ဒီမိုကရေစီလိုလားသူ အင်အားစုများနှင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆက်လက်ထောက်ခံမှုများဖြင့်၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်သည်။
ဇူလိုင် ၁၁ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အထူးကြေညာချက် ၁/၂၀၁၅ ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကြေညာချက်တွင် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ပေါ်ထွန်းလာသည်နှင့်အညီ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး ဖက်ဒရယ်ပြည်ထောင်စု အသီးအပွင့်များဖြစ်သည့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အသီးအပွင့်များကို ခံစားနိုင်စေရန်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူလူထုအား ပေးအပ်ထားသည့် ကတိကဝတ်များအား ပိုမိုအကောင်အထည် ဖော်ရန်လည်းကောင်း၊ မလွဲမသွေ လုပ်ဆောင်ရမည့် လိုအပ်ချက်တစ်ခုအဖြစ် သတ်မှတ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၅ ခုနှစ်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။
စစ်မှန်သော ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန်၊ အာဏာရှင်ဆန်ပြီး ပြည်သူလူထုအား ဖိစီးနှိပ်စက်သည့် နိုင်ငံရေးစနစ်မျိုး မပေါ်ပေါက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၁၉၉၀ မေ၂၇ ရက်တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် အဖွဲ့ချုပ် က ၈၂ ဒသမ၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သော်လည်း အာဏာပိုင်များက အသိအမှတ် မပြုခဲ့သည့်အပြင် အဖွဲ့ချုပ် အဖွဲ့ဝင်များအား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းတို့ပြုလုပ်ခဲ့ပါကြောင်း၊ အဖွဲ့ချုပ်ကမူ မိမိတို့၏ ရည်မှန်းချက်အတိုင်း မမှိတ်မသုန် ဆက်လက်ချီတက်ခဲ့ကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။
ထို့နောက်၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် အဖွဲ့ချုပ်သည် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်အား အကောင်အထည်ဖော်ရန်အတွက် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒ ပြင်ဆင်ရေးဆိုသည့် ရည်မှန်းချက်များနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထို့နောက် ၉၇ ဒသမ ၇ ရာခိုင်နှုန်းခန့်ဖြင့် အနိုင်ရခဲ့ပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးသည် တရားဥပဒေ စိုးမိုးမှုကိုလည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးကို သော်လည်းကောင်း ခံစားရရှိခြင်း မရှိသေးသည့်အပြင်၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်သည့် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးသည်လည်း မပီမပြင် ဖြစ်နေခဲ့ကြောင်း ဆက်လက်ဖော်ပြခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မဲဆန္ဒနယ် အများစုတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁၁ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
ဒီမိုကရေစီလိုလားသူ အင်အားစုများနှင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆက်လက်ထောက်ခံမှုဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း NLD အထူးကြေညာချက် ထုတ်ပြန်















