စစ်တွေမြို့ ကိုယ်စားပြုအလှမယ် ချိုချိုထွန်းနှင့် တွေ့ဆုံခြင်း

စစ်တွေမြို့ ကိုယ်စားပြုအလှမယ် ချိုချိုထွန်းနှင့် တွေ့ဆုံခြင်း
Published 22 September 2015
လင်းလင်းခိုင်

Miss Universe Myanmar ဆန်ခါတင် အလှမယ် ၂၀ ကို ရွေးချယ်ထားရာ၌ ယခုနှစ်တွင် ထူးခြားမှုအဖြစ် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြို့ကြီးများမှ ကိုယ်စားပြု အလှမယ်များ ပါဝင်လာခဲ့ခြင်း ဖြစ်သည်။ ဆန်ခါတင် အလှမယ် ၂၀ ကို အင်တာနက်နှင့် ဖုန်းမက်ဆေ့ချ်များ မှတစ်ဆင့် မဲပေးရွေးချယ်မှုများ ပြုလုပ် စေလျက် ရှိရာတွင် ရခိုင်ပြည်နယ်မှ စစ်တွေမြို့ ကိုယ်စားပြု အလှမယ် ချိုချိုထွန်းသည် လူမှုကွန်ရက် စာမျက်နှာ များထက်တွင် ရေပန်းစားနေသည့် အလှမယ်တစ်ဦး ဖြစ်သည်။ ပြိုင်ပွဲ အတွေ့အကြုံမရှိဘဲ ပထမဆုံးအကြိမ် ပါဝင် ယှဉ်ပြိုင်လာခဲ့သည့် အလှမယ် ချိုချိုထွန်းနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ဖြစ်ပါသည်။
မေး- Miss Universe Sittwe ပြိုင်ပွဲကို ဘယ်လို ဝင်ပြိုင် ဖြစ်ခဲ့တယ်ဆိုတာ အရင် ပြောပြပေးပါလား။
ဖြေ- ချိုချိုတို့ ရခိုင်ပြည်နယ်မှာ အခုလို အလှမယ် ရွေးချယ်ပွဲတွေ တစ်ခါမှ Miss Universe Sittwe ပြိုင်ပွဲ လုပ်မယ်ဆိုတော့ ရသေ့တောင် ကိုယ်စားပြုအနေနဲ့ သွားပြိုင်ဖို့ တိုက်တွန်းကြတာနဲ့ ဝင်ပြိုင် ဖြစ်သွားတာပါ။
မေး- ပြိုင်ပွဲမပြိုင်ခင်က အတွေ့အကြုံရော ရှိလား။ မော်ဒယ် သင်တန်းရော တက်ခဲ့ဖူးတာလား။
ဖြေ- မော်ဒယ် သင်တန်းလည်း မတက်ခဲ့ဖူးပါဘူး။ ရခိုင်မှာလည်း အဲဒီလို သင်တန်းမျိုးတွေ မရှိဘူးလေ။ ပြိုင်ပွဲ အတွေ့အကြုံလည်း မရှိတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်လည်း သိပ်မရှိခဲ့ဘူး။ အတွေ့အကြုံရအောင် ရယ်၊ တခြားသူတွေက တိုက်တွန်းနေတာကြောင့်ရယ် ဝင်ပြိုင်ဖြစ်သွားတာပါ။
မေး- ဆုရမယ်လို့ရော မျှော်လင့်ထားခဲ့လား။
ဖြေ- လုံး၀ မျှော်လင့်မထားပါဘူး။ ချိုချိုက လိုအပ်ချက်တွေလည်း အများကြီးရှိပါတယ်။  အရင်က အတွေ့အကြုံလည်း မရှိတဲ့ အခါကျတော့လေ ပြိုင်ပွဲမှာတော့ အကောင်းဆုံး ကြိုးစားပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ တကယ်တမ်း ဆုရတယ်ဆိုတော့ ပြောမပြတတ်အောင် ဝမ်းသာမိပါတယ်။
မေး- အခုနှစ်က နယ်က အလှမယ်တွေအတွက် အခွင့်အရေးတွေ အများကြီးရှိတဲ့နှစ်ပါ။ အခုလို မြို့ကြီးအသီး သီးမှာ ကိုယ်စားပြု အလှမယ် ရွေးချယ်တဲ့အပေါ် အမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ- ချိုချိုတို့လို နယ်က သူတွေအတွက်တော့ အိပ်မက်ဆန်တဲ့ အခွင့်အရေး တစ်ခုပါပဲ။ အရင်က ဒီလိုပွဲမျိုးတွေ ရှိတယ်ဆိုတာ တီဗွီက ကြည့်မယ်၊ စာစောင်တွေက ဖတ်မယ်။ ဒီလောက်ပဲ သိပါတယ်။ နယ်မှာကတော့ ဒီလိုပွဲမျိုးတွေ မရှိဘူးလေ။ အခုကျတော့ နယ်တွေအထိ ဒီလိုပွဲမျိုးတွေ လာလုပ်တယ်။ ဆုရတဲ့ သူတွေကလည်း နောက်ဆုံး ဆန်ခါတင် စာရင်းမှာ ဝင်ပြိုင်ခွင့် ရတယ်ဆိုတော့ နယ်က ချိုချိုတို့လို ဝါသနာရှင် တွေအတွက် အခွင့်အလမ်းတွေ အများကြီး ထွက်ပေါ်လာတယ်လို့ ထင်ပါတယ်။ ကိုယ်သာ တကယ်ဝါသနာ ပါမယ်ဆိုရင် ကြိုးစားအားထုတ်မှု ရှိရုံနဲ့ အဆင့်ဆင့် တက်လှမ်းသွားနိုင်တဲ့ အခွင့်အရေးတွေ ရှိလာတယ်လို့ ထင်ပါတယ်။ အဲဒီအတွက်လည်း ပြိုင်ပွဲ ကျင်းပပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။
မေး- Miss Universe Sittwe ဆန်ခါတင် ၂၀ မှာ ညီမလေးကို အားပေးကြတယ်နော်။ အဲဒီအတွက် ပိုပြီးရင်ခုန်နေလား။
ဖြေ- ပရိသတ်တွေက ချစ်ခင် အားပေးကြတယ်ဆိုတော့ ချိုချို ဝမ်းသာရင်ခုန်ရပါတယ်။ ရခိုင် အလှမယ်ကလည်း တကယ်တမ်း အခုလိုပွဲတွေမှာ ပါဝင်ခွင့်ရတာ နည်းတဲ့အတွက် ပိုပြီး အားပေးကြတယ်လို့ ထင်ပါတယ်။ တကယ်တမ်းကျတော့ ချိုချိုမှာက အားနည်းချက်တွေ အများကြီး ရှိပါသေးတယ်။ အခုဆိုလည်း တကယ်တမ်း ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင် နေရမယ့်အချိန်မှာ နယ်ပြန်ပြီး စာမေးပွဲဖြေနေရတယ်။ ဒါ ကြောင့် ပရိသတ်အားပေးမှုနဲ့ ထိုက်တန်အောင် အများကြီး ကြိုးစားရဦးမှာပါ။ အားပေးမှုတွေ သိရတော့ ခွန်အားတွေတော့ အများကြီးရပါတယ်။
မေး- လေ့ကျင့်ပြင်ဆင်မှုတွေက ဘယ်နေ့ပြန်စမှာလဲ။
ဖြေ- စက်တင်ဘာ ၂၅ ရက်မှာ ပြန်စမှာပါ။ စာမေးပွဲက စက်တင်ဘာ ၂၃ ရက်မှာ ပြီးမှာပါ။ ပြီးတာနဲ့ ပြန်ရမှာပါ။
မေး- Miss Universe Sittwe ပြိုင်ပွဲအတွက်ရော ဘာတွေပြင်ဆင်ထားလဲ။
ဖြေ- Miss Universe Sittwe ပြိုင်ပွဲက စက်တင်ဘာ ၃၀ ရက်မှာ လုပ်မှာပါ။ ဒီပြိုင်ပွဲအတွက်ကိုတော့ ရခိုင်ရိုးရာ ဝတ်စုံနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ဒီဇိုင်နာ မေဦးမောင်(တော်ဝင်သူ)ရဲ့ ဝတ်စုံလေးကို ဝတ်ဆင် ယှဉ်ပြိုင်သွားမှာပါ။
မေး- နောက်ဆုံးအဆင့် ပြိုင်ပွဲအတွက်ရော ဘာတွေ အဓိက ပြင်ဆင်သွားရမယ်လို့ ထင်လဲ။
ဖြေ- ပြင်ဆင်စရာတွေကတော့ အများကြီးပါပဲ။ Catwalk အတွက် ပြင်ဆင်ရမယ်။ အထွေထွေ ဗဟုသုတတွေ လေ့လာမှတ်သားရမယ်။ ဘာသာစကား ကျွမ်းကျင်မှုအတွက်လည်း လေ့လာရမယ်။ တခြားလိုအပ်ချက်တွေ အတွက်လည်း အများကြီး ပြင်ဆင်ရပါမယ်။ ချိုချိုကတော့ ဆုရတာ၊ မရတာထက် ထိုက်တန်တဲ့ အတွေ့အကြုံကောင်းတွေ အများကြီးရမယ်လို့ ယုံကြည်ပါတယ်။ ကိုယ် တတ်နိုင်သလောက်လည်း အပြည့်အ၀ အားထုတ်သွားမှာပါ။
မေး- တကယ်လို့သာ Miss Universe Myanmar အဖြစ် ရွေးချယ်ခံရမယ်ဆိုရင် မြန်မာကိုယ်စားပြု အလှမယ် တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေက ဘာတွေဖြစ်မလဲ။
ဖြေ- အဓိက,ကတော့ စိတ်ထားလို့ပဲ ယုံကြည်ထားတယ်။ စိတ်ထားဖြူစင် ရိုးသားရင် ဘယ်လို အခက်အခဲမျိုးမဆို ဖြတ်သန်း ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျန်တဲ့ အရည်အချင်းတွေကတော့ အများကြီးပါပဲ။ ဘာသာစကား၊ ဉာဏ်ပညာ ထက်မြက်မှု၊ ဗဟုသုတ ကြွယ်ဝမှု၊ ပရဟိတ ဆောင်ရွက်မှု၊ ဖြတ် ထိုးဉာဏ် စသဖြင့် အရည်အချင်းတွေ အများကြီး လိုအပ်မှာပါ။
မေး- မြန်မာကိုယ်စားပြု အလှမယ် တစ်ယောက်ဖြစ် လာခဲ့မယ်ဆိုရင် အလုပ်ချင်ဆုံး လုပ်ငန်းက ဘာတွေဖြစ် မလဲ။
ဖြေ- မိဘမဲ့ကလေးတွေကို ပြုစု စောင့်ရှောက်ချင်ပါတယ်။ ချိုချို အရင်ကတည်းက အားရင်အားသလို မိဘမဲ့ ဂေဟာကိုသွားပြီး တတ်နိုင်သလောက် လှူဒါန်းတယ်။ ကူညီစောင့်ရှောက်မှုတွေ၊ အားပေးနှစ်သိမ့်မှုတွေ ပြုလုပ်ပေးပါ တယ်။          

Most Read

Most Recent