိုးတော့ မဟုတ်ဘူးပေါ့။ တစ်နိုင်ငံလုံး ပြုပြင်ပြောင်းလဲမှုနဲ့ နှိုင်းယှဉ်ရင်တော့ အားနည်းသေးတယ်။ ဒါကြောင့် လာမယ့် လွှတ်တော်သက်တမ်းအတွက် အန်တီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံရမယ့် အကြောင်းရင်းက ဒါကြောင့်လည်း ပါတယ်။မေး - သန့်ရှင်းသော အစိုးရဖြစ်ဖို့ လိုတယ်။ ဒီလိုဖြစ်အောင်လည်း ဆောင်ရွက်မယ်လို့ အန်တီ ပြောကြားခဲ့ဖူးတာ ရှိတယ်ပေါ့။ ဆိုတော့ လာမယ့် လွှတ်တော်သက်တမ်းမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ရွေးချယ်ခံရရင် ဒီအတွက် ဘာတွေ ဆက်လုပ်သွားဖို့ ရှိပါသလဲ။ဖြေ - အန်တီ ကျွမ်းကျင်တာက နိုင်ငံတော် စီမံကိန်းတွေ၊ အန်တီ့ရဲ့ လွှတ်တော် သက်တမ်းတစ်လျှောက်မှာလည်း လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က သိမ်းပိုက်တဲ့ ပြည်သူ့ အကျိုးစီးပွား ထိခိုက်စေလောက်တဲ့စီမံကိန်းတွေကို အန်တီ ဆန့်ကျင်ခဲ့တယ်။ နောက်လွှတ်တော် သက်တမ်းအတွင်းမှာ အရွေးချယ် ခံရရင်တော့ အဲဒီအလုပ်ကို၊ အဲဒီလို စီမံကိန်းတွေကို ဆက်လက်ပြီး စိစစ်မယ်။ပယ်ဖျက်မယ်။ ရုပ်သိမ်းနိုင်သည်အထိ ကျွန်မ ဆက်လက် ဆောင်ရွက်မယ်။ ဒါ့အပြင် အန်တီ့အနေနဲ့ လက်ရှိ ဥပဒေတွေအထဲမှာ သဘောမတွေ့တဲ့ ဥပဒေ ၄၀၀ နဲ့ ၅၀၀ ကြားမှာ ရှိတယ်။ ပြည်သူလူထုရဲ့ ဘဝတွေကို အဖိနှိပ်ဆုံးသော၊ အဆိုးရွားဆုံးသော ဥပဒေတွေလို့ ပြောလို့ရမယ့် ပြည်သူလူထု အကျိုးစီးပွားကို အတားအဆီး ဖြစ်နေတဲ့ ဥပဒေတွေကို ပယ်ဖျက်နိုင်ဖို့ လုပ်သွားမယ်။ ဒါကတော့ ယေဘုယျ ပြောတာပေါ့။ တိတိကျကျ ပြောရမယ်ဆိုရင် အန်တီ့အနေနဲ့ အရင်လွှတ်တော် သက်တမ်းတွင်းမှာလည်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို ထဲထဲဝင်ဝင် လုပ်ဆောင်ခဲ့တယ်။ အန်တီကလည်း ပညာရှင်တစ်ယောက် ဖြစ်တဲ့အတွက် ကျောင်းသား လူငယ်တွေရဲ့ ပညာရေးနဲ့ပတ်သက်လို့ အမြဲခေါင်းထဲ ထည့်ထားတယ်။ ကျောင်းသား လူငယ်တွေ အပါအဝင် လူငယ်လူရွယ်တွေဟာ သူတို့အတွက် အာမခံချက်၊ သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို အာမခံမယ့် ပညာရေး စနစ်ကောင်းကို ရရမယ်။အဲဒါကြောင့် လူငယ်တွေရဲ့ ဘဝဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဥပဒေတွေ၊ သူတို့ကို အချုပ်အနှောင် အဟန့်အတား ဖြစ်နေတဲ့ ဥပဒေတွေ ဒါတွေကိုလည်း ဖျက်ရမယ်။ ဒါပညာရေးနဲ့ပတ်သက်လို့ပေါ့။ နောက် လယ်သမားတွေ အတွက်လည်း လုပ်ပေးချင်တယ်။ အန်တီ့ရဲ့ မဲဆန္ဒနယ်မှာတော့ လယ်သမား မရှိပါဘူး။ ဒါပေမဲ့ ဒီလယ်တွေ၊ မြေယာတွေ မတရား အသိမ်းခံရတဲ့သူတွေ၊ သူတို့တွေကို လွှတ်တော် အစီရင်ခံစာမှာ ပါတဲ့အတိုင်း အစိုးရဘက်က အကောင်အထည် ဖော်ပေးဖို့ အတွက်လည်း တစ်စိုက်မတ်မတ် လုပ်သွားမယ်။ နောက် အရေးကြီးဆုံး လုပ်ချင်တာ တစ်ခုက လာဘ်ပေးလာဘ်ယူ တိုက်ဖျက်မှုကို သေသေချာချာကို လုပ်ချင်တယ်။ ဘာကြောင့်ဆို ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းမှာ ကျွန်မတို့ အစိုးရအဖွဲ့ကနေ လာဘ်ပေး၊ လာဘ်ယူမှု လုပ်ငန်းတွေကို ထိရောက်စွာ လုပ်ကိုင် ပေးနိုင်ခဲ့တယ်လို့ မထင်ဘူး။ ဒါကြောင့်မို့လို့ လာဘ်ပေးလာဘ်ယူမှု ပ,ပျောက်ရေး ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းပြီးတော့ ဒီလာဘ်ပေး လာဘ်ယူမှု ပ,ပျောက်ရေးဆိုင်ရာ နည်းဥပဒေကိုလည်း ထိရောက်တဲ့ ဥပဒေတစ်ခုအဖြစ် ပြန်ပြင်မယ်။ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး လုပ်ငန်းကို အစွမ်းကုန် ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ဆောင်ရွက်သွားမယ်။ ဘယ်သူ့မျက်နှာမှ မထောက်ဘဲနဲ့ပေါ့။ နောက် ဗဟန်း ပြည်သူတွေ တရားမဲ့ ပြုကျင့်ခံရရင် အမှန်တရားဘက်က ရပ်တည် ကာကွယ်သွားမယ်။ မေး - ပါတီ ကျောထောက်နောက်ခံ မရှိတဲ့ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦးအနေနဲ့ လွှတ်တော်ထဲ ရောက်သွားရင် အန်တီ့ အဆိုတွေ၊ မေးခွန်းတွေက ထိရောက်နိုင်မယ်လို့ ထင်ပါသလား။ဖြေ - အန်တီတို့ လွှတ်တော်ထဲမှာ ပါတီတစ်ခု အာဏာရမှ လူ့အဖွဲ့အစည်းတစ်ခု အင်အားကောင်းကောင်းနဲ့ နေရာရမှ ပြည်သူ့အတွက် လုပ်နိုင်တာ မဟုတ်ဘူး ဆိုတာကို အန်တီ့ရဲ့ ငါးနှစ်သက်တမ်းကသက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ရွေးချယ်ခံရမယ် ဆိုရင်တော့ အန်တီ့အနေနဲ့ ပြည်သူ့အတွက် တကယ်ထိရောက်မယ့် လုပ်ငန်းတွေ ပိုမို လုပ်လာနိုင်မယ်လို့ ယုံကြည်တယ်။ ရန်ကုန်တိုင်းမှာဆိုရင် အတိုက်အခံလို့ ပြောလို့ရတဲ့ အမတ်က အင်မတန် နည်းပါတယ်။ ဒါပေမဲ့ ပြည်သူ့လွှတ်တော် အဝန်းအဝိုင်းကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒါကြောင့်အန်တီ့အနေနဲ့ ပြည်သူ့လွှတ်တော်ကို ရောက်ရင်တော့ မဟာဗျူဟာအချို့ကို ပြောင်းလုပ်ဖို့ စဉ်းစားတယ်။ တိုင်းရင်းသား ပါတီတွေရဲ့ အကူအညီတွေလည်း အများကြီး ရမယ်လို့ မျှော်မှန်းထားတယ်။မေး - အခု မဲဆွယ်စည်းရုံးရေး လုပ်ဆောင်တဲ့အချိန် ပြည်သူတွေနဲ့ ထိတွေ့တဲ့နေရာမှာ လူထုက ဘယ်လို မေးခွန်းတွေကို အဓိက မေးကြသလဲ။ နောက် အန်တီ့အပေါ်ရော ဘယ်လို သဘောထားရှိကြတယ်လို့ထင်ပါသလဲ။ဖြေ - အဓိက ပြည်သူတွေနဲ့ တွေ့တဲ့အခါမှာ မေးကြတာကတော့ သူတို့အနေနဲ့ အန်တီ့ကို လူကိုတော့ ကြိုက်တယ်။ ဒါပေမဲ့ ပါတီကိုပေးရမယ့် အနေအထား ဖြစ်နေတယ် ပေါ့နော်။ အဲဒီအခါမျိုးတွေမှာ အန်တီ့ကို ဘာကြောင့် ပေးသင့်တယ် ဆိုတာလည်း သူတို့သိတယ်ပေါ့။ အဲဒီတော့ အန်တီ့ကို သူတို့က ရှေ့ဆက် နိုင်ငံရေး အလားအလာတွေကို မေးကြတယ်။ နောက် တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး အန်တီ့ရဲ့ သဘောထားက ဘာလဲ။ နောက်တစ်ခါ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်လို့ရှိရင် သူတို့အတွက် ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတာလည်း သိချင်ကြတယ်။ များသောအားဖြင့် ကျွန်မသွားဖြစ်တဲ့ ရပ်ကွက်တွေကတော့ အပြုသဘောဆောင်တဲ့ မေးခွန်းတွေပဲ မေးကြပါတယ်။ ကောင်းပါတယ်။ ကျွန်မတို့ ပြည်သူတွေ နိုင်ငံရေးရေချိန် မနိမ့်ကြပါဘူး။မေး - လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တိုးတက်မှုနှုန်းကိုရော ဘယ်လိုမြင်ပါသလဲ။ဖြေ - လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ တဖြည်းဖြည်းတော့ သွားနေတယ်ပေါ့။ သို့သော်လည်း အားရကျေနပ်တဲ့ အနေအထားတော့ မရှိပါဘူး။ အချိန်မရွေး နောက်ကြောင်း ပြန်သွားနိုင်တဲ့ အနေအထားလည်း ရှိတဲ့အတွက်ကြောင့်မို့လို့ အန်တီတို့ကလည်း မြန်မြန်ရွေ့အောင် တွန်းတွန်းတိုက်တိုက်လည်း တွန်းနေတဲ့ အနေအထားပေါ့။မေး - ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရရှိခဲ့တဲ့ မဲရလဒ်အပေါ်မှာ မေးခွန်းထုတ်မှုတွေ ရှိခဲ့တယ်ပေါ့။ ဒီတော့ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရော အန်တီ့အနေနဲ့ စိုးရိမ်စရာများ ရှိပါသလား။ဖြေ - ရွေးကောက်ပွဲနဲ့ ပတ်သက်ရင်တော့ ကျွန်မအနေနဲ့ စိုးရိမ်တာက ရေဘေးသင့် ဒေသတွေပေါ့။ အဲဒီ ဒေသတွေမှာ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်မှဖြစ်ပါ့မလားလို့ ကျွန်မ စိုးရိမ်တယ်။ ကျန်တဲ့ ဒေသတွေကတော့ ကျွန်မသိပ်ပြီး မစိုးရိမ်ပါဘူး။ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တွေလည်းပဲ အတွေ့အကြုံရှိတဲ့ ကော်မရှင်တွေ များပါတယ်။၂၀၁၀ တုန်းကလို အမှားမျိုးတွေ ထပ်ပြီး မလုပ်နိုင်လောက်ဘူးလို့တော့ မျှော်လင့်ရတာပေါ့။မေး - အန်တီ့အနေနဲ့ ပြည်သူလူထုကို အခြားဘာများ ပြောချင်ပါသေးလဲ။ဖြေ - အဓိက,က မဲပေးကြပါ။ ပြည်သူတွေ အနေနဲ့ မိမိကိုယ်စားပြုမယ့် ကိုယ်စားလှယ်ကို သေသေချာချာ စိစစ်ပြီးတော့ မဲပေးဖို့ ပြောချင်ပါတယ်။ အပြောင်းအလဲတိုင်းအတွက် ပြည်သူအားလုံးက နိုင်ငံရေးမှာစိတ်ပါဝင်စားခြင်းအားဖြင့် တိုင်းပြည် အနာဂတ်ကို ပုံဖော်နိုင်ပါ။ ဒီ့အတွက် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုနိုင်မယ့် ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးချယ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။