လာမည့် လွှတ်တော်တွင် ဆွေးနွေးမည့် ဥပဒေကြမ်းများအား ဆွေးနွေးအတည်ပြုနိုင်ရန် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအနေဖြင့် အစည်းအဝေးများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဥပဒေကြမ်းကော်မတီအစည်းအဝေးများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ လာမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးရာတွင် အဆင်သင့်ဖြစ်စေရန်အတွက် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာများကို တင်သွင်းရန်အတွက် ဆောင်ရွက်နေကြောင်း ပြောကြားသည်။
“ကျွန်တော်တို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအနေနဲ့ အစည်းအဝေးတွေပြုလုပ်ပြီး ဆောင်ရွက်နေပါတယ်။ ကော်မတီမှာပါတဲ့ ကိုယ်စားလှယ်အားလုံးကတော့ မစုံနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ အချို့ကိုယ်စားလှယ်တွေနေတဲ့ ဒေသတွေမှာ ရေကြီးမှုတွေဖြစ်နေတဲ့အတွက် ကူညီကယ်ဆယ်မှုတွေ ဆောင်ရွက်နေကြတာလည်း ရှိပါတယ်။ လက်ရှိမှာတော့ ဥပဒေကြမ်းကော်မတီဝင်တချို့နဲ့ပဲ ဆောင်ရွက်နေပါတယ်”ဟု ပြောကြားသည်။
အရေးကြီး ဥပဒေများအနေဖြင့် မူပိုင်ခွင့်ဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ သမ္မတသဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသည့် ဥပဒေသုံးခုရှိကြောင်း သိရသည်။
အမျိုးသားလွှတ်တော်အနေဖြင့် မြန်မာ့အာမခံဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ငွေစုဘဏ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ အပင်မျိုးစိတ်ဥပဒေ စသည်ဖြင့်ရှိကြောင်း၊ မော်တော်ယာဉ်ဥပဒေ၊ အကျဉ်းထောင် ဥပဒေများလည်း ကျန်ရှိနေသေးကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။
“အကျဉ်းထောင်ဥပဒေဆိုရင်လည်း ကိုယ်စားလှယ်တွေက ဆွေးနွေးဆဲအဆင့်မှာပဲ ရှိသေးတယ်။ ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီအနေနဲ့ကတော့ အစီရင်ခံစာတွေကို လွှတ်တော်ကို တင်သွင်းထားတာပေါ့။ လွှတ်တော်မရှိသေးလို့ ဒါတွေကို မဆွေးနွေးနိုင်သေးရင် ဒီဟာတွေက ဆောင်ရွက်ဆဲ ဥပဒေတွေဖြစ်နေမှာပေါ့။ ရွေးကောက်ပွဲကလည်း နီးကပ်နေပြီဆိုတော့ စက်တင်ဘာ ၈ ရက် မတိုင်ခင်မှာ ဥပဒေကြမ်းတွေကို ပြီးပြတ်အောင် လုပ်ရမှာပေါ့”ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။
သြဂုတ် ၁၁ ရက်မှစ၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအစည်းအဝေးများ ပုံမှန်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးမည့် ဥပဒေကြမ်းများအား ကြိုတင်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဥပဒေကြမ်းကော်မတီအနေနဲ့ ဥပဒေများအား ပြီးပြတ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လွှတ်တော်စရင် ဆွေးနွေးနိုင်ဖို့ အသင့်ဖြစ်အောင် ဆောင်ရွက်ထားမယ်။ မျိုးစောင့်ဥပဒေလေးခုဆိုလည်း မပြီးပြတ်သေးဘူးလေ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သြဂုတ် ၁၈ ရက်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများ ကျင်းပမည်ဟု ကြေညာထားသည်။
လာမည့် လွှတ်တော်တွင်ဆွေးနွေးမည့် ဥပဒေကြမ်းများအား ဆွေးနွေးအတည်ပြုနိုင်ရန် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အစည်းအဝေးများ စတင်