သူရဦးရွှေမန်းအား ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိ၊ ပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန်အထိ ဆက်လက်ဆောင်ရွက်သွားပါမည်ဟု သူရဦးရွှေမန်း Facebook စာမျက်နှာမှတစ်ဆင့် ပြောကြား

သူရဦးရွှေမန်းအား ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိ၊ ပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန်အထိ ဆက်လက်ဆောင်ရွက်သွားပါမည်ဟု သူရဦးရွှေမန်း Facebook စာမျက်နှာမှတစ်ဆင့် ပြောကြား
Published 14 August 2015

ပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန်အထိ ဆက်လက်ဆောင်ရွက်သွားပါမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥကဋ္ဌ သူရဦးရွှေမန်းက ၎င်း၏ facebook စာမျက်နှာမှတစ်ဆင့် ပြည်သူလူထုထံသို့ သြဂုတ် ၁၄ ရက်တွင် ပြောကြားသည်။ 
သူရဦးရွှေမန်းက ''စေတနာ၊ မေတာ၊ စာနာမှုများဖြင့် မိမိအား မေးမြန်းကြသည့် ပြည်သူများအား ကျေးဇူးတင်ရှိပါတယ်။ ပြည်သူလူထု၏ မေတာ၊ စေတနာကို အလေးထား လေးစားတန်ဖိုးထားပြီး ပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန်အထိ ဆက်လက်ဆောင်ရွက်သွားပါမယ်။ အများအကျိုး ဆောင်ရွက်နိုင်ကြပါစေ''ဟု ပြည်သူလူထုထံသို့ ၎င်း၏ facebook စာမျက်နှာမှတစ်ဆင့် ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥကဋ္ဌ သူရဦးရွှေမန်းသည် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ လွှတ်တော်ဥကဋ္ဌရုံး တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။
''အဘကတော့ လွှတ်တော်ထဲမှာ ရုံးတက်နေပါတယ်။ ကျွန်တော်တို့ ဒီမနက် ရုံးတက်နေပါတယ်''ဟု သူရဦးရွှေမန်း၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး အောင်ဝင်းထွန်းက သြဂုတ် ၁၄ ရက် နံနက်တွင် ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥကဋ္ဌ သူရဦးရွှေမန်းအား နေအိမ်အကျယ်ချုပ် ချထားသည်ဆိုသော သတင်းများ ထွက်ပေါ်မှုကိုလည်း ၎င်းက ငြင်းဆိုခဲ့ပြီး ကောလာဟလသာ ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
ပါတီထိပ်ပိုင်းရာထူးများမှ ဖယ်ရှားခံခဲ့ရသည့် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ ဗဟိုအလုပ်အမှုဆောင် သူရဦးအောင်ကိုတို့အား ဖုန်းဖြင့် ဆက်သွယ်ရာ အဆက်အသွယ် မရခဲ့ပေ။
ဦးမောင်မောင်သိမ်း၏ ကိုယ်ရေးအရာရှိအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် ခရီးသွားနေကြောင်းနှင့် ဦးမောင်မောင်သိမ်း၏ ဖုန်း ပိတ်ထားလိမ့်မည်ဟုသာ ဖြေကြားသည်။
နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် သြဂုတ် ၁၃ ရက်က ဗဟိုအလုပ် အမှုဆောင် ကော်မတီ အစည်းအဝေး နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့အား အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း အပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အချို့အား ပါတီထိပ်ပိုင်းရာထူးများမှ ဖယ်ရှားခဲ့ပြီး အတွင်းရေးမှူး အဖွဲ့ဝင်များကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။ 
ပြန်လည်ဖွဲ့စည်းခဲ့သော ကော်မတီအသစ်တွင် ဦးသိန်းစိန် ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၊ ဦးဌေးဦး ဒုတိယဥက္ကဋ္ဌ/ဥက္ကဋ္ဌ ပူးတွဲတာဝန်၊ ဦးတင်ထွတ်၊ ဦးစိုးသာ၊ ဗဟိုအတိုင်ပင်ခံ/ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးခင်အောင်မြင့် ဗဟိုအတိုင်ပင်ခံ/အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် သူရဦးအေးမြင့်/ဒုတိယဥက္ကဋ္ဌ၊ ဗဟိုအကြံပေးများအဖြစ် ဦးသောင်း၊ ဦးလွန်းသီ၊ ဒေါက်တာချမ်းငြိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဒေါက်တာကျော်မြင့်၊ ဒေါက်တာမြဦးတို့ဖြစ်ပြီး ဦးတင်နိုင်သိန်း/အထွေထွေ အတွင်းရေးမှူး၊ ဦးသက်နိုင်ဝင်း/တွဲဖက် အထွေထွေ အတွင်းရေးမှူးတို့ဖြစ်ကြောင်း သိရသည်။ 
ထို့ပြင် သူရဦးရွှေမန်းအား ယခုကဲ့သို့ အာဏာရပါတီ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှ ဖယ်ရှားခဲ့သဖြင့် အခြားသော အရေးယူမှုများ ပြုလုပ်မည်သတင်းများ ထွက်ပေါ်နေခြင်းသည် မည်သည့်အတွက်ကြောင့်ဖြစ်ကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအား ၎င်းတို့အနေဖြင့် အဆိုပါကိစ္စရပ်သည် သက်ဆိုင်ခြင်း မရှိကြောင်း ဗဟိုအတွင်းရေးမှူး ဒေါက်တာမောင်မောင်ဌေးက သတင်းထောက်များအား သြဂုတ် ၁၃ ရက်တွင် ပြောကြားသည်။ 
“အဲဒါကျွန်တော်တို့နဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ အရေးယူမယ်ဆိုတဲ့ စကားကတော့ အခုချိန်ထိတော့ မပြောပါနဲ့” ဟု ဒေါက်တာမောင်မောင်ဌေးက ပြောကြားသည်။ 
သူရဦးရွှေမန်းသည်၂၀၁၀ ရွေးကောက်ပွဲတွင် ဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတာဝန်နှင့် အလှည့်ကျ ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။ 
ခေတ္တရပ်နားထားသည့် လွှတ်တော်အစည်းအဝေးများ သြဂုတ် ၁၈ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent