လယ်ယာလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် ငါးပွက်ရာ ငါးစာချသူများ

လယ်ယာလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် ငါးပွက်ရာ ငါးစာချသူများ
Published 30 April 2015
သစ်ထွဋ်

လက်ရှိမြန်မာနိုင်ငံမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ယခင်ကထက် ဝင်လာပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေလည်း တိုးတက်လာတဲ့ အခြေအနေ ရှိနေပေမယ့် လက်ရှိနိုင်ငံရဲ့ အခြေခံစီးပွားရေးအဖြစ် သတ်မှတ်ထားတဲ့ လယ်ယာကဏ္ဍမှာတော့ ဝင်ရောက်ရင်းနှီးမြှုပ်နှံတဲ့ ပမာဏဟာ နည်းပါးလျက်ရှိတာ တွေ့ရပါတယ်။မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ လေးဘီလျံ ဝင်ရောက်လာရန် လျာထားခဲ့သော်လည်း ဒေါ်လာရှစ်ဘီလျံ တန်ဖိုးရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်တဲ့ စာရင်းများမှာ ပါရှိပါတယ်။ လျာထားတာထက် နှစ်ဆနီးပါး ပိုပြီးဝင်ရောက်ခဲ့တာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးလာကြောင်း ပြောဆိုနေကြသူအချို့ ရှိနေပေမယ့် နိုင်ငံလူဦးရေရဲ့ ရာခိုင်နှုန်း ၇၀ ကျော်နေထိုင်ကြတဲ့ ကျေးလက်ဒေသရဲ့ အဓိကစီးပွားရေး လုပ်ငန်းဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ အလွန်နည်းပါးတဲ့ အနေအထားသာ ရှိခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်တဲ့ ရင်းနှီးမြှုပ်နှံမှု စာရင်းဇယားများတွင် ၂၀၁၅  မတ်လ ၃၁ ရက်အထိ ဖော်ပြထားတဲ့ စာရင်းများအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ လုပ်ငန်း ၂၆ ခု အမေရိကန်ဒေါ်လာ သုံးဘီလျံကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့ပြီး လယ်ယာလုပ်ငန်းမှာတော့ လုပ်ငန်းလေးခု အမေရိကန်ဒေါ်လာ ၃၉ သန်းကျော်သာ ရှိခဲ့ပါတယ်။ ဒါဟာ အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏများဖြစ်တဲ့ ဒေါ်လာ ၁၅၀၂ သန်းရှိတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဒေါ်လာ ၇၀၈ သန်းရှိတဲ့ အိမ်၊ ခြံ၊ မြေလုပ်ငန်း၊ ဒေါ်လာ ၃၇၅ သန်းရှိတဲ့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနဲ့ နှိုင်းစာရင် နိုင်ငံရဲ့ အခြေခံစီးပွားရေးလို့ သတ်မှတ်ထားတဲ့ လယ်ယာလုပ်ငန်းဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့ မျက်စိကျစရာ စီးပွားရေးလုပ်ငန်းအဖြစ် မရှိနေဘူးလို့ ဆိုနိုင်တာ ဖြစ်ပါတယ်။ 
ငြင်းလို့ မရနိုင်တဲ့ အမှန်တရားအခုလို နိုင်ငံလူဦးရေရဲ့ ရာခိုင်နှုန်း ၇၀ ကျော်နေထိုင်ကြတဲ့ ကျေးလက်ဒေသမှာ အဓိကစီးပွားရေးအဖြစ်  လုပ်ကိုင်ကြတဲ့  လယ်ယာလုပ်ငန်းကို နိုင်ငံရဲ့ အခြေခံစီးပွားရေး အဆောက်အအုံတစ်ခုလို့ သတ်မှတ်ထားပေမယ့် ရင်းနှီးမြှုပ်နှံသူတွေရဲ့ မျက်စိကျစရာ စီးပွားရေးလုပ်ငန်းအဖြစ် မရှိနေတာဟာ နိုင်ငံရဲ့ ရေရှည်စီးပွားရေးတိုးတက်မှုအပေါ် ခြိမ်းခြောက်နေတဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရလည်း ၂၀၁၅ မတ်လ ၃၁ ရက်အထိ စာရင်းများတွင် လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၅၄ ဘီလျံကျော် ထဲမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ အမေရိကန်ဒေါ်လာ သန်း ၂၄၀ ကျော်သာရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အားလုံးရဲ့ ၀ ဒသမ ၄၅ ရာခိုင်နှုန်းသာရှိခဲ့တာ တွေ့ရပါတယ်။ တိုင်းပြည်အတွက် အခြေခံစီးပွားရေးလို့ ဆိုထားတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ ပြည်ပရင်းနှီးမြှုပ်နှံထားမှုဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားလုံးရဲ့ တစ်ရာခိုင်နှုန်းတောင် မရှိတာကြောင့် လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာအောင်ပြုလုပ်ဖို့ လိုအပ်နေတာ ငြင်းလို့မရနိုင်တဲ့ အမှန်တရား ဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးလာတယ်လို့ အချို့က ပြောနေပေမယ့် နိုင်ငံလူဦးရေရဲ့ ရာခိုင်နှုန်း ၇၀ ကျော်နေထိုင်ကြတဲ့ ကျေးလက်စီးပွားရေးကြီးမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင်တော့ ဆွဲဆောင်နိုင်တဲ့ မူဝါဒတွေ ချမှတ်မဆောင်ရွက်နိုင်ခဲ့တာကြောင့် လက်ရှိ ရင်းနှီးမြှုပ်နှံမှုတွေမှာ လယ်ယာလုပ်ငန်းကို ဝင်ရောက်မှု နည်းနေတာ ဖြစ်ပါတယ်။ 
ပို့ကုန်တင်ပို့မှု မူဝါဒများလက်ရှိ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ အဓိက ဝင်ရောက်ရင်းနှီးမြှုပ်နှံကြတာကတော့ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ အများဆုံးဖြစ်နေပြီး အကျိုးအမြတ် သေချာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ဒုတိယအများဆုံး ဖြစ်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားပြီး ယနေ့နိုင်ငံများရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါတဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရေးမှာ ဒေါ်လာ ၁၉ ဘီလျံကျော်နဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု အားလုံးရဲ့ ၃၅ ဒသမ ၆၃ ရာခိုင်နှုန်း ရှိနေပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာတော့ ဒေါ်လာ ၁၇ ဘီလျံနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု အားလုံးရဲ့ ၃၂ ဒသမ ၄၄ ရာခိုင်နှုန်းအထိ ရှိနေခဲ့ပါတယ်။ အခုလို နိုင်ငံရဲ့ သဘာဝအရင်းအမြစ် ကုန်ကြမ်းတွေကို ထုတ်ယူသုံးစွဲတဲ့ လုပ်ငန်းတွေမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ များပြားနေပေမယ့် အဓိက ကုန်ထုတ်စီးပွားရေး လုပ်ငန်းဖြစ်တဲ့ လယ်ယာလုပ်ငန်းမှာတော့ ရင်းနှီးမြှုပ်နှံမှု နည်းနေရခြင်းဟာ ယနေ့ လယ်ယာလုပ်ငန်းမှာ ဖြစ်ပေါ်နေရတဲ့ အရင်းအနှီး အခက်အခဲ အပါအဝင် စနစ်ကျတဲ့ လယ်ယာစီးပွားရေးဈေးကွက်ကို ဖော်ဆောင်ပေးနိုင်ဖို့ အစီအမံများ အားနည်းခဲ့ခြင်းက အဓိကကျနေတာ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍမှာ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချတဲ့ ဝန်းကျင်ကြီးတစ်ခုလုံး ဖွံ့ဖြိုးလာဖို့အတွက် တွန်းအားပေးဖို့ ဆိုတာထက် အပြကောင်းအောင်သာ ဇောင်းပေးပြီး ဆောင်ရွက်ခဲ့တဲ့ ယခင်က စီမံခန့်ခွဲမှု အလွဲများနဲ့ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ကောင်းမွန်တဲ့ ပို့ကုန်တင်ပို့မှု မူဝါဒများ မချမှတ်နိုင်ခဲ့ခြင်းကြောင့် တကယ့်လယ်ယာစီးပွားကဏ္ဍ ဖွံ့ဖြိုးတဲ့အဆင့်ကို မရောက်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ 
မဆွဲဆောင်နိုင်လယ်ယာလုပ်ငန်းအပေါ် သက်ရောက်မှုရှိတဲ့ မူဝါဒများဟာ မကြာခဏ အပြောင်းအလဲတွေ ရှိခဲ့တာကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ တောင်သူများဟာ စီးပွားရေးဖွံ့ဖြိုးမှု အသီးအပွင့်ကို ထင်သလောက် မခံစားခဲ့ကြရတာ ဖြစ်ပါတယ်။ စီးပွားဖြစ် လယ်ယာကဏ္ဍမှာ ခတ်မီစိုက်ပျိုးရိတ်သိမ်းမှု နည်းပညာဟာ အရေးကြီးပေမယ့် လယ်ယာလုပ်ငန်းအတွက် အဓိက လိုအပ်နေတာက အရင်းအနှီးပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အစိုးရက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှာ နှစ်တိုးချေးငွေများသာ ချေးပေးနိုင်ခြင်းအပြင် လယ်ယာလုပ်သား ရှားပါးမှုကြောင့် နှစ်စဉ်လယ်တစ်ဧကရဲ့ စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်များ တိုးမြှင့်လာမှုကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူ အများစုဟာ အရင်းအနှီးအတွက် အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ လယ်ယာလုပ်သူတွေဟာ လိုအပ်တဲ့ အရင်းအနှီး လိုအပ်ချက်ကို ပြင်ပကအတိုးနှုန်းကြီးကြီးနဲ့ ယူရတာကြောင့် စပါးကဲ့သို့ သီးနှံများ ထွက်လာတဲ့ အခါမှာတော့ အကျိုးမြတ်ရရှိမှု လျော့နည်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားနိုင်ငံတွေမှာ အောင်မြင်နေတဲ့ ကန်ထရိုက်လယ်ယာစနစ်လိုမျိုး လယ်လုပ်သူနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အာမခံချက်ပေးနိုင်တဲ့ စနစ်တွေ ပီပြင်စွာ ကျင့်သုံးနိုင်မှု အားနည်းနေတာကလည်း ရေရှည်လယ်ယာကဏ္ဍ ဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှုတွေ ရှိနေတာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေကို မဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။ ပြည်တွင်းကုမ္ပဏီအချို့ရဲ့ လယ်ယာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း စပါးထွက်ရှိလာချိန်မှာ ဈေးနှိမ်ထားပြီး တောင်သူလက်ထဲတွင် စပါးမရှိတော့တဲ့အချိန် ပြည်ပတင်ပို့ခါနီးကျမှ ဈေးကို ဆွဲတင်တဲ့ ဝယ်ရောင်းဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဈေးကစားတဲ့ အနေအထားလောက်သာ ရှိနေတာ တွေ့ရပါတယ်။တကယ်တော့ လယ်ယာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာ နည်းနေပေမယ့် ၂၀၁၁-၂၀၁၂ ပြည်ထောင်စုချုပ်မြေ အသုံးချမှု စာရင်းမှာ ပါရှိတဲ့ အချက်အလက်တွေအရဆိုရင် မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးမြေဧက ၃၀ ဒသမ ၂၅ သန်းရှိနေပြီး စိုက်ပျိုးမြေအဖြစ် ပြောင်းလဲအသုံးချနိုင်တဲ့ မြေလွတ်မြေရိုင်း ၁၃ ဒသမ ၂၈ သန်းနဲ့ တောရိုင်းဧက ၃၇ ဒသမ ၉၂ သန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီလို မြေလွတ်မြေရိုင်းတွေ ရှိနေတယ်လို့ တရားဝင်စာရင်းမှာ ပေါက်နေပေမယ့် ယနေ့ဖြစ်ပေါ်နေတဲ့ လယ်ယာမြေသိမ်းဆည်းခံရခြင်းကြောင့် အငြင်းပွားမှု ပြဿနာအများစုကို ပြေလည်အောင် မဖြေရှင်းပေးနိုင်သေးတာကလည်း လယ်ယာလုပ်ငန်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်မလာရခြင်းရဲ့ အကြောင်းတစ်ချက် ဖြစ်နေပါတယ်။ လယ်ယာမြေပြဿနာများကို ဖြေရှင်းဖို့ နိုင်ငံတော်အဆင့် ကော်မတီတွေ၊ ကော်မရှင်တွေ ဖွဲ့စည်းဆောင်ရွက်နေပေမယ့် လက်ရှိမှာ ဖြေရှင်းဖို့ ကျန်ရှိနေတဲ့ လယ်ယာမြေအငြင်းပွားမှုတွေဟာ အများအပြား ကျန်ရှိနေတာ ဖြစ်ပါတယ်။ အကြောင်းမျိုးစုံနဲ့ ဌာနအဖွဲ့အစည်းမျိုးစုံက သိမ်းဆည်းထားတဲ့ လယ်ယာမြေများကြောင့် ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုတွေဟာ သက်တမ်းအနည်းငယ်သာ ကျန်တော့တဲ့ လက်ရှိအစိုးရလက်ထက်မှာ ပြီးဆုံးအောင် မဆောင်ရွက်နိုင်ပါက နောက်အစိုးရသစ် တက်လာတဲ့အချိန်အထိ ဆက်လက်ဖြေရှင်းရမယ့် ပြဿနာများအဖြစ် ကျန်ရှိနေမှာ ဖြစ်ပါတယ်။ဒီအတွက် လယ်ယာလုပ်ငန်းများ ယခုထက် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် လယ်ယာလုပ်ငန်းသွင်းအားစုဖြစ်တဲ့ လယ်ယာသုံး စက်မှုကိရိယာတွေ တင်သွင်းရာမှာ ဖြေလျှော့မှုများ ပြုလုပ်ပေးဖို့၊ နှစ်ရှည်စိုက်ပျိုးရေး ချေးငွေများ တိုးမြှင့်ချေးငှားပေးဖို့၊ စိုက်ပျိုးရေးနည်းပညာများ ပိုမိုလေ့လာနိုင်မယ့် အခွင့်အလမ်းများ ဖော်ဆောင်ပေးဖို့၊ ရင်းနှီးမြှုပ်နှံလိုသူများအတွက် လုပ်သာကိုင်သာ ရှိစေမယ့် အစီအမံများ တိုးမြှင့်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လယ်ယာမြေ အငြင်းပွားမှုတွေကို ဥပဒေနဲ့အညီ လျင်မြန်စွာ ဖြေရှင်းပေးနိုင်မှ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် အခွင့်အလမ်းတွေ ရှိလာမှာပါ။ ကုန်ခန်းသွားနိုင်တဲ့ သယံဇာတတွေကိုသာ ထုတ်ရောင်းနေခြင်းအပေါ် မှီခိုနေရတဲ့ ကုန်သွယ်မှု အနေအထားကို ပြောင်းဖို့ဆိုရင် နိုင်ငံရဲ့ အခြေခံစီးပွားရေးအဖြစ် သတ်မှတ်ထားတဲ့ လယ်ယာကဏ္ဍကနေ တိုင်းပြည်ရဲ့ ဝင်ငွေကို တိုးစေဖို့ လယ်ယာကဏ္ဍဆီကို အရင်းအနှီးတွေ စီးဝင်လာဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အခုလို တိုင်းပြည်ရဲ့ လူဦးရေများစွာ ပါဝင်ပတ်သက်နေတဲ့ လယ်ယာစီးပွားလုပ်ငန်းမှာ အရင်းအနှီး အခက်အခဲတွေ ကြုံတွေ့နေချိန်မှာ ငါးပွက်ရာ ငါးစာချ စီးပွားရေးများသာ ကြီးစိုးနေခြင်း (ကုန်ခန်းသွားနိုင်တဲ့ သဘာဝသယံဇတများကို ထုတ်ယူသုံးစွဲခြင်း လုပ်ငန်းများတွင်သာ ရင်းနှီးမြှုပ်နှံမှု များနေခြင်း)ကဲ့သို့ အကျိုးအမြတ် ရရှိနိုင်ဖို့ သေချာတဲ့ လုပ်ငန်းမျိုးတွေမှာသာ ရင်းနှီးမြှုပ်နှံကြတာကြောင့် လူအများစုရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ လယ်ယာလုပ်ငန်းတွေ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘဲ နိုင်ငံအတွင်း ဥစ္စာဓန ခွဲဝေခြင်း မျှတမှု မရှိတော့ဘဲ နိုင်ငံသားများအကြား ဆင်းရဲချမ်းသာကွာဟမှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လယ်ယာလုပ်ငန်း ဖွံ့ဖြိုးမှု မရှိခြင်းဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို အားနည်းစေတာဖြစ်ပါတယ်။ ဒီအတွက် လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးကို ယခုအစိုးရမှာ တာဝန်ရှိသလို နောင်ဆက်လာမယ့် အစိုးရမှာလည်း တာဝန်ရှိလာမှာဖြစ်ပြီး ရေတိုရေရှည် အစီအမံများ ချမှတ်ဆောင်ရွက်သင့်ပါကြောင်း တောင်သူလယ်သမားများကိုယ်စား ရေးသားတိုက်တွန်းလိုက်ရပါတယ်။ 

Most Read

Most Recent