ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁၁၄၇ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီအထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းက နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် သြဂုတ် ၁၂ ရက်၌ ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကြိုဆိုတွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသည်။အဆိုပါ ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်မှုအရ မဲဆန္ဒနယ် ၁၁၇၉ နေရာအနက် ၁၁၄၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၃၂ နေရာ ချန်လှပ်ထားမည်ဖြစ်ကာ အဆိုပါ ၃၂ နေရာသည် တိုင်းရင်းသား မိတ်ဖက်နေရာများ ဖြစ်သဖြင့် ချန်လှပ်ထားခြင်းဖြစ်ကြောင်း ပါတီအထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောကြားသည်။ထို့အတူ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် မဲဆန္ဒနယ် ၁၁၄၇ နေရာတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ အနက် ၃၂၀ နေရာတွင် လည်းကောင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာအနက် ၁၆၆ နေရာတွင် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၅၂ နေရာအနက် ၆၃၂ နေရာတွင် လည်းကောင်း၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် (တိုင်းရင်းသားရေးရာဝန်ကြီး) ၂၉ နေရာအနက် ၂၉ နေရာအပြည့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။“စုစုပေါင်း ၃၂ မပြိုင်ပါဘူး။ ဟုတ်ပါတယ်နော်။ အဲဒီတော့ ကချင်ပြည်နယ်မှာ မိတ်ဖတ်ခုနစ်ဦးအဖွဲ့ ပါပါတယ်။ မပြိုင်တာကတော့ ဟိုပုံးရယ်၊ ဆီဆိုင်ရယ်၊ ပင်လောင်းမှာရှိတဲ့ အမျိုးသားလွှတ်တော် မပြိုင်ပါဘူး။ အဲဒီနေရာမှာတော့ တိုင်းရင်းသားပါတီတွေ ရှိတဲ့အတွက် အဲဒီမှာရှိတဲ့ ပအိုဝ်းပါတီတို့ အဲဒီအဖွဲ့တွေကို သူတို့ကို ဦးစားပေးတဲ့ အနေနဲ့ ကျွန်တော်တို့က ညှိပြီးတော့ မပြိုင်ခြင်း ဖြစ်ပါတယ်။ အလားတူပဲ ဟိုပန်၊ ပန်ဝိုင်း၊ နားဖန်၊ မိုင်းပေါ်၊ ပန်ဆန်း ရှိပါတယ်။ အဲဒီက ‘ဝ’ ဒေသပါပဲ။ အဲဒီတော့ ‘ဝ’ ဒီမိုကရက်တစ် ပါတီက ‘ဝ’ တိုင်းရင်းသားတွေပဲ ကြိုက်တဲ့သူကို သူတို့ရွေးပါလို့ အခွင့်အရေးပေးထားတဲ့အတွက် အဲဒီ ၁၂ နေရာကို မပြိုင်ပါဘူး။ အလားတူပဲ မက်မန်းနဲ့ မိုင်းလားနှစ်နေရာမှာလည်း ကျွန်တော်တို့ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘဲနဲ့ အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသားပါတီတွေကိုပဲ ပြိုင်ခိုင်းတဲ့သဘော ဖြစ်ပါတယ်” ဟု ပါတီအတွင်းရေးမှူး ဦးသိန်းဆွေက ပြောကြားသည်။အဆိုပါ ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပြန်သည့် မဲဆန္ဒနယ် ၁၁၇၉ နေရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် စုစုပေါင်း မဲဆန္ဒနယ်ထက် ရှစ်နေရာ ပိုနေကြောင်း တွေ့ရှိရသည်။အဆိုပါ ရှစ်နေရာမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် စုစုပေါင်း ၆၄၄ နေရာအား ပြည်ခိုင်ဖြိုးပါတီမှ ၆၅၂ နေရာဟု သတ်မှတ်ထားခြင်းဖြစ်ကာ ယင်းရှစ်နေရာသည် တနင်္သာတိုင်းဒေသကြီး တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်နေရာ ၂၀ အား ၂၈ နေရာအဖြစ် ယှဉ်ပြိုင်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။တနင်္သာတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း တနင်္သာတိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် နေရာ ၂၀ သာရှိကြောင်း ကော်မရှင်တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။သို့ဖြစ်၍ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ယှဉ်ပြိုင်ခြင်းမရှိဘဲ ချန်လှပ်မဲဆန္ဒနယ်မှာ ၂၄ နေရာသာ ရှိမည်ဖြစ်သည်။ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများတွင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံ ပြန်လည်ပါဝင်ပြီး ကိုယ်စားလှယ်လောင်း အသစ်များ အနေဖြင့် အစိုးရအဖွဲ့ဝင် ၅၀ ဦးနှင့် တပ်မတော် အငြိမ်းစားယူလိုက်သည့် တပ်မတော်ထိပ်ပိုင်းအဆင့်မြင့် အရာရှိကြီးများဖြစ်သည့် ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဒုတိယဗိုလ်ချုပ်ကြီး သောင်းအေး၊ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း အပါအဝင် တပ်မတော်သား ၅၉ ဦး ပါဝင်ကြောင်း သိရသည်။“အစိုးရအဖွဲ့တချို့ ပုဂ္ဂိုလ်တွေ အရွေးချယ် မခံဘူးဆိုတာ ရှိပါတယ်။ တချို့ပုဂ္ဂိုလ်တွေ အရွေးချယ်ခံတာလည်း ရှိပါတယ်။ အဲဒီတော့ အများစုကတော့ ကျွန်တော်တို့ပါတီ အလံတော်အောက်ကပဲ အရွေးချယ်ခံမှာ ဖြစ်ပါတယ်။ သို့ရာတွင် အနည်းစုလေး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ပါတီက ဒီနေရာမှာရွေးဖို့ သင့်တော်တယ်လို့ မေတ္တာရပ်ခံသော်လည်းပဲ မရွေးချယ်ဘဲ သူပါဝင်နိုင်မယ်လို့ ထင်တဲ့နေရာမှာ တစ်သီးပုဂ္ဂလအနေနဲ့ သွားအရွေးချယ်ခံတာ တစ်ဦးစ၊ နှစ်ဦးစတော့ ရှိနိုင်ပါတယ်” ဟု ဦးသိန်းဆွေက ပြောကြားသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် လက်ရှိတွင် ပါတီဝင်အင်အား ၅၆ သိန်းကျော်ရှိကြောင်း သိရသည်။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
ပြည်ခိုင်ဖြိုးပါတီမှ တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁၁၄၇ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်
Most Read
Most Recent
2 hours ago