‘စစ်ကားက သုံးစီးနဲ့ စစ်သားတွေ ကျောင်းပတ်ပတ်လည် မှာကော ကျောင်းထဲ ဝင်လာတာကောဆို ၃၀၀ လောက်ရှိမယ်။ အတင်းဝင်လာပြီး ဦးဇင်းတွေ၊ တိုက်အုပ်ဆရာတော်တွေ တွေ့သမျှ ရဟန်း သံဃာတွေကို သေနတ်ဒင်တွေနဲ့ ဆောင့်၊ တုတ်တွေနဲ့ ရိုက်တော့တာပဲ။ ခေါင်းတွေ ကိုယ်တွေ စွတ်ရိုက်တာ။ အခု ဦးဇင်း ထိုင်နေတဲ့နေရာက သိမ်လေ၊ တံခါးဝင်ပေါက်နဲ့ တည့်တည့်မှာ ရှိနေတာ။ ဘုရားကျောင်းဆောင်၊ ရေခဲသေတ္တာ၊ တီဗွီ၊ အခန်းထဲ ရှိရှိသမျှ သပိတ်တွေကော အကုန် ရိုက်ခွဲကြတာ။ ပြီးတော့ ဆရာတော်၊ တိုက်အုပ်၊ သံဃာတွေကို ကျောင်းတိုက်ရှေ့ကားလမ်းပေါ်မှာ လက်ပြန်ကြိုးတုပ်၊ ဒူးထောက်၊ ခေါင်းငုံ့ထားပြီး စစ်ကားနဲ့ တင်ခေါ်သွားတယ်’
မေး။ ။အရှင်ဘုရား ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာ ဘယ်လို ပါဝင်ခဲ့ပါသလဲဘုရား။
ဖြေ။ ။ဘယ်လို စတင် ပါခဲ့သလဲဆိုတော့ ဦးဇင်းတို့က ဒီကျောင်းတိုက်မှာ စာသင်သားပေါ့။ ရန်ကုန်မြို့ထဲမှာ ကျောင်းသားတွေ ဆန္ဒပြနေတယ်လို့ ကြားတယ်။ ဓာတ်ဆီဈေး၊ ဒီဇယ်ဈေးနှုန်းတွေ ကြိုတင် မကြေညာဘဲ ရုတ်တရက် မြင့်တက်သွားတော့ ပြည်သူလူထုတွေ ကုန်ဈေးနှုန်းတွေ ကြီးတော့မယ်ဆိုပြီး သူတို့ဆန္ဒ ပြကြတယ်လေ။ နောက်ပခုက္ကူမြို့က ရဟန်းသံဃာတွေလည်း ဒကာ၊ ဒါယိကာမတွေ ပြည်သူတွေ ဒုက္ခ ရောက်တော့မယ်ဆိုတာ သိတော့ ဆန္ဒထုတ်ဖော်ရင်း ဒီလိုမျိုး မလုပ်သင့်ကြောင်း သိရအောင် ပခုက္ကူမြို့လှည့်ပြီး ပရိတ်ရွတ်ကြတယ်။ အဲဒါကို စစ်တပ်က သံဃာအချို့ကို ဖမ်းပြီး ဓာတ်တိုင်မှာ ကြိုးနဲ့တုပ်ပြီး သေနတ်ဒင်နဲ့ ခေါင်းကိုဆောင့်၊ လူမိုက် လူရမ်းကားတွေက တုတ်တွေနဲ့ ရိုက်ကြတာတွေ သိလာတော့ ရန်ကုန်မြို့မှာလည်း ဦးဇင်းတို့ ပခုက္ကူမြို့က သံဃာတွေ အခုလို ရက်ရက်စက်စက် နှိပ်စက်တာကို အကြောင်းပြု ပြီး ရန်ကုန်မြို့တစ်မြို့လုံး လှည့်လည်ပြီး အန္တရာယ်ကင်းအောင် ပရိတ် ရွတ်ဖတ်ကြတာပါပဲ။
၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ သက်ကြီး ရွယ်အိုတွေက လွဲရင် တစ်ကျောင်းလုံး ထွက်ခဲ့ကြတာပါပဲ၊ အဲဒီရက်တွေက မိုးအရမ်းရွာနေတယ်။ ရွှေတိဂုံကနေ ဆူးလေဘုရားထိကို ကမ္ဘာအေး ဘုရားလမ်းအတိုင်း ကြွခဲ့ကြတယ်။ ဆူးလေ ဘုရားလမ်းကနေ ဗိုလ်တထောင် ဘုရားဘက်ကို ကြွတော့ မဟာဗန္ဓုလလမ်းပေါ်မှာ ရေတွေ ကြီးနေတယ်။ ရေတွေက ဒူးလောက်အထိ ရောက်တယ်။ အဲဒီ စစချင်းနေ့ကတော့ သံဃာတွေချည်းပဲ၊ ဘေးမှာ ပြည်သူလူထုက ပလက်ဖောင်းဘေးက ဝန်းရံပြီး လျှောက်ကြတယ်။ ညနေစောင်းမှာ ဗိုလ်တထောင် ဘုရားရောက်တယ်။ အဲဒီမှာ ထောက်လှမ်းရေးတွေ အာဏာပိုင် အဖွဲ့တွေက ဘေးက ဝိုင်းအုံနေတဲ့ ပြည်သူလူထုကို ခြိမ်းခြောက်နေတာကို တွေ့ပြီး ကျောင်းကိုပြန်ခဲ့တယ်။ ညနေ ၆ နာရီ ကျော်လောက်မှာ ကျောင်းကို ပြန်ရောက်လာတယ်။ အဲဒီနေ့က ရန်ကုန်မြို့ တစ်ခုတည်း လုပ်ကြတာ မဟုတ်ပါဘူး။ တခြား မြို့တွေလည်း ပါခဲ့တာပါပဲ။
မေး။ ။စစချင်း ၁၈ ရက်နေ့က ပါဝင်ခဲ့ပြီး နောက်ပိုင်းရက်တွေမှာ ဘယ်လိုတွေ ဆက်ပါဝင်ခဲ့ပါသလဲ။ ဒီငွေကြာရံ ကျောင်းတိုက်ကို ဝင်စီးခဲ့ချိန် အကြောင်း မိန့်ပါဦးဘုရား။
ဖြေ။ ။၁၈ ရက်က စတင်ပါဝင်ခဲ့ပြီး အဖမ်းမခံရခင် အချိန်အထိ နေ့စဉ်ရက်ဆက် ပါခဲ့တာ။ ၂၆ ရက်နေ့ မနက်ခင်း စောစောမှာ ဒီကျောင်းတိုက်က သံဃာတော်တွေ အပြင်ထွက်လို့ မရအောင် သံဆူးကြိုးတွေ လာ ကာထားတယ်။ ကျောင်းရဲ့အရှေ့ဘက်နဲ့ တောင်ဘက် အပေါက်တွေကို ပိတ်ဆို့ထားတယ်။ သံဃာတွေ ကျောင်းပြင်ကို ထွက်လို့မရတော့ဘူး။ ည ၁၂ နာရီ ကျော်လောက်မှာ ရန်သူ ရှေ့တန်းစခန်းကို ဝင်စီးသလိုမျိုး ဝင်လာတော့တာပဲ။ ပထမ စစ်သားတွေ ကျော်ဝင်လာတယ်။ ဒီလို ဝင်လာလို့ အော်ပြောကြတော့ အုတ်တံတိုင်း ကျော်ပြီး ပြန်ထွက်သွားတယ်။ နောက်တစ်ခါ ခြံဝင်းတံခါး သော့ ပိတ်ထားတာကို စစ်ကားနဲ့ တိုက်ဖွင့်ပြီး ဝင်ဖို့လုပ်နေချိန်မှာ ဦးဇင်းတို့က တုံးမောင်းတွေ ခေါက်၊ သံချောင်းတွေ ခေါက်ပြီး ပတ်ဝန်းကျင် ရပ်ကွက်က သိအောင် လုပ်တော့ သူတို့က မျက်ရည်ယို ဗုံးတွေပစ် သေနတ်ကျည် အစစ်တွေ၊ ရော်ဘာကျည်တွေနဲ့ ပစ်ခတ်ပြီး ဝင်လာတယ်။ စစ်ကားက သုံးစီးနဲ့ စစ်သားတွေ ကျောင်း ပတ်ပတ်လည်မှာကော ကျောင်းထဲ ဝင်လာတာကောဆို ၃၀၀ လောက်ရှိမယ်။ အတင်း ဝင်လာပြီး ဦးဇင်းတွေ၊ တိုက်အုပ် ဆရာတော်တွေ တွေ့သမျှ ရဟန်းသံဃာတွေကို သေနတ်ဒင်တွေနဲ့ ဆောင့်၊ တုတ်တွေနဲ့ ရိုက်တော့တာပဲ။ ခေါင်းတွေ ကိုယ်တွေ စွတ်ရိုက် တာ။ အခု ဦးဇင်း ထိုင်နေတဲ့နေရာက သိမ်လေ၊ တံခါးဝင်ပေါက်နဲ့ တည့်တည့်မှာရှိနေတာ။ ဘုရားကျောင်းဆောင်၊ ရေခဲသေတ္တာ၊ တီဗွီ၊ အခန်းထဲ ရှိရှိသမျှ သပိတ်တွေကော အကုန် ရိုက်ခွဲကြတာ။ ပြီးတော့ ဆရာတော်၊ တိုက်အုပ်၊ သံဃာတွေကို ကျောင်းတိုက်ရှေ့ ကားလမ်းပေါ်မှာ လက်ပြန်ကြိုးတုပ်၊ ဒူးထောက်၊ ခေါင်းငုံ့ထားပြီး စစ်ကားနဲ့ တင်ခေါ်သွားတယ်။
မေး။ ။နောက်တစ်နေ့မှာ အရှင်ဘုရားတို့ ဘယ်လိုတွေ ဆက်ပြီးတော့ အခြေအနေ ထူးခြားမှုတွေ ဖြစ်ခဲ့သေးလဲ။
ဖြေ။ ။တိုက်အုပ်ဆရာတော်နဲ့ သံဃာတွေကို အင်းစိန် မြို့နယ်က GTI (စက်မှုသိပ္ပံ) ထဲကို ခေါ်သွားခဲ့တယ်လို့ ဦးဇင်းထောင်က လွတ်လာတော့ သိရတယ်။ ဆရာတော် ပြောပြတာက သူတို့ကို နေ့ကောညကော စစ်ဆေးကြတယ်။ ခုနစ်ရက်ကြာတော့ အင်းစိန်ထောင်ထဲကို ပို့လိုက်တယ်။ ၁၅ ရက် ရက် ၂၀ လောက်ဟာ ကောင်းကောင်း မအိပ်ရဘူး။ စစ်ကြောရေး အမြဲလုပ်တယ်။ တစ်လလောက် ကြာတော့ ကမ္ဘာအေး ဘုရားထဲက အပရဂေါရာဏ ကျောင်းဆောင်ကို ပု့ိလိုက်ပြီးတော့ သုံးလလောက် နေခဲ့ရတယ်လို့ သိရတယ်။ အဲဒီညမှာ ဖမ်းသွားတဲ့ ကိုယ်တော်တွေက သင်္ကန်းတောင် ကျွတ်တဲ့အဆင့်ထိ ဖြစ်သွားပြီး ကျောင်း ရှေ့က ကားလမ်းမပေါ်မှာ လက်ကို နောက်ပြန်ကြိုးတုတ် ဒူးထောက်ပြီး ခေါင်းငုံ့ထားရတယ်။ နောက်ပြီးတော့ သစ်တုံးတွေလို ကားပေါ် ပစ်တင်သွားတယ်။
မေး။ ။ဦးဇင်းက အဲဒီညမှာ ပါမသွားတော့ ဘာတွေဆက်ပြီး နောက်ရက်မှာ ဖြစ်သေးလဲ။
ဖြေ။ ။ဦးဇင်းက စစ်ကားကြီးနဲ့ ကျောင်းဝင်းတံခါးကို တိုက်ပြီး ဝင်လာတဲ့အချိန်မှာ မျက်ရည်ယို ဗုံးတွေနဲ့ ပစ်နေတုန်း ကျောင်းအုတ်တံတိုင်းကို ကျော်ပြီး ရပ်ကွက်ထဲ ရောက်သွားတယ်။ မနက် ဘုန်းကြီးကျောင်းထဲ ပြန်ရောက်လာပြီး သန့်ရှင်းရေးလုပ်တော့ ရန်ကုန်တိုင်း စစ်ဒေသမှူး ဦးစိုးဝင်း ရောက်လာပြီး ဦးဇင်းတို့ အပြင် မထွက်ရတော့ဘူး။ ဆွမ်းကိုတော့ ပတ်ဝန်းကျင်က လူတွေကို လာကပ်ခွင့်ပြုတယ်။ အဲဒီတော့ ဦးဇင်းတို့ကို ဖမ်းတဲ့အချိန်တုန်းက ပတ်ဝန်းကျင်က မခံရပ်နိုင်လို့ အော်ဟစ်တဲ့ သူတွေကို သေနတ်နဲ့ ပစ်ပြီး ဆွဲသွားတာကို တွေ့လိုက်ရတယ်။ အဲဒီ စွမ်းအားရှင် လူကြမ်းတွေက ရိုက်နှက်ပြီး မသေမရှင် ကျောင်းရှေ့မှာ လာပစ်ထားတဲ့ သုံးယောက်က ညနေကျတော့ သေသွားတယ်။ အဲဒီနေ့မှာပဲ ဦးဇင်းတို့ကို ကျောင်းထိုင်ဆရာတော်နဲ့ ဖမ်းသွားတယ်။ ဦးဇင်းကို အင်းစိန်ထောင်ပို့တယ်။ ထောင် ရှစ်နှစ် ခြောက်လ ကျတယ်။ အဲဒီ အင်းစိန်ထောင် ကနေပြီးတော့ မြောင်းမြထောင်ကို ရောက်တယ်။ တချို့ဦးဇင်းတွေက သံတွဲ၊ မုံရွာ၊ ကျိုင်းတုံ ထောင်တွေကို ခွဲပို့တယ်။ ၂၀၁၁ ခုနှစ်မှာ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လေးနှစ်နဲ့ သုံးလနေပြီး လွတ်လာခဲ့တယ်။