မိမိကြောင့် အများပြည်သူများ ပြဿနာများမဖြစ်စေရအောင် သတိနှင့်ယှဉ်ပြီး ဆောင်ရွက်သွားမည်ဟု သူရဦးရွှေမန်း ပြောကြား

မိမိကြောင့် အများပြည်သူများ ပြဿနာများမဖြစ်စေရအောင် သတိနှင့်ယှဉ်ပြီး ဆောင်ရွက်သွားမည်ဟု သူရဦးရွှေမန်း ပြောကြား
Published 15 August 2015

မိမိကြောင့် အများပြည်သူများ ဒုက္ခမတွေ့စေရ၊ အခက်အခဲမတွေ့စေရ၊ ပြဿနာများမဖြစ်စေရအောင် သတိနှင့်ယှဉ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥကဋ္ဌ သူရဦးရွှေမန်းက သြဂုတ် ၁၅ ရက်တွင် ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် "မိမိ၏ဆန္ဒအမှန်"ဟု ခေါင်းစဉ်တပ်ကာ ရေးသားပြောကြားခဲ့သည်။
"မိမိ၏ဆန္ဒအမှန်"ဟု ခေါင်းစဉ်တပ်ကာ နိုင်ငံနှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းရေးသာ အဓိကဦးတည်ဆောင်ရွက်ရန်မှာ မိမိ၏ ဆန္ဒအမှန် ဖြစ်ကြောင်း၊ နိုင်ငံနှင့် နိုင်ငံသားများ ဒုက္ခရောက်စေနိုင်သော မည်သည့်ကိစ္စကိုမှ မိမိမလုပ်သကဲ့သို့ အခြားသူများကိုလည်း မလုပ်စေလိုပါကြောင်း၊ ထိုစိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်ရာတွင် အခက်အခဲ၊ အကျပ်အတည်း၊ အတားအဆီးများစွာ ရှိနိုင်သည်ကို မိမိသိရှိထားပါကြောင်း၊ မိမိအနေဖြင့်လည်း အသက်အရွယ်ရရှိလာပြီဖြစ်၍ လုပ်ဆောင်ရန် အချိန်များစွာ မကျန်တော့ပါကြောင်း၊ ကံအားလျော်စွာ ပြည်သူ့ကိုယ်စားလှယ်၊ လွှတ်တော်ဥက္ကဌအဖြစ် ရောက်ရှိလာချိန်တွင် ပြည်သူအတွက် လုပ်ဆောင်ရန် အခွင့်အလမ်း ပိုမိုရရှိခဲ့ပါကြောင်း၊ လက်ညှိုးထောင်ခေါင်းညိတ် (မည်ကာမတ္တ လွှတ်တော်မျိုး)ကိုသာ တစ်ချို့က ဖြစ်စေလိုချိန်တွင် မိမိတို့က လွှတ်တော်သည် နိုင်ငံ၏ အသက်ဝိညာဉ်၊ အသက်သွေးကြောဖြစ်ကာ "လွှတ်တော် မရှိ ဒီမိုကရေစီ မရှိ၊ လွှတ်တော်ရှိမှ ဒီမိုကရေစီရှိသည်" ဟုခံယူပြီး ဆောင်ရွက်ခဲ့သည့် အချိန်မှစ၍ အခက်အခဲများစွာ ကြုံတွေ့လာရပါကြောင်း၊ နောင်တွင် အခက်အခဲထက် အန္တရာယ်များစွာ ကျရောက်လာအောင် ဖန်တီးလုပ်ဆောင်မှုများ ပေါ်ပေါက်လာနိုင်မည်ဟုလည်း ကြိုတင်သုံးသပ်မိခဲ့ပါကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်အဖြစ် တာဝန်ရှိလာသည့် (၅)နှစ်တာကာလအတွင်း ပြည်သူ့အတွက် ဘဝပေး၍ လုပ်ဆောင်သွားမည်ဟုလည်း အကြိမ်ကြိမ် မိမိကိုယ်မိမိ ကတိသစ္စာပြုကာ အားပေးခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိကြောင့် အများပြည်သူများ ဒုက္ခမတွေ့စေရ၊ အခက်အခဲမတွေ့စေရ၊ ပြသနာများမဖြစ်စေရအောင် သတိနှင့်ယှဉ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  ( "ပြည်သူအားလုံး" ဆိုသည်မှာ "အားလုံးသောနိုင်ငံသားများ" ကို သစ္စာပြုထားခြင်း ဖြစ်ပါသည်။) ဟု ရေးသားထားသည်။
သူရဦးရွှေမန်းက ''စေတနာ၊ မေတ္တာ၊ စာနာမှုများဖြင့် မိမိအား မေးမြန်းကြသည့် ပြည်သူများအား ကျေးဇူးတင်ရှိပါတယ်။ ပြည်သူလူထု၏ မေတ္တာ၊ စေတနာကို အလေးထားလေးစား တန်ဖိုးထားပြီး ပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန်အထိ ဆက်လက်ဆောင်ရွက်သွားပါမယ်။ အများအကျိုး ဆောင်ရွက်နိုင်ကြပါစေ''ဟုလည်း ပြည်သူလူထုထံသို့ ၎င်း၏ facebook စာမျက်နှာမှတစ်ဆင့် သြဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သေးသည်။
နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် သြဂုတ် ၁၃ ရက်က ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့အား အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။
ထိုသို့ အသစ်ပြန်လည် ဖွဲ့စည်းရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း အပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့အား ပါတီထိပ်ပိုင်းရာထူးများမှ ဖယ်ရှားခဲ့ပြီး အတွင်းရေးမှူး အဖွဲ့ဝင်များကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။
ပြန်လည်ဖွဲ့စည်းခဲ့သော ကော်မတီအသစ်တွင် ဦးသိန်းစိန် ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၊ ဦးဌေးဦး ဒုတိယဥက္ကဋ္ဌ/ဥက္ကဋ္ဌ ပူးတွဲတာဝန်၊ ဦးတင်ထွတ်၊ ဦးစိုးသာ၊ ဗဟိုအတိုင်ပင်ခံ/ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးခင်အောင်မြင့် ဗဟိုအတိုင်ပင်ခံ/အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် သူရဦးအေးမြင့်/ဒုတိယဥက္ကဋ္ဌ၊ ဗဟိုအကြံပေးများအဖြစ် ဦးသောင်း၊ ဦးလွန်းသီ၊ ဒေါက်တာချမ်းငြိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဒေါက်တာကျော်မြင့်၊ ဒေါက်တာမြဦးတို့ဖြစ်ပြီး ဦးတင်နိုင်သိန်း/အထွေထွေ အတွင်းရေးမှူး၊ ဦးသက်နိုင်ဝင်း/တွဲဖက် အထွေထွေအတွင်းရေးမှူးတို့ ဖြစ်သည်။
သူရဦးရွှေမန်းသည် လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးအဖြစ်ပင် ရှိနေသေးပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ဖြူးမြို့နယ်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
သူရဦးရွှေမန်းသည်၂၀၁၀ ရွေးကောက်ပွဲတွင် ဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတာဝန်နှင့် အလှည့်ကျ ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။
ခေတ္တရပ်နားထားသည့် လွှတ်တော်အစည်းအဝေးများ သြဂုတ် ၁၈ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent