ဘဝက လေလွင့်နေတာ မဟုတ်ဘူး။ လိုရာ မရောက်ခဲ့တာ။ လိုတဲ့နေရာရောက်ဖို့ အားအင်တွေ မပြည့်ဝခဲ့ဘူး။ ငတ်တစ်လှည့် ပြတ်တစ်လှည့် ပညာရေးတွေ၊ လူနေမှု ဘဝတွေကို မဝရေစာ စားသောက်ရင်း လူလားမြောက်လာခဲ့တဲ့ အဆုံးမှာ လိုအပ်နေခဲ့တာက ဗီတာမင်ပြည့်တဲ့ အတွေးအခေါ်တွေပဲ။တောင်းပန်လို့လည်း မရ၊ ငိုပြလို့လည်း မရတဲ့ ကံစီမံမှုတွေမှာ လူတွေဟာ မျောလိုက်၊ နစ်လိုက်၊ ပေါ်လိုက်နဲ့။ တစ်ခါတလေ အောင်ပွဲခံမိတာလေးတွေတော့ ရှိတယ်။ တကယ် အောင်ပွဲခံသင့်တာ မဟုတ်ဘဲနဲ့ပေါ့။ ဒါပေမဲ့ အစလုံးဝမကောင်းဘူး။ အလယ်မှာ ခိုင်ခံ့မှု မရှိဘူး။ အဆုံးမှာ မသေချာဘူး။ ကျွန်တော်တို့ နိုင်ငံမှာ အဲလိုအိပ်မက်တွေ ပြေးလွှားနေခဲ့တာ နှစ်ပေါင်းများစွာရယ်။အိပ်မက်ဆိုတာ လူကို မသေစေတဲ့ဆေး။ တကယ်လို့ လူသေဆုံးခဲ့ရင်တောင် အိပ်မက်က လောကထဲ အမြစ်တွယ် ကျန်ရစ်တယ်။ အိပ်မက်ကိုဝယ်ဖို့ ငွေထက် အရေးတကြီး ပိုလိုအပ်တာ ရှိတယ်။ အသိပညာပြည့်ဝတဲ့ နှလုံးသားပဲ။ ဘာကြောင့်လဲဆိုတော့ မဝယ်ခင်ကတည်းက အိပ်မက်အတွက် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ရမှာ ဖြစ်လို့။ နေရာတိုင်းမှာ တွေ့နေရတာတွေက ပညာငတ်တဲ့ အသိဉာဏ်တွေရယ်။ ဘာပဲဖြစ်ဖြစ် ဒီလို အတိတ်လေးတစ်ခုတော့ ပိုင်ဖူးတယ်။ငယ်ငယ်က ကျေးလက်တစ်နေရာမှာ ကြီးပြင်းခဲ့ရစဉ်က တောင်ယာအလုပ်ကို နှစ်စဉ်လုပ်ကိုင်နေတဲ့ မိဘတွေ၊ အစ်ကိုတွေ ပြောတဲ့စကားတွေ ပြန်ပြန်ကြားမိတယ်။ လာမယ့်နှစ်တော့ အခြေအနေကောင်းမှာပါတဲ့။ ဒါပေမဲ့ လာမယ့်နှစ်တွေသာ အရည်ခွံ လဲလဲသွားတယ်။ သူတို့ပြောတဲ့ အခြေအနေကောင်းက ရောက်မလာခဲ့ဘူး။ ဒါပေမဲ့ သူတို့ရဲ့ လာမယ့်နှစ်တွေကလည်း မဆုံးနိုင်ခဲ့ဘူး။ အသက် ၇၀ ရှိနေတဲ့ အပါးက အခုအချိန်ထိ လာမယ့်နှစ်ကို ပြောနေတုန်းပဲ။ (အပါးဆိုတာ ကျွန်တော်တို့ အရပ်မှာတော့ ဖခင်ကို ခေါ်တာပါ။ ကရင်လိုပေါ့) သူ့အိပ်မက်တွေက လက်တွေ့မှာ မဖြစ်သေးပေမယ့် လာမယ့်အချိန်မှာ ဖြစ်လာမယ်လို့ ယုံကြည်နေတုန်းပဲ။ အိပ်မက်က အဲလိုမျိုး အသက်ပြင်းတာ။ဒါတွေက အလုပ်အကိုင်နဲ့ ပတ်သက်ပြီး သူထားနေခဲ့တဲ့ အိပ်မက်ပါ။ သူပြည့်ပြည့်စုံစုံ သိုက်သိုက်ဝန်းဝန်း နေချင်တယ် ဆိုတာမျိုးထက် သူ့သားသမီးတွေ လူ့အောက်သူ့အောက် မကျစေချင်တဲ့ ခံစားချက်လေးပေါ် အခြေခံပြီး ဖြစ်လာခဲ့တဲ့ အိပ်မက်လို့ ပြောရမလားဘဲ။ သူ အလုပ်လုပ်တယ်။ ကျွန်တော်တို့တွေကိုလည်း ရိုးရိုးသားသားနဲ့ အလုပ်ကြိုးစားဖို့ အမြဲဆုံးမတယ်။ ခက်တာက သူ့အိပ်မက်က ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့တာ။ တောနယ်မှာ အလုပ်လုပ်စားရတာကလည်း ရုပ်ရှင်ဇာတ်ကားတွေထဲကလို စိမ်းစိမ်းစိုစို ရွှင်ရွှင်လန်းလန်း ကိုယ်ကျန်းမာစိတ်ချမ်းသာ ဆိုတာမျိုး မဟုတ်ဘူးဗျ။ တစ်ခါတလေ ဖြစ်ရပ်မှန် သရုပ်ဖော် Documentary တွေထဲက ကြည့်ရသလို မွဲမွဲခြောက်ခြောက် ထုံထုံထိုင်းထိုင်း ကိုယ်ဆင်းရဲစိတ်ဆင်းရဲ ဆိုတာမျိုး။ ဒါပေမဲ့ လူဟာ မျှော်လင့်ရင်း အသက်ရှင်ရတဲ့ သဘာဝအတိုင်း အပါးကတော့ သူမျှော်လင့်ခဲ့တဲ့ အိပ်မက်ကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့ပါဘူး။ထူးခြားတာတစ်ခုက သူ့အသိစိတ်မှာ မိသားစုအတွက် အိပ်မက်အပြင် နောက်ထပ် အိပ်မက်တစ်ခုလည်း ရှိနေသေးရဲ့။ နိုင်ငံရေးနဲ့ ဆက်နွှယ်နေတယ် ပြောရမလား။ ပုဂ္ဂလိက ဖြစ်ချင်စိတ်လို့ ပြောရမလား။ သူက မမျှမတတာတွေ လုံးဝလက်မခံချင်ဘူး။ တောင်ယာလုပ်သူ တစ်ယောက်ရဲ့ နိုင်ငံရေးအိပ်မက်ဟာ ကြီးကျယ်ခမ်းနားဖို့ မဖြစ်နိုင်ဘူးပြောဆိုရင်လည်း ငြင်းခွင့်မရှိပါ။ ဒါပေမဲ့ သေချာတာတစ်ခုက သူတို့တွေဟာ စည်းစနစ်မကျတဲ့ အုပ်ချုပ်မှုပုံစံ၊ နိုင်ထက်စီးနင်းပြုမူ ဆက်ဆံခံရတဲ့ပုံစံကို မြို့နေလူတန်းစားတွေထက် ပိုခါးခါးသီးသီး အတွေ့အကြုံ ရှိခဲ့ကြသူတွေ ဖြစ်ခဲ့တယ်။ ဒါကိုလည်း ငြင်းဖို့ မကြိုးစားပါနဲ့။ ဒီတော့ အခုလို ပွင့်လင်းမှုအလင်းရောင် နည်းနည်းတောက်ပလာချိန်မှာ အပါးက လက်ရှိထက် တစ်စုံတစ်ရာကို ပိုမျှော်လင့်နေသလိုပါ။ သူဟာလည်း ဘဝရဲ့ နောက်ဆုံးအချိန်၊ နိုင်ငံရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်မယ့် တစ်စုံတစ်ယောက်ဟာလည်း ဘဝရဲ့ နောက်ဆုံးအချိန် ဖြစ်နေပြီလို့ သူက ပြောတယ်။ဘယ်သူသမ္မတဖြစ်ဖြစ် ကိုယ်လုပ်မှ ကိုယ်စားရမှာဆိုတဲ့ သူတွေ၊ အာဏာရပါတီကို လက်ခံလိုက်ရင် ကျေးရွာရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးကြလိမ့်မယ်လို့ ယုံကြည်နေသူတွေကြားမှာ အပါးက တစ်စုံတစ်ရာကို သဲသဲမဲမဲ ယုံကြည်နေတယ်။ သူလည်း သူ့အသက်တစ်လျှောက် မယုံကြည်နိုင်စရာ တော်တော်များများ တွေ့ခဲ့ရပြီလေ။ အပါးက ခေတ်ပညာတတ်တစ်ယောက် မဟုတ်ပေမယ့် စာအရမ်းဖတ်တော့ အဲလို မညီမျှတာတွေကို နားလည်တယ်။ ဒါပေမဲ့ လက်နက်အားကိုးနဲ့ ကျူးလွန်နေသူတွေကို ဖြစ်နိုင်ရင် မတုံ့ပြန်ဖို့ သူက ဆုံးမတယ်။ သူ မျှော်လင့်နေခဲ့တာက ပညာတတ်ပြီး တရားမျှတတဲ့ သမ္မတတစ်ယောက် သူမသေခင်မှာ အုပ်ချုပ်နိုင်မလားဆိုတဲ့ အိပ်မက်ပါ။ အဲလို ဖြစ်လာခဲ့ရင် သူ့အတွက် မဟုတ်ရင်တောင် သူ့သားတွေ၊ သူ့မြေးတွေ အနာဂတ်ကောင်းမယ်လို့ သူက အပြည့်အ၀ ယုံကြည်တယ်။ ဘာသာရေးလိုက်စားမှု အားကောင်းတဲ့ အပါးဟာ တရားမမျှတတဲ့ အုပ်ချုပ်မှုပုံစံ၊ ပညာမဲ့တဲ့ အာဏာရှင်လုပ်ရက်တွေ မြင်ရတိုင်း “တစ်ဘ၀ တစ်နပ်စာအတွက် ရင်းကြတယ်ကွာ” ဆိုတဲ့ စကားကိုပဲ ပြောတယ်။ သူက အပြစ်သိပ်မတင်ဘူး။ သူမျှော်လင့်တဲ့ အရာကိုပဲ တိတ်တိတ်လေး မျှော်လင့်နေခဲ့တယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က အသက် ၂၀ အရွယ် ငယ်ရွယ်ဖျတ်လတ်သူ တစ်ယောက်ဖြစ်ခဲ့တဲ့ တောင်ယာလုပ်သားလေး အပါးကတော့ အဖက်ဖက်က ဖိနှိပ်ကြတဲ့ အနေအထားမှာ နေခဲ့ရတယ်။ ဒီလိုနဲ့ သူ့သက်တမ်းတစ်လျှောက် အကြောက်တရားနဲ့ ဖိနှိပ်ခြင်းခံထားရတဲ့ ယုံကြည်ချက်တွေပဲ ရှိခဲ့တယ်။ သူ့အသက် ၄၀ ကျော်မှာ ၈၈ အရေးအခင်း၊ ၁၉၉၀ ပြည့် ရွေးကောက်ပွဲနဲ့လည်း ကြုံခဲ့ဖူးပါတယ်။ သူ့လက်ထဲ ရေဒီယိုလေးတစ်လုံးနဲ့ ဟိုဖမ်းဒီဖမ်း နားထောင်ရင်းက စီမံအုပ်ချုပ်မှု ညံ့ဖျင်းခြင်းနဲ့ လောဘ အတောမသတ်နိုင်တဲ့ အာဏာရှင်တွေရဲ့ လုပ်ဆောင်မှုတွေနောက်က အကျိုးဆက် စိတ်နာစရာသတင်းတွေ၊ မညီမျှမှုသတင်းတွေ၊ အနိဋ္ဌာရုံ သတင်းတွေကို ကြားရတော့ သူ့ရဲ့ မသိစိတ်မှာ တစ်စုံတစ်ရာကို အားကိုးရှာခဲ့တာ ဖြစ်နိုင်ပါရဲ့။ အပါးက စိတ်ရင်းစေတနာမမှန်တဲ့သူတွေ နေရာရနေတာ အကျင့်ပျက်သူတွေကို ပိုပြီး မွေးထုတ်နေသလိုပဲလို့ မကြာခဏ ပြောတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် နယ်ပြန်တော့ သူ့စကားသံတွေမှာ အားအင်တွေပြည့်နေတာ ကျွန်တော် တွေ့ခဲ့ရတယ်။“ဒီတစ်ကြိမ်ကတော့ သူ့အတွက် နောက်ဆုံးပဲ သားရဲ့” တဲ့။ သူ့စကားက အဓိပ္ပာယ်ပြည့်နေတဲ့ အမှန်တရားပါပဲ။ သူပြောတာကို ဟုတ်တဲ့အကြောင်း ထောက်ခံတော့ သူက တစ်ခုခုကို လေးလေးနက်နက် တွေးနေတယ်။ “မကြာခင် အကုန်သေကြတော့မှ ကိုယ်လုပ်တဲ့ ကုသိုလ်၊ အကုသိုလ်ကတော့ ကိုယ့်နောက်လိုက်မှာပေါ့ကွာ။ ဘယ်သူမပြု မိမိမှုပါပဲ။ အပါးကတော့ ကိုယ်မမီတော့ရင်တောင် ကိုယ့်သားကိုယ့်မြေးတွေ တရားမျှတတဲ့ အုပ်ချုပ်မှုစနစ်အောက်မှာ ပိုပြီး စိတ်ချမ်းချမ်းသာသာ နေကြရမယ်ဆိုရင် ဝမ်းသာတာပေါ့ကွာ” လို့ အပြုံးနဲ့ ပြောပါတယ်။ အပါးကတော့ ဒီနှစ်သင်္ကြန် နှစ်ဆန်း ၁ ရက်ဟာ လကွယ်နေ့ဖြစ်နေလို့ “ကွယ်တဲ့လူ ဆန်းသစ်ထွန်းပေါ်မယ့်နှစ်” လို့ ယုံကြည်နေလေရဲ့။ ဒါပေမဲ့ ကျွန်တော်ကတော့ အခက်အခဲပေါင်းများစွာ ဆီးကြိုနေတဲ့ သူ့အိပ်မက်ထဲက တစ်စုံတရာ အကြောင်းကို တွေးရင်းသာ တွေးနေမိပါတယ်။










