နိုင်ငံစီးပွားရေးတိုးတက်ရန် အစိုးရတစ်ရပ်၏တာဝန်မှာ အလုပ်လုပ်နိုင်သည့် နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်းတီးပေးရန်ဖြစ်ပြီး ပင်စင်သက်တမ်း ထပ်မံတိုးမြှင့်ပါက အလုပ်အကိုင်အခွင့်အလမ်း ပိတ်ပင်နေမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က ဆွေးနွေးပြောကြားသည်။လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က နေပြည်တော်၌ ဇူလိုင် ၉ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် "နိုင်ငံ့ဝန်ထမ်းများ၏သက်တမ်းကို ယခုကျင့်သုံးနေသော အသက် ၆၀ နှစ်ပြည့်သည့်နေ့ရက်တွင် အငြိမ်းစားယူသည့်စနစ်ဖြင့်သာ ဆက်လက်ထားရှိရေး ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း" အဆိုနှင့်ပတ်သက်ပြီး ဆွေးနွေးရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။နိုင်ငံ့ဝန်ထမ်းများ၏သက်တမ်းကို ယခုကျင့်သုံးနေသော အသက် ၆၀ နှစ်ပြည့်သည့်နေ့ရက်တွင် အငြိမ်းစားယူသည့်စနစ်ဖြင့်သာ ဆက်လက်ထားရှိရေး ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညိုက ဇူလိုင် ၈ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။"နိုင်ငံစီးပွားရေးတိုးတက်ရန်အတွက် အစိုးရတစ်ရပ်၏တာဝန်မှာ အလုပ်လုပ်နိုင်သော နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးရန်ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရန်မှာ အလုပ်လုပ်သော အစိုးရဝန်ထမ်းများ၊ အသက်ပြည့်လျှင် ပင်စင်ခံစားခွင့်ပေးခြင်းဖြစ်တယ်။ သို့မှသာ အလယ်အလတ်ဝန်ထမ်းများရာထူးတိုးခြင်း၊ ယင်းတို့နေရာအစားထိုးရန် ဝန်ထမ်းအသစ်များခန့်ထားခြင်းဖြင့် အလုပ်အကိုင်ဖန်တီးပေးရာရောက်ပါတယ်။ အကယ်၍ ဝန်ထမ်းများကို နောက်ထပ်သုံးနှစ် ထပ်မံတိုးမြှင့်လိုက်လျှင် အလယ်အလတ်ဝန်ထမ်းများလည်း ရာထူးမတိုး၊ ဝန်ထမ်းအသစ်များလည်း ခန့်အပ်နိုင်ခြင်းမရှိသဖြင့် အလုပ်အကိုင်အခွင့်အလမ်း ပိတ်ပင်သလိုဖြစ်ပါတယ်" ဟု ဒေါက်တာမေဝင်းမြင့်က အဆိုကိုထောက်ခံဆွေးနွေးပြောကြားသည်။"ဥပမာပြရင် ဆရာဝန်ဘွဲ့ရပြီး ဝန်ထမ်းရွေးချယ်ရေးတွင် အစိုးရဝန်ထမ်းလုပ်ရန်အတွက် စောင့်နေကြသော ဆရာဝန်ဦးရေတစ်ထောင်ကျော်ရှိနေပါသေးတယ်။ ထို့အပြင် ဘာသာရပ်ပေါင်းစုံဖြင့် ဘွဲ့ရနေကြသော အလုပ်လက်မဲ့လူငယ်အများအပြား မိမိတို့နိုင်ငံတွင်ရှိနေပါသေးတယ်" ဟု ဒေါက်တာမေဝင်းမြင့်က ဆက်လက်ပြောကြားသည်။နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်သက်တမ်းကို တိုးမြှင်သတ်မှတ်လိုက်ပါက နိုင်ငံ၏လူ့သက်တမ်းအရသော်လည်းကောင်း၊ လိုငွေပြနေသည့် ဘတ်ဂျက်အခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်းမဖန်တီးနိုင်သဖြင့် လူငယ်အများအပြား အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေရခြင်းများကြောင့်လည်းကောင်း ပင်စင်သက်တမ်းကို လက်ရှိနိုင်ငံ့ဝန်ထမ်းဥပဒေတွင်ပါရှိသည့် အသက် ၆၀ ပြည့်လျှင် ပင်စင်ယူရမည်ဆိုသည့် ပုဒ်မ ၂၃၀ အတိုင်း ဆက်လက်ထားရှိရန် ဒေါက်တာမေဝင်းမြင့်က ဆွေးနွေးသည်။
အစိုးရတစ်ရပ်၏တာဝန်မှာ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရန်ဖြစ်ပြီး ပင်စင်သက်တမ်းထပ်မံတိုးမြှင့်ပါက အလုပ်အကိုင်အခွင့်အလမ်း ပိတ်ပင်နေမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး















