အစိုးရအဖွဲ့မှ ပေးပို့ထားသည့် ကိုယ်စားလှယ်လောင်းစာရင်းတွင် သမ္မတဦးသိန်းစိန် ပါဝင်ခြင်းမရှိသေးဘဲ အမျိုးသားနိုင်ငံရေး လုပ်မည်ဟု သမ္မတက ပြောဆိုခြင်းသည် ပြည်ခိုင်ဖြိုးသို့ ပြန်မလာတော့ဟု ထင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားသည်။
ဇူလိုင် ၁၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် သတင်းထောက်တစ်ဦး၏ သမ္မတကြီးက အမျိုးသားနိုင်ငံရေး လုပ်မည်ဟု ပြောကြားခြင်းသည် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အစုအဖွဲ့မှ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံမည်ဟု သဘောပြောကြားခြင်း ဟုတ် မဟုတ် သိရှိလိုကြောင်း မေးမြန်းမှုအား ၎င်းက ထိုသို့ဖြေကြား ခဲ့ခြင်းဖြစ်သည်။
“ပါတီနိုင်ငံရေး မလုပ်တော့ဘူး။ အမျိုးသားနိုင်ငံရေးပဲ လုပ်မယ်ဆိုတာတော့ ထင်တယ်။ ပြည်ခိုင်ဖြိုးပါတီကို ပြန်မလာဘူးလို့ ထင်ပါတယ်” ဟု သူရဦးအောင်ကိုက ဆိုသည်။
ထို့ပြင် အခြားသတင်းထောက် တစ်ဦးက ရွေးကောက်ပွဲရက် ကြေညာပြီး ဖြစ်သဖြင့် ပါတီတိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်နေပြီ ဖြစ်သဖြင့် သမ္မတ ဦးသိန်းစိန်အနေဖြင့် ပါတီသို့ လုံးလုံးပြန်မလာခြင်း (သို့မဟုတ်) ပါတီက မူဝါဒချမှတ်ထားခြင်း မည်သည့်သဘောကို ဆိုလိုခြင်းဖြစ်ကြောင်း မေးမြန်းမှုအပေါ် “သမ္မတကြီးက ပါတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူပါတီ ပြန်မလာတော့ဘူးဆိုတာ နိုင်ငံရေး အသိုင်းအဝန်းရဲ့ခန့်မှန်းချက်ပဲ ဖြစ်ပါတယ်။ ပြန်လာမယ် ဆိုလို့ရှိရင်လည်း ပါတီကလက်ခံမှာပါ။ လက်ခံမယ်ဆိုလို့ရှိရင် တတိယအကြိမ် ပါတီညီလာခံ ကျင်းပရပါမယ်။ ကျင်းပမယ့် ကာလသည် ၂၀၁၅ အကုန် ၂၀၁၆ အစလောက်မှာ ဖြစ်နိုင်ပါတယ်။ အဲဒီအခါမှာ သမ္မတကြီး ဆန္ဒရှိရင် ပါတီခေါင်းဆောင်၊ ပါတီဥက္ကဋ္ဌအဖြစ် ပါတီဝင်ထုရဲ့ ဆန္ဒသဘောထားနဲ့အညီ ပြန်လည်ရွေးချယ်ရမှာ ဖြစ်ပါတယ်” ဟု သူရဦးအောင်ကိုက ပြောကြားသည်။
ထို့အတူ လွှတ်တော်တွင်း၌ ပုဒ်မ ၄၃၆ (က) ဆွေးနွေးစဉ်က ဒုတိယသမ္မတ သုံးဦးသည် လွှတ်တော်ကိုယ်စားလှယ်ထဲမှ ရွေးချယ်ရမည်ဟု ပုဒ်မ ၆၀ (ဂ) ပြင်ဆင်ချက်အား အပြည့်အ၀ ထောက်ခံဆွေးနွေး ခဲ့သည်ကို မှတ်မိကြမည်ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်ထဲက ဒုတိယသမ္မတများအား ရွေးချယ်တင်မြှောက်မှသာ ပြည်သူအပေါ် ပြန်လှည့်ကြည့်မည် ဖြစ်သဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ပြင်ဆင်ချက်အား အခိုင်အမာ ရပ်တည်ဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း သူရဦးအောင်ကိုက ဆိုသည်။
“လွှတ်တော်ကိုယ်စားလှယ်ထဲက ရွေးချယ်တင်မြှောက်မှသာလျှင် အဲဒီဒုတိယသမ္မတများ၊ သမ္မတများသည် ပြည်သူအပေါ်မှာ ပြန်လှည့်ကြည့်မှာ ဖြစ်ပါတယ်။ ပြည်သူပေါ်မှာ မျက်နှာနာမှာ ဖြစ်ပါတယ်။ သူတို့ကို ပြည်သူက ရွေးကောက်တင်မြှောက် ပေးလိုက်သည့် ကျေးဇူးတရားကို မမေ့မှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူထဲကသာ တာဝန်ပေးပြီးသွားမယ် ဆိုရင်တော့ ပြည်သူပေါ်မှာ မျက်နှာနာဖို့လည်း မရှိပါဘူး။ ပြည်သူနဲ့လည်း ကျေးဇူးပြန်ဆပ်ဖို့ ပြည်သူပေါ်မှာရှိမှာ မဟုတ်ပါဘူး။ ရွေးကောက်ခံမဟုတ်တဲ့ ကိုယ်စားလှယ်ကဆိုရင် အနေအထားက ဒီမိုကရေစီ ရေစုန်ခရီးကို လှေကြုံစီးသလို ဖြစ်နေမယ်။ ဖြစ်နေတော့ ပြည်သူတွေအနေနဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေ၊ ပြည်သူတွေ ခံစားနေရတဲ့ နစ်နာမှုတွေကို စေတနာအပြည့်နဲ့ ရာနှုန်းပြည့် လှည့်ကြည့်ပါ့မလား ဆိုတာကတော့ သံသယဖြစ်ဖွယ် ရှိပါတယ်” ဟု သူရဦးအောင်ကိုက ပြောကြားသည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် လျာထားစာရင်းတွင် ဒုတိယဗိုလ်ချုပ်ကြီးအချို့၊ ဗိုလ်ချုပ်အချို့၊ ဗိုလ်မှူးကြီးအချို့ အမည်စာရင်း ပေးထားကြောင်း သိရသည်ဟု ၎င်းက ပြောကြားသည်။
ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး ပါတီမှ ဆန္ဒအလျောက် နုတ်ထွက်လွှာတင်ခြင်းသည် ပါတီဌာနချုပ်နှင့် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွင် သဘောထားကွာဟမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်လဆန်းတွင် သွားရောက်ခဲ့သည့် ဂျပန်နိုင်ငံခရီးစဉ်၌ NHK သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှု၌ မိမိအနေဖြင့် ပါတီလုပ်ငန်းထက် အမျိုးသားနိုင်ငံရေးဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖော်ဆောင်ရန်အတွက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် သမ္မတရာထူး ဒုတိယသက်တမ်းနှင့် ပတ်သက်ပြီး တိုင်းပြည်အခြေအနေ၊ ပြည်သူများ၏ ဆန္ဒတို့အပေါ် မူတည်၍ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း၊ ပြည်သူများက ဆန္ဒရှိခဲ့လျှင် အလေးအနက်ထား စဉ်းစားမည်ဖြစ်ကြောင်း စသည်ဖြင့် ဖြေကြားမှုအား နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
၂၀၁၅ ရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု ထုတ်ပြန်ကြေညာထားရာ ယင်းအတွက် ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်နေသကဲ့သို့ ပါတီသို့ မဝင်ရောက်ဘဲ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်လောင်းများလည်း ရှိနေရာ သမ္မတကို ထောက်ခံသူများသည် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးကောက်ခံဖို့ ရှိနေကြောင်း စုံစမ်းသိရသည်။
အစိုးရအဖွဲ့မှ ပေးပို့ထားသည့် ကိုယ်စားလှယ်လောင်း စာရင်းတွင် သမ္မတဦးသိန်းစိန် ပါဝင်ခြင်းမရှိသေးဘဲ အမျိုးသားနိုင်ငံရေး လုပ်မည်ဟု သမ္မတကပြောဆိုခြင်းသည် ပြည်ခိုင်ဖြိုးသို့ ပြန်မလာတော့ဟု ထင်ကြောင်း ဗဟိုအလုပ်အမှုဆောင် သူရဦးအောင်ကို ပြောကြား















