ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ နေအိမ်၌ နေထိုင်လျက်ရှိပြီး ရှမ်းပြည်နယ်ခရီးစဉ်အား ရွှေ့ဆိုင်းထား

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ နေအိမ်၌ နေထိုင်လျက်ရှိပြီး ရှမ်းပြည်နယ်ခရီးစဉ်အား ရွှေ့ဆိုင်းထား
Published 14 August 2015
မျိုးမင်းထက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ရှိ သူမ၏ နေအိမ်တွင် နေထိုင်လျက်ရှိပြီး ရှမ်းပြည်နယ်ခရီးစဉ်ကို ရွှေ့ဆိုင်းထားကြောင်း သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်   ရန်ကုန်မြို့ရှိ သူမ၏ နေအိမ်တွင်ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က သြဂုတ် ၁၃ ရက်က ဖြေကြားသည်။
 
ဒေါ်အောင်ဆန်းစုကြည်သည်  သြဂုတ် ၁၄ ရက်တွင် ရှမ်းပြည်နယ်အတွင်းရှိ ဆီဆိုင်၊ ဟိုပုံးနှင့် တောင်ကြီးမြို့များသို့ သွားရောက်ရန် စီစဉ်ထားသော်လည်း လက်ရှိတွင် ယင်းခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
 
“အခုမနက်တော့ (သြဂုတ် ၁၃ ရက်) သူတို့ ဖိတ်တဲ့ အဖွဲ့တွေကနေပြီးမှ ဒေါ်စုနဲ့ တွေ့မယ့် အရွေးခံထားရတဲ့ ကိုယ်စားလှယ်လောင်းတွေ ကိုယ်တိုင်က အဲဒီခရီးစဉ် ရွှေ့ဆိုင်းတယ်လို့ ပြောပါတယ်”ဟု ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်   အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက The Daily Eleven သတင်းစာကို ဖြေကြားသည်။
 
“ပအို့ဝ်ဒေသကနေ ဖိတ်တယ်။ ပအ့ိုဝ်ဒေသက ဖိတ်တာကို လက်ခံတယ်။ ပအို့ဝ်ဒေသ သုံးမြို့ရှိတယ်။ သုံးမြို့ရှိတဲ့အထဲမှာ နှစ်မြို့ကို သွားမယ်။ဆီဆိုင်နဲ့ ဟိုပုံးကိုသွားမယ်။ နောက်ပြီးတော့ တောင်ကြီးမှာ ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့မယ်။ ဒါပေမဲ့ အခုတော့ ဒီခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်”ဟု  ဒေါ်ခင်မိုးမိုးက ဆက်လက် ပြောကြားသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ မန်းသီတာဟိုတယ်တွင် သြဂုတ် ၉ ရက်က NLD ပါတီမှ ရွေး ကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့်တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံပြီးနောက် မင်းဘူးဒေသခံလူထုအား ပြည်သူလူထု ၅၁ သန်းကျော်၏ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိနေသည့်အပြင် ကိုယ်စားလှယ်လောင်းတစ်ထောင်ကျော်ကိုလည်း ကောင်းကောင်းကိုင်တွယ်နိုင်ကြောင်း ပြောကြားသည်။ နိုင်ငံတိုးတက်ချင်ပါက စနစ်ကို ပြောင်းရမည်ဖြစ်ပြီး စနစ်မပြောင်းပါက လူငယ်များ၏ အနာဂတ်သည် အာမခံချက်မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်းဒေသကြီးခရီးစဉ်အတွင်း ပြောကြားထားပြီး ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအား ဆန်အိတ်များ သွားရောက်လှူ ဒါန်းကာ အားပေးစကားပြောကြားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၁ ရက်တွင်  ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်မြို့တွင် NLD ပါတီမှ  ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံခဲ့ပြီး ရွှေတောင်၊ ဝက်ပုတ်၊ ပေါင်းတည်၊ နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊  အုတ်ဖို၊ မင်းလှနှင့် လက်ပံတန်းမြို့ များတွင် ဒေသ ခံလူထုအား ရွေးကောက်ပွဲနှင့်ပတ်သက် သည့်အကြောင်းအရာများကို တွေ့ဆုံဟော ပြောခဲ့သည်။    
 

Most Read

Most Recent