စက်တင်ဘာ ၁၆ ရက်မှ ၂၇ ရက်အထိ ဟောင်ကောင်၌ ပြုလုပ်မည့် Miss World Peace ပြိုင်ပွဲတွင် မြန်မာ ကိုယ်စားပြုအလှမယ် အိနုဝေက သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ Miss Myanmar International 2014 တွင် Beauty and Healthy ဆုရရှိထားသူ ရခိုင်တိုင်းရင်းသူလေး အိနုဝေက ယခု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲအတွက် လိုအပ်ချက်များကို အချိန်ယူ လေ့လာပြင်ဆင်ထားခြင်း ဖြစ်သည်။ စက်တင်ဘာ ၁၆ ရက် (ယနေ့) တွင် ဟောင်ကောင်သို့ ထွက်ခွာသွားသည့် အလှမယ်အိနုဝေနှင့် တွေ့ဆုံ၍ ပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုများကို မေးမြန်းဖြစ်ခဲ့ပါသည်။
မေး- ညီမလေးက Miss World Peace 2015 ပြိုင်ပွဲကို မြန်မာ ကိုယ်စားပြု သွားပြိုင်ရမှာဆိုတော့ ဒီပြိုင်ပွဲကို ဘယ်လိုဝင်ပြိုင် ဖြစ်သွားတာလဲ။
ဖြေ- အိနုက ဆရာဂျွန်လွင်ဆီမှာ သင်တန်းတက်နေတာ ကြာပါပြီ။ အခု ဒီပြိုင်ပွဲအတွက်က တကယ်တော့ စင်ကာပူမှာ လျှောက်လွှာတင်ရတာပါ။ ဆရာဂျွန်လွင်က စင်ကာပူက ပြိုင်ပွဲအတွက် ရွေးချယ်တဲ့အဖွဲ့ကို လျှောက်လွှာတင်ပေးတယ်။ အိနုရဲ့ အလှဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးပို့ခဲ့တဲ့အခါ ရွေးချယ်ခံခဲ့ရတာပါ။ အဓိကတော့ ဆရာဂျွန်လွင်က အိနု ယှဉ်ပြိုင်နိုင်ဖို့အတွက် စီစဉ်ပေးခဲ့တာပါ။
မေး- အရင်ကရော ပြိုင်ပွဲအတွေ့အကြံ ုရှိခဲ့ဖူးလား။
ဖြေ- အရင်က Miss Myanmar International 2014 မှာ ဝင်ပြိုင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဆရာဂျွန်လွင်ဆီမှာ သင်တန်း စတက်ခါစပါ။ အတွေ့အကြုံရအောင် ဆရာက ဝင်ပြိုင်လို့ပြောတာနဲ့ ပြိုင်ဖြစ်သွားတာပါ။ အိနုက အင်္ဂလိပ်စာ အားနည်းတော့ အဲဒီတုန်းက တော်တော်လေးခက်ခဲ ခဲ့ပါတယ်။ ဆုကတော့ နောက်ဆုံးဆန်ခါတင်ထဲမှာ ပါဝင်ပြီး Miss Beauty and Healthy ဆုကိုရရှိခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာပဲ အိနုရဲ့ အားနည်းချက် အားသာချက်တွေကို သိခွင့်ရခဲ့တယ်လို့ ဆိုရမှာပါ။
မေး- ဒါဆို နောက်ပိုင်းမှာရော ဘယ်လိုပြင်ဆင်ဖြစ်ခဲ့လဲ။
ဖြေ- ဒီပြိုင်ပွဲမှာတုန်းက အင်္ဂလိပ်စာ အားနည်းတာ၊ လမ်းလျှောက်တဲ့အခါ လိုအပ်ချက်တွေ ရှိနေတာတွေကို အများကြီး သိခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စကားကို လေ့လာခဲ့သလို မော်ဒယ်ပိုင်းနဲ့ ပတ်သက်လို့လည်း လေ့လာအားထုတ် ဖြစ်ပါတယ်။ အထွေထွေဗဟုသုတမှာလည်း အားမနည်းရအောင် စာဖတ်ဖြစ်တယ်။ ပြိုင်ပွဲက နိုင်ငံတကာကို သွားပြိုင်ဖို့ ကိုယ်စားပြုအလှမယ် ရွေးတဲ့ပွဲဆိုတော့ တော်တော်လေးကို အတွေ့ အကြုံတွေရပါတယ်။
မေး- Miss Myanmar International ပြိုင်ပွဲမှာ ဆန်ခါတင်အလှမယ်ဖြစ်ခဲ့တော့ နိုင်ငံတကာ ခရီးသွားပြပွဲတွေရော သွားဖြစ်ခဲ့သေးလား။
ဖြေ- ခရီးသွား ပြပွဲအနေနဲ့ကတော့ ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်တဲ့ခရီးသွားပြပွဲကို တခြားအလှမယ်တွေနဲ့အတူ တက်ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီပြပွဲမှာ မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှု အလှအပတွေကို ပြောပြရသလို အိနုတို့ ရခိုင်က မြောက်ဦးဘုရားတွေနဲ့ တခြားဒေသဆိုင်ရာ အလှအပတွေ အကြောင်းကိုလည်း မျှဝေဖြစ်တယ်။ ထူးခြားတဲ့ အတွေ့အကြုံတွေပါပဲ။
မေး- Miss World Peace ပြိုင်ပွဲအတွက်ရော ဘာတွေလေ့လာ ပြင်ဆင်ထားလဲ။
ဖြေ- နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတစ်ခုမှာ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ရမှာဆိုတော့ တာဝန်ကြီးပါတယ်။ လေ့လာ ပြင်ဆင်ရတာတွေတော့ အများကြီးပါပဲ။ Catwalk ပိုင်းကို လေ့လာ ပြင်ဆင်ရသလို Talent အတွက်လည်း ရခိုင်ရိုးရာ ဆီမီးခွက်အကနဲ့ ကပြတင်ဆက်ဖို့ ပြင်ဆင်ထားပါတယ်။ အထွေထွေ ဗဟုသုတအတွက်လည်း အများကြီး လေ့လာထားသလို ဘာသာစကားကလည်း လေ့လာဖြစ်နေပါတယ်။ အိနု တတ်နိုင်တဲ့ အပိုင်းကတော့ အကောင်းဆုံး ကြိုးစားနေပါတယ်။
မေး- ပြိုင်ပွဲမှာ ဝတ်ဆင်မယ့် ဝတ်စုံတွေကရော ဘယ်သူတွေ ဖန်တီးပေးထားလဲ။
ဖြေ- ပြိုင်ပွဲအတွက်က National Cousume ကို ဒီဇိုင်နာမပုံ့ (My Favourite) က ပြင်ဆင်ပေးထားပြီး ညနေခင်းဝတ်စုံကိုတော့ ဒီဇိုင်နာ ပြည်စိုးအောင်က ဖန်တီးပေးထားပါတယ်။ တခြားပွဲတွေ၊ မိတ်ဆုံစားပွဲတွေ၊ လှုပ်ရှားမှုတွေ ပြုလုပ်ရာမှာ ဝတ်ဆင်ဖို့အတွက်ကတော့ ဒီဇိုင်နာ မင်းမင်းမြတ်က ဖန်တီးပေးထားပါတယ်။
မေး- ပြိုင်ပွဲရောက်တဲ့အခါမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လို အချက်တွေကို အဓိက မျှဝေပေးချင်လဲ။
ဖြေ- အဓိကတော့ မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှု အလှအပတွေ၊ ရိုးရာဓလေ့ထုံးစံတွေ၊ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ကူညီရိုင်းပင်း တတ်မှုတွေကို မျှဝေပေးချင်ပါတယ်။ နိုင်ငံပေါင်း ၉၄ နိုင်ငံက ပါဝင်ယှဉ်ပြိုင်မှာဆိုတော့ အတွေ့အကြုံတွေ အများကြီး မျှဝေနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ လတ်တလော အခြေအနေဆိုရင်တော့ မြန်မာနိုင်ငံမှာ ရေကြီးမှု ကြုံတွေ့ခဲ့ရတာတွေကို ပြန်လည်ဝေမျှချင်ပါတယ်။
မေး- Miss World Peace ပြိုင်ပွဲ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရော ဘာတွေမျှဝေဖြစ်မလဲ။
ဖြေ- အိနုတို့ တစ်ကမ္ဘာလုံးအတွက် ငြိမ်းချမ်းရေးက အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးရှိမှ ကျန်တဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာပါ။ အိနုတို့ တိုင်းပြည်မှာလည်း အဓိက လိုအပ်တဲ့ အကြောင်းရာတစ်ခုဆိုရင် ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးအတွက် လူတိုင်း ကြိုးပမ်းသင့်တယ်ဆိုတာကို မျှဝေဖြစ်မှာပါ။
မေး- မြန်မာ ကိုယ်စားပြု အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေဆိုရင်ရော ဘာတွေဖြစ်မလဲ။
ဖြေ- မြန်မာကိုယ်စားပြု အလှမယ် တစ်ယောက်အနေနဲ့ ကိုယ်ပိုင် အရည်အချင်းတွေကို အများအလယ်မှာ သေချာတင်ပြနိုင်ရမယ်။ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရာမှာလည်း အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ဖို့ လိုအပ်သလို စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း ကြံ့ခိုင်ဖို့ လိုအပ်ပါတယ်။ မြန်မာအမျိုးသမီးတွေရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ စိတ်နေစိတ်ထားကိုလည်း ကမ္ဘာတစ်ဝန်းက နိုင်ငံတွေက အလှမယ်တွေသိအောင် ပြင်ဆင်ထားသင့်တယ်။ ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားသင့်တယ်လို့ ထင်ပါတယ်။ အိနုကတော့ မြန်မာဆိုတဲ့ ဂုဏ်ကို အတတ်နိုင်ဆုံး မြှင့်တင်နိုင်အောင် ကြိုးစားသွားပါမယ်။
မေး- ပြိုင်ပွဲအတွက် ဘယ်နေ့သွားဖြစ်မလဲ။
ဖြေ- စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းကို သွားဖြစ်ပါမယ်။