ငါးကြိမ်မြောက်ဝဿန်ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ပြိုင်ပွဲကဏ္ဍတွင် မတူကွဲပြားသည့် အကြောင်းအရာစုံ၊ စိတ်ကူးပုံဖော်မှု အစုံဖြင့် ယှဉ်ပြိုင်ထားကြရာ၌ အကောင်းဆုံးမှတ်တမ်း ဇာတ်ကားဆုကိုThe Special One ဇာတ်ကားဖြင့် ဒါရိုက်တာလမင်းဦးက ဆွတ်ခူး ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာပရိသတ်များ စွဲလမ်းနှစ်သက်ရသည့် ပရီးမီးယားလိဂ် ဘောလုံးအသင်းများအနက် ချယ်လ်ဆီးဘောလုံးအသင်း၏ အမာခံပရိသတ်တစ်ဦးအကြောင်းကို ရယ်မောစရာအမြင်များဖြင့် ဖန်တီးထားသည့် အကောင်းဆုံး မှတ်တမ်းဇာတ်ကားဆုရှင် ကိုလမင်းဦးနှင့် တွေ့ဆုံမေးမြန်းဖြစ်ပါသည်။
မေး- ဝဿန်ရုပ်ရှင်ပွဲတော်ကို ဘယ်လိုဝင်ပြိုင်ဖြစ်ခဲ့တာလဲ ဆိုတာလေး အရင်ပြောပြပေးပါဦး။
ဖြေ- ဝဿန်ရုပ်ရှင်ပွဲတော်က မနှစ်က လည်းပြိုင်ခဲ့ဖူးပါတယ်။ ‘Homework’ ဇာတ် ကားနဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ Special Mention ဆုရခဲ့ပါတယ်။ ဒီနှစ်မှာလည်း ထပ်မံယှဉ်ပြိုင်ချင်တာနဲ့ ရိုက်ကူးထားပြီးသားရှိတဲ့ ဇာတ် ကားနဲ့ ပါဝင်ယှဉ်ပြိုင်ဖြစ်တာပါ။ ကျွန်တော်တIndependent Film Maker လောကမှာတော့ ဝဿန်ရုပ်ရှင်ပွဲတော်ကို မသိတဲ့သူ မရှိသလောက်ပါပဲ။ အဲဒါကြောင့်ပဲ ဒုတိယအကြိမ် ထပ်မံယှဉ်ပြိုင်ဖြစ်တာပါ။
မေး- အခုဆုရတဲ့ The Special One ဇာတ်ကားကို အရင်ကတည်းက ရိုက်ကူးခဲ့တာဆိုတော့ ဘယ်လိုရိုက် ကူးဖြစ်ခဲ့တာလဲ။ ဒီအကြောင်းအရာကို ရိုက်ကူးဖြစ်တဲ့ စိတ်ကူးကရော။
ဖြေ- ဒီအကြောင်းအရာက အရမ်းကြီး ထူးထူးခြားခြားကြီး မဟုတ်ပါဘူး။ ကျွန်တော့် သူငယ်ချင်း ဓာတ်ပုံသတင်းထောက်က ဆိပ်ကမ်းက ငါးလုပ်ငန်းတွေကို သတင်းသွားယူမယ် ဆိုတဲ့အခါ အဲဒီဆိပ်ကမ်းမှာရှိနေတဲ့ အခုဒီဇာတ်ကားမှာ အဓိကပါဝင်တဲ့သူ အကြောင်းက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ချယ်လ်ဆီးအသင်းကို အရမ်းကြိုက်ပြီး သူ့တပည့်တွေကို အဲဒီအသင်းအင်္ကျီတွေ ဝတ်ပြီး အလုပ်လုပ်ခိုင်းတဲ့ အကြောင်းအရာလေးကိုပဲ ရိုက်ကူးချင်တာနဲ့ ရိုက်ဖြစ်သွားတာပါ။
မေး- ဇာတ်ကားရိုက်ကူးချိန်မှာ အဓိကကြုံရတဲ့ အခက်အခဲနဲ့ ရိုက်ကူးချိန်ကရော ဘယ်လောက်ကြာမြင့်ခဲ့လဲ။
ဖြေ- အခက်အခဲက သိပ်မရှိပါဘူး။ အဓိက Character ဖြစ်တဲ့ အဲဒီအစ်ကိုကြီးကလည်း ကြည်ကြည်ဖြူဖြူပဲ ဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။ ငါးဈေးမှာ သူကလည်း အဓိကဖောက်သည်လို ဖြစ်နေတော့ သူပြောပေး တာနဲ့ပဲ ကျန်တဲ့အပိုင်းတွေ ရိုက်ရတာလည်း အဆင်ပြေပါတယ်။ ရိုက်တာကတော့ တစ်ရက်ပဲ အချိန်ယူရပါတယ်။ ကားဆက်တာကတော့ စိတ်တိုင်းကျဖြစ်တဲ့အထိ ဆက်တာဆိုတော့ အချိန်နှစ်လ၊ သုံးလလောက် ကြာမြင့်ခဲ့ပါတယ်။
မေး- ဒီကားကို ဝဿန်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ဆုရမယ်လို့ရော မျှော်လင့်ထားလား။
ဖြေ- စရိုက်တုန်းကတော့ ဆုတွေဘာတွေ မျှော်မှန်းပြီး ရိုက်ထားတာမျိုး မဟုတ်ပါဘူး။ ဇာတ်လမ်းအကြောင်းအရာကလည်း အရမ်းထူးခြားတဲ့ issue မျိုးမဟုတ်ဘူး။ ဒါပေမယ့် ဆန်ခါတင် ဇာတ်ကားအဖြစ် ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရတဲ့အခါ စိတ်ပူမိပါ တယ်။ ဒါပေမဲ့ ပရိသတ်က ဇာတ်ကားကြည့် ပြီးတဲ့အခါ Reaction အရမ်းကောင်းတာကို တွေ့ရတော့လည်း နည်းနည်းတော့ စိတ်လှုပ်ရှားမိပါတယ်။ ဆုမကြေညာခင် နောက်ဆုံး အချိန်အထိကတော့ စိတ်လှုပ်ရှားမိပါတယ်။
မေး- အမေရိကန်မှာ ရုပ်ရှင်ပညာရပ်နဲ့ ပတ်သက်ပြီး လေ့လာဖြစ်ခဲ့တယ်ဆို။
ဖြေ- အမေရိကန်သံရုံးကတစ်ဆင့် ရွေးချယ်တဲ့ ရုပ်ရှင်ပညာရပ်နဲ့ပတ်သက်တဲ့ Workshop ပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း တက်ရောက်ချင်တာကြောင့် လျှောက်ဖြစ်ခဲ့တာပါ။ နိုင်ငံပေါင်း ၁၁ နိုင်ငံက မှတ်တမ်းဇာတ်ကား ဖန်တီးသူတွေကို ရွေးချယ်ခေါ်ယူတာပါ။ Workshop က နှစ်ပတ်လောက် ကြာပါတယ်။ ဒီဆွေးနွေးပွဲကာလအတွင်းမှာ ရုပ်ရှင်ဖန်တီးမှုနဲ့ ပတ်သက်လို့ အတွေ့အကြုံတွေ အများကြီးရပါတယ်။
မေး- နောက်ပိုင်းရော မှတ်တမ်းဇာတ်ကား ရိုက်ကူးမှုကို ဆက်ပြီးလုပ်ဖြစ်မလား။
ဖြေ- ကျွန်တော် အမေရိကန်မှာ ကျောင်းတက်ပြီးတော့ ၂၀၁၃ ခုနှစ်မှာ ပြန်လာခဲ့ပါတယ်။ ဒီရောက်တဲ့အခါ သူငယ်ချင်းတွေနဲ့ ပေါင်းပြီးတော့ တန်ခူးရုပ်ရှင်ဆိုတဲ့ ထုတ်လုပ်ရေးတစ်ခု ထူထောင်ခဲ့ပါတယ်။ ဒီထုတ် လုပ်ရေးကနေNGO တွေက ရိုက်ကူးဖို့ အပ်တာလေးတွေ၊ ကုမ္ပဏီတွေက အပ်တာလေး တွေကို ရိုက်ကူးပါတယ်။ ဒါကတော့ ကျွန်တော်တို့ အဓိကဝင်ငွေရတဲ့ နေရာပေါ့လေ။ အဲဒီ ရိုက်ကူးရေးတွေကနေ အားတဲ့အချိန်မှာတော့ ကျွန်တော်တို့ဝါသနာပါတဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုကို လုပ်ဖြစ်တာပါ။ ဒါ ကြောင့် နောက်ပိုင်းလည်း မှတ်တမ်းဇာတ်ကားတွေကိုတော့ ရိုက်ကူးဖြစ်မှာပါ။
မေး- မှတ်တမ်းဇာတ်ကား ရိုက်ကူးတဲ့အခါ အကြောင်းအရာကိုပဲ အဓိကဦးတည်ရိုက်ကူးတာလား။ ကြည့် လိုက်ရတဲ့ ပရိသတ်ကို Message ပေးနိုင်တာမျိုးကို အဓိက ရွေးချယ်ဖြစ်လား။
ဖြေ-Documentary ဆိုတာက ဇာတ်လမ်းကောင်းဖို့ အဓိကလိုအပ်တယ်လို့ ထင်ပါ တယ်။ အကြောင်းအရာကို ရိုက်ကူးရင်းနဲ့ပဲ ကြည့်လိုက်ရတဲ့ ပရိသတ်က အသိအမြင် တစ်ခုခု ရသွားတာ၊ တွေးတောဆင်ခြင်စရာ တစ်ခုခု ရသွားတာမျိုးက ပိုကောင်းပါတယ်။