ရွေးကောက်ပွဲအတွက် ရွေးချယ်ထားရှိပြီးဖြစ်သော ကိုယ်စားလှယ်လောင်းများအား မပြောင်းလဲဘဲ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်

ရွေးကောက်ပွဲအတွက် ရွေးချယ်ထားရှိပြီးဖြစ်သော ကိုယ်စားလှယ်လောင်းများအား မပြောင်းလဲဘဲ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်
Published 14 August 2015

ရွေးကောက်ပွဲအတွက် ဆောင်ရွက်ထားရှိမှု အနေဖြင့် တိုင်းဒေသကြီး ပြည်နယ်အလိုက် စနစ်တကျ ရွေးချယ်ထားရှိပြီးဖြစ်သော ကိုယ်စားလှယ်လောင်းများအား မပြင်မဆင် မပြောင်းလဲဘဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သြဂုတ် ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။အဆိုပါ သတင်းထုတ်ပြန် ကြေညာချက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ် (၁/၂၀၁၅) အား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းကြေညာချက် ထုတ်ပြန်ပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပခဲ့ပါကြောင်း၊ ယင်းဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးမှ ပါတီ၏သဘောထား ရပ်တည်ချက်များကို စုပေါင်းချမှတ်ခဲ့ပါကြောင်း ဖော်ပြထားသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထား ရပ်တည်ချက်များမှာ (က) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပါတီ၏ရည်မှန်းချက်၊ ယုံကြည်ချက်နှင့် မူဝါဒများ ပြောင်းလဲမှု ရှိမည်မဟုတ်ဘဲ လုပ်ငန်းစဉ်များ  ချဉ်းကပ်အကောင်အထည် ဖော်ပုံဖော်နည်း ပြောင်းလဲတိုးတက် ကောင်းမွန်အောင် စွမ်းရည်မြင့်မားအောင် ကြိုးပမ်းသွားမည် ဖြစ်ပါသည်။ ( ခ) ပါတီတွင်း စည်းလုံးညီညွတ်ရေး၊ အခြားနိုင်ငံရေးပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ပြည်သူများနှင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ပိုမိုပူးပေါင်း ကြိုးပမ်းသွားရန် ရည်သန်လျက် ပြင်ဆင်ဖွဲ့စည်းခြင်း ဖြစ်ပါသည်။ ( ဂ) ပါတီသည် ပြည်သူ့အကျိုးအတွက် အစဉ်ဆောင်ရွက်ဟူသော ဆောင်ပုဒ်နှင့်အညီ လက်တွေ့ပီပြင်စွာ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်ဟု သတင်းထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။ထို့ပြင် ချမှတ်ထားသည့် ပါတီလုပ်ငန်းစဉ်များ အောင်မြင်ရန် ဆက်လက်ဆောင်ရွက်ရာတွင် ပါတီဝင် တစ်ဦးချင်း၊ အရည်အသွေး ကောင်းမွန်အောင် ကြိုးစားရေး၊ ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်ရေး၊ ပါတီစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်ရေး၊ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်ဟုလည်း ဖော်ပြထားသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁၁၄၇ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်  ၃၂၀ နေရာတွင်လည်းကောင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၆ နေရာတွင် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၃၂ နေရာတွင် လည်းကောင်း၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် (တိုင်းရင်းသားရေးရာဝန်ကြီး) ၂၉ နေရာတွင်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများတွင် လက်ရှိလွှတ်တော် ကိုယ်စားလှယ် သုံးပုံနှစ်ပုံ ပြန်လည်ပါဝင်ပြီး ကိုယ်စားလှယ်လောင်း အသစ်များ အနေဖြင့် အစိုးရအဖွဲ့ဝင် ၅၀ ဦးနှင့် တပ်မတော် အငြိမ်းစား ယူလိုက်သည့် တပ်မတော်ထိပ်ပိုင်း အဆင့်မြင့် အရာရှိကြီးများဖြစ်သည့် ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဒုတိယဗိုလ်ချုပ်ကြီး သောင်းအေး၊ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း အပါအဝင် တပ်မတော်သား ၅၉ ဦး ပါဝင်ကြောင်း သိရသည်။လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။  

Most Read

Most Recent