သူရဦးရွှေမန်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားပြီး ပါတီခေါင်းဆောင်ပိုင်းများအား ပြောင်းလဲမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် သြဂုတ် ၁၃ ရက်က ဗဟိုအလုပ် အမှုဆောင် ကော်မတီ အစည်းအဝေး နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့အား အသစ်ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း အပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အချို့အား ပါတီထိပ်ပိုင်းရာထူးများမှ ဖယ်ရှားခဲ့ပြီး အတွင်းရေးမှူး အဖွဲ့ဝင်များကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။
ထိုသို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဖွဲ့စည်းမှုကို ပြည်ခိုင်ဖြိုးပါတီမှ ကြေညာချက် ထုတ်ပြန်ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖြစ်သော ဦးသိန်းစိန်သည် နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ရသည့်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပုဒ်(၉၉/ခ)အရ ပါတီတာဝန်များကို ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းအား ဥက္ကဋ္ဌတာဝန် ပူးတွဲထမ်းဆောင်ရန် တာဝန်ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။
ဒုတိယဥက္ကဋ္ဌ/ဥက္ကဋ္ဌပူးတွဲတာဝန် ဦးရွှေမန်းသည် နိုင်ငံတော်အတွက် ကြီးလေးသော တာဝန်များဖြစ်သည့် ပြည်ထောင်စု လွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အချိန်ပြည့် ထမ်းဆောင်နေရသူဖြစ်၍ ယခုအချိန်တွင် ပါတီလုပ်ငန်းများကို ပိုမို၍ဖိဖိစီးစီး ဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်သည့်အတွက် ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဒုတိယဥက္ကဋ္ဌ/ ဥက္ကဋ္ဌ ပူးတွဲတာဝန်အား သူရဦးရွှေမန်းအစား ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးထံသို့ သြဂုတ် ၁၂ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ဒုတိယဥက္ကဋ္ဌ/ဥက္ကဋ္ဌ ပူးတွဲတာဝန်ဦးဌေးဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံများ၊ ဒုတိယဥက္ကဋ္ဌဗဟို အကြံပေးများ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြင့် ဆွေးနွေးညှိနှိုင်းချက်အရ ပါတီစည်းလုံး ညီညွတ်ရေးနှင့် ပါတီကို လူကြီး၊ လူလတ်၊ လူငယ်တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်ကြောင်း သုံးသပ်ခဲ့သည်ဟု ဖော်ပြထားသည်။
သို့ဖြစ်၍ ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း အပိုဒ်(၁၁၄)(င)အရ လည်းကောင်း၊ အပိုဒ်(၆၈)(က)နှင့် အပိုဒ်(၉၀)(ဆ)တို့တွင် ပြင်ဆင်ဖြည့်စွက်ချက်နှင့်အညီ ထူးခြားသော အခြေအနေများ ပေါ်ပေါက်ပါက နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး၊ ပါတီအကျိုးအတွက် ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီ၏ သဘောတူညီချက်ဖြင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီအသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြထားသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းပြီးနောက် သတင်းထုတ်ပြန်ချက်အား ပါတီရုံးဝင်းအတွင်းရှိ ကားဆင်ဝင်အောက်တွင် ဗဟိုအတွင်းရေးမှူးများက ဖတ်ကြားရှင်းလင်းစဉ် (ဓာတ်ပုံ - ကျော်ဇင်ဝင်း)
ပြန်လည်ဖွဲ့စည်းခဲ့သော ကော်မတီအသစ်မှာ ဦးသိန်းစိန်ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၊ ဦးဌေးဦး ဒုတိယဥက္ကဋ္ဌ/ဥက္ကဋ္ဌ ပူးတွဲတာဝန်၊ ဦးတင်ထွတ်၊ ဦးစိုးသာ၊ ဗဟိုအတိုင်ပင်ခံ/ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဦးခင်အောင်မြင့် ဗဟိုအတိုင်ပင်ခံ/အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် သူရဦးအေးမြင့်/ဒုတိယဥက္ကဋ္ဌ၊ ဗဟိုအကြံပေးများအဖြစ် ဦးသောင်း၊ ဦးလွန်းသီ၊ ဒေါက်တာချမ်းငြိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဒေါက်တာကျော်မြင့်၊ ဒေါက်တာမြဦးတို့ဖြစ်ပြီး ဦးတင်နိုင်သိန်း/အထွေထွေ အတွင်းရေးမှူး၊ ဦးသက်နိုင်ဝင်း/တွဲဖက် အထွေထွေ အတွင်းရေးမှူးတို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဗဟိုအတွင်းရေးမှူးများမှာ ဦးပိုက်ထွေး၊ ဒေါက်တာမောင်မောင်ဌေး၊ ဦးသန်းထွန်း၊ ဒေါက်တာကျော်ကျော်ဌေး၊ ဒေါ်ဝင်းမော်ထွန်းတို့ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် ဦးအုန်းမြင့်၊ ဦးသိန်းအောင်၊ ဦးကျော်ဆန်း၊ ဦးသိန်းညွန့်၊ သူရဦးမြင့်မောင်၊ ဦးအောင်မင်း၊ ဦးသန်းဌေး၊ ဦးဘုန်းဆွေ၊ ဦးဉာဏ်ထွန်းအောင်နှင့် ဦးစိုးနိုင်တို့ ဖြစ်သည်။
ဗဟိုအလုပ် အမှုဆောင်များအဖြစ် ဦးစိုး သိန်း၊ ဦးမောင်ဦး၊ ဦးရဲမြင့်၊ ဦးသာအေး၊ ဦးမြင့်ဆွေ၊ ဦးဉာဏ်ဝင်း၊ ဦးလဂျွန်ငန်ဆိုင်း၊ ဦးဟုန်းငိုင်း၊ ဦးမြတ်ကို၊ ဦးဘုန်းမော်ရွှေ၊ ဦးစဝ် အောင်မြတ်၊ ဦးမောင်မောင်ဆွေ၊ ဦးအောင်ထွန်း၊ ဦးလှသိန်းဆွေ၊ ဦးနန္ဒကျော်စွာ၊ ဦးမြညိမ်း၊ ဦးခင်ရီ၊ ဦးမြတ်ဟိန်း၊ ဦးလှဌေးဝင်း၊ သူရဦးသက်ဆွေ၊ ဦးမြင့်စိုး၊ ဦးဝေလွင်နှင့် ဒေါ်ဝေေ၀သာတို့ ဖြစ်သည်။
ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ချက်ကို ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ အနီးကပ်ဆုံး ပါတီဗဟိုကော်မတီ အစည်းအဝေးနှင့် ပါတီညီလာခံသို့ တင်ပြအတည်ပြုချက် ရယူသွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် သူရဦးရွှေမန်း ပါဝင်ခြင်း မရှိကြောင်း သိရသည်။
“ကျွန်တော်တို့အပိုင်း သမ္မတအပိုင်းကတော့ ပြောလို့ရတာတော့ ပြောပေးမယ်။ နံပါတ်တစ် အချက်ကတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌက ဦးသိန်းစိန်ပေါ့နော် သမ္မတဖြစ်တယ်။ သမ္မတကြီးပဲ ဥက္ကဋ္ဌဖြစ်တယ်။ သို့သော် ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရာထူးသက်တမ်းအတွင်းမှာ ပါတီလုပ်ငန်းတွေ ဆောင်ရွက်ခြင်း မပြုရဆိုပြီး ကန့်သတ်ထားတယ်။ ကန့်သတ်ထားတဲ့အတွက် ကျွန်တော်တို့က သမ္မတကြီးက ပါတီဥက္ကဋ္ဌတာဝန် လုပ်လို့မရဘူး။ လုပ်လို့မရတော့ အကြောင်းအမျိုးမျိုးကြောင့် ပါတီဥက္ကဋ္ဌက ပါတီဥက္ကဋ္ဌ တာဝန်မထမ်းဆောင် နိုင်ဘူးဆိုရင် ဒုတိယဥက္ကဋ္ဌတစ်ဦးကို ပါတီရဲ့စည်းမျဉ်းအရပေါ့နော်။ လွှဲပေးရမယ် ဆိုတာရှိတယ်။ အဲဒီတော့ ပါတီရဲ့ ခေါင်းဆောင်မှု ဥက္ကဋ္ဌအဖြစ် ဥက္ကဋ္ဌ ပူးတွဲတာဝန်ကို ဒုဥက္ကဋ္ဌထဲမှာ ဝါစဉ်အမြင့်ဆုံးဖြစ်တဲ့ ဦးရွှေမန်းကို လွှဲပေးခဲ့တယ်။ သမ္မတကြီးကိုယ်တိုင် လက်မှတ်ထိုးပြီး လွှဲပြောင်းပေးခဲ့တယ်။ လွှဲပြောင်းပေးခဲ့တဲ့ဟာမှာ အခုနောက်ဆုံးမှာတော့ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေကနေပြီးတော့ သမ္မတကြီးဆီကို လက်မှတ်ရေးထိုးပြီး စာနဲ့တင်ပြ တောင်းဆိုလာတယ်။ တောင်းဆိုလာတဲ့ ဟာကတော့ ပါတီတွင်း ကိစ္စပေါ့နော်။ တောင်းဆိုလာတဲ့ အတွက် အဲဒါပါတီရဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ စုပေါင်းတောင်းဆိုမှုအရ သမ္မတကြီးက ဦးရွှေမန်းကို လွှဲပေးခဲ့တဲ့ ဥက္ကဋ္ဌပူးတွဲ တာဝန်ကို အခုဒုဥက္ကဋ္ဌတွေထဲက ဝါစဉ်အမြင့်ဆုံးဖြစ်တဲ့ ဦးဌေးဦးပေါ့နော်။ ဦးဌေးဦးကို ပါတီမှာ သက်တမ်းရင့်တယ်။ ပါတီအတွေ့အကြုံတွေရှိတယ်။ အတွင်းရေးမှူး ဘဝကတည်းက အထွေထွေ အတွင်းရေးမှူးနဲ့ လုပ်လာတဲ့ ဦးဌေးဦးကို ပါတီဥက္ကဋ္ဌ ပူးတွဲတာဝန် ထမ်းဆောင်ဖို့ ပါတီ စည်းမျဉ်း ၉၉ အပိုဒ် (ခ)အရ ၁၂ရက် မနေ့ ကနေ လွှဲပြောင်းပေးလိုက်တယ်။ ကျန်တာကတော့ အခုထွက်ပေါ်နေတဲ့ ဖမ်းဆီးတာ၊ ထိန်းသိမ်းတာ မရှိဘူး။ နောက်တစ်ချက် တပ်ကနေပြီးတော့ တပ်ဖွဲ့တွေပါတယ် ဆိုတာလဲ မဟုတ်ဘူး။ နောက်တစ်ချက် ရဲတွေ၊ ဘာတွေနဲ့ ဘာညာ ဆိုတာလဲ မဟုတ်ဘူး။ အဲဒီမှာတော့ ရဲကတော့ ကျွန်တော်တို့ ပါတီမှာပေါ့နော်။ လုံခြုံရေးအရပေါ့နော်။ သူတို့တောင်းဆိုတဲ့ အခါမှာ နယ်မြေခံရဲက လုပ်ပေးတာရှိတယ်။ ဒါလဲ နည်းနည်းလေးပဲ။ အများကြီး မပါဘူးလို့ သိရတယ်” ဟု သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးက သြဂုတ် ၁၃ ရက်တွင် ပြောကြား သည်။
သူရဦးရွှေမန်း အနေဖြင့် ပြည်ခိုင်ဖြိုး ပါတီဝင်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ်လည်း ရှိနေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာမောင်မောင်ဌေးက ပြောကြားသည်။
နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်၌ သြဂုတ် ၁၃ ရက်က ပြုလုပ်ခဲ့သည့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းပြီးနောက် သတင်းထုတ်ပြန်ချက်အား ပါတီရုံးဝင်း အတွင်းရှိ ကားဆင်ဝင်အောက်တွင် ဗဟိုအတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးပိုက်ထွေး၊ ဦးသန်းထွန်း၊ ဒေါက်တာမောင်မောင်ဌေးတို့က သတင်းထုတ်ပြန်ချက်အား ဖတ်ကြားရှင်းလင်းမှုအပြီး ပါတီထိပ်ပိုင်းမှ ဖယ်ရှားခံလိုက်ရသည့် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း အနေဖြင့် ပါတီဝင်အဖြစ် ဆက်လက်ရှိ၊ မရှိမေးမြန်းမှုကို ဒေါက်တာမောင်မောင်ဌေးက ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ပါတီဝင်ပါပဲ။ ပါတီဝင် အနေနဲ့ကကော လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ကော သူတို့က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိက တကယ်တမ်းသည် သူရဦးရွှေမန်းသည် ပါတီရဲ့ ဒုဥက္ကဋ္ဌတာဝန် ဖြစ်ပါတယ်။ သို့သော် ပါတီဒုဥက္ကဋ္ဌ တာဝန်ကို ပြီးခဲ့တဲ့ ၂၀၁၀ မှာ နိုင်ငံတော် သမ္မတကကြီးက ပါတီအလုပ် လုပ်လို့မရတဲ့ အတွက် သူရဲ့ဥက္ကဋ္ဌတာဝန်ကို ခေတ္တလွှဲပြောင်း တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီကနေ့ကာလမှာတော့ ကျွန်တော်တို့ ဦးရွှေမန်းအနေနဲ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကော ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကော ကြီးလေးတဲ့နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ တာဝန်တွေကို အဓိကထားပြီးတော့ ထမ်းဆောင်နေရတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ပါတီရဲ့ ရှေ့ပိုင်းမှာ မကြာခင်မှာ ဆောင်ရွက်ရတော့မယ့် ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်တွေမှာ ပိုမိုပြီးတော့ ထိထိရောက်ရောက်နဲ့ စည်းရုံးနိုင်အောင်လို့ အခုပြန်ပြင်ဆင် ဖွဲ့စည်းခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းအဖြစ် ရှိပါတယ်။ ဆက်ပြီးတော့မှ သူရဲ့လွှတ်တော် နယ်မြေကနေပြီးတော့ ကိုယ်စားလှယ်လောင်းအဖြစ် ရှိပါတယ်” ဟု ဒေါက်တာမောင်မောင်ဌေးက ပြောကြားသည်။
ထို့ပြင် သူရဦးရွှေမန်းအား ယခုကဲ့သို့ အာဏာရပါတီ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှ ဖယ်ရှားခဲ့သဖြင့် အခြားသော အရေးယူမှုများ ပြုလုပ်မည်သတင်းများ ထွက်ပေါ်နေခြင်းသည် မည်သည့်အတွက်ဖြစ်ကြောင်း သတင်းထောက် တစ်ဦး၏ မေးမြန်းမှုအား ၎င်းတို့ အနေဖြင့် အဆိုပါ ကိစ္စရပ်သည် သက်ဆိုင်ခြင်း မရှိကြောင်း ဒေါက်တာမောင်မောင်ဌေးက ပြောကြားသည်။
“အဲဒါကျွန်တော်တို့နဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ အရေးယူမယ်ဆိုတဲ့ စကားကတော့ အခုချိန်ထိတော့ မပြောပါနဲ့” ဟု ဒေါက်တာမောင်မောင်ဌေးက ပြောကြားသည်။
သူရဦးရွှေမန်းသည်၂၀၁၀ ရွေးကောက်ပွဲတွင် ဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတာဝန်နှင့် အလှည့်ကျ ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။
အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းနှင့် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်အချို့ ပြန်လည်ပါဝင်လာခြင်း မရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ကြေညာချက်အရ သိရသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၄ ရက် ပြည်ခိုင်ဖြိုးပါတီ ပထမအကြိမ် ပါတီညီလာခံ ဆုံးဖြတ်ချက်အရ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၄၄ ဦးရှိပြီး ယခု ပြန်လည်ဖွဲ့လိုက်သည့် ဗဟိုအလုပ် အမှုဆောင် ကော်မတီတွင် ၅၃ ဦးဖြစ်လာသည်။ ၂၀၁၂ ခုနှစ် စာရင်းကို အခြေတည်ပြီး တွက်ချက်ပါက ရှစ်ဦးဖယ်ရှားခံရပြီး ၁၈ ဦး အသစ်ပါဝင် လာခဲ့သည်။ ဖယ်ရှားခံရသူများမှာ သူရဦးရွှေမန်း၊ ဦးမောင်မောင်သိမ်း၊ သူရဦးအောင်ကို၊ ဦးအောင်သိန်းလင်း၊ ဦးအောင်ကြည်၊ ဦးအောင် ရှိန်၊ ဦးဇော်မြင့်ဖေ၊ ဦးမောင်ပါ တို့ဖြစ်ပြီး အသစ်ဝင်လာသူများမှာ ဦးသက်နိုင်ဝင်း၊ ဦးပိုက်ထွေး၊ ဒေါက်တာမောင်မောင်ဌေး၊ ဦးသန်းထွန်း၊ ဒေါက်တာကျော်ကျော်ဌေး၊ ဦးဝင်းမော်ထွန်း၊ ဦးလဂျွန်ငန်ဆိုင်း၊ ဦးဟုန်းငိုင်း၊ ဦးမြတ်ကို၊ ဦးဘုန်းမော်ရွှေ၊ ဦးစဝ်အောင်မြတ်၊ ဦးခင်ရီ၊ ဦးမြတ်ဟိန်း၊ ဦးလှဌေးဝင်း၊ သူရဦး သက်ဆွေ၊ ဦးမြင့်စိုး၊ ဦးဝေလွင်၊ ဒေါ်ဝေေ၀သာ တို့ဖြစ်ကြသည်။