၂၀၁၅ အလွန်ကို တရုတ် ဘယ်လိုသဘောထားသလဲ

၂၀၁၅ အလွန်ကို တရုတ် ဘယ်လိုသဘောထားသလဲ
Published 28 April 2015
ဝေဖြိုး

(၁)
 
တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် မဟာဗျူ ဟာပြောင်းလဲလာမှုက တဖြည်းဖြည်း ပိုသိသာလာနေပါပြီ။ ၂၀၁၅  ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံအပေါ် ဘယ်လိုဆက်ဆံမလဲဆိုတာနဲ့ ပတ်သက်လို့  ပိုအလေးထားလာတာ တွေ့ရပါတယ်။ 
 
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံလာရောက်ဖို့ ဖိတ်ခေါ်မှုတွေ ပြုလုပ်ခဲ့တယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပေါ်ပေါ်ထင်ထင် ထောက်ခံမှုတွေလည်း ပြုလုပ်လာတယ်။
 
ဒီလိုအချိန်မှာပဲ  ဒေါ်အောင်ဆန်းစုကြည်နဲ့ နွေးထွေးတဲ့ဆက်ဆံရေးရှိသူ သူရဦးရွှေမန်းနဲ့ တရုတ်သမ္မတ ရှီကျင်ပင်းတို့ ဧပြီ ၂၇ ရက်က ပေကျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတစ်ကြိမ်တွေ့ဆုံမှုဟာ စိတ်ဝင်စားစရာကောင်းသလို မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ သဘောထားအမြင်တွေ ဘယ်လိုရှိတယ်ဆိုတာကိုပါ ထင်ဟပ်စေနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ထုတ်ပြန်ထားတဲ့ သတင်းဓာတ်ပုံမှာ ရှီကျင်ပင်းက ဦးရွှေမန်းကို ပြုံးရွှင်ဖော်ရွေစွာ ဆက်ဆံနေတာကို  မြင်နိုင်ပါတယ်။ သတင်းဓာတ်ပုံတွေ၊ ရုပ်သံပြကွက်တွေအရ တရုတ်သမ္မတ ရှီကျင်ပင်းဟာ သူရဦးရွှေမန်းကို ပိုပြီး ဖော်ဖော်ရွေရွေဆက်ဆံနေတာ တွေ့ရပါတယ်။ တကယ်တော့ လွှတ်တော်နာယက တစ်ယောက်သာဖြစ်တဲ့ သူရဦးရွှေမန်းကို ကော်ဇောနီခင်းပြီး ကြိုဖို့အထိ လိုအပ်မယ်မထင်ပါဘူး။ 
 
ရှီကျင်ပင်းဟာ တရုတ်နိုင်ငံရဲ့ သမ္မတဖြစ်သလို လက်ရှိအာဏာရ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဥက္ကဋ္ဌတစ်ယောက်ဖြစ်ပြီး သူရဦးရွှေမန်းကတော့ ပြည်ထောင်စုလွှတ်တော်နာယက ၊ လက်ရှိ အာဏာရပါတီ ပြည်ခိုင်ဖြိုးရဲ့ ဥက္ကဋ္ဌပါ။ သူတို့နှစ်ဦးရဲ့တွေ့ဆုံမှုမှာ နှစ်နိုင်ငံအကြား၊ အာဏာရပါတီနှစ်ခုအကြား ပိုမိုခိုင်မာတဲ့ ပူးပေါင်းမှုတွေလုပ်ဖို့ ကတိပြုခဲ့ကြပါတယ်။ 
 
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ တရုတ်သမ္မတနဲ့ မြန်မာသမ္မတတို့ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ အာရှ-အာဖရိက ထိပ်သီးညီလာခံကာလမှာ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၄  ဇွန်လအတွင်းကလည်း တရုတ်နိုင်ငံမှာ တွေ့ဆုံခဲ့ကြပေမယ့် တရားဝင်ထုတ်ပြန်ထားတဲ့ သတင်းဓာတ်ပုံတွေက မြင်ကွင်းတွေအရ အခု ဦးရွှေမန်းနဲ့တွေ့ဆုံတဲ့ မြင်ကွင်းလိုမျိုးတော့ မတွေ့ရပါဘူး။
 
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို မဟာဗျူဟာအရ အရေးပါတဲ့ မိတ်ဖက်နိုင်ငံ၊ သယံဇာတအရ အကျိုးအမြတ်ရနိုင်တဲ့ နိုင်ငံအဖြစ် ယူဆထားတဲ့သဘောသာမက အာဆီယံနဲ့ တောင်တရုတ်ပင်လယ်အရေးတွေမှာ အားထားရတဲ့ မဟာမိတ်နိုင်ငံအဖြစ် ရည်မှန်းထားပုံရပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရတက်ပြီး ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာခဲ့ရင်တောင် အနောက်အုပ်စုဘက် လုံးလုံးလျားလျား မရောက်သွားအောင် တည်ငြိမ်တဲ့ ညွန့်ပေါင်းအစိုးရမျိုးကို လိုလားပုံရပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေးအဆင်ပြေတဲ့ သူရဦးရွှေမန်းကို သမ္မတတစ်ယောက်အဆင့်အတန်းမျိုးနဲ့ ကော်ဇောနီခင်း ကြိုဆိုခဲ့တာဖြစ်ပါတယ်။ 
 
(၂)
 
နှစ်နိုင်ငံခေါင်းဆောင်တွေအကြား ကာလရှည်ကြာစွာ ရင်းနှီးဆက်ဆံခဲ့တဲ့ တရုတ်နိုင်ငံဟာ မြန်မာခေါင်းဆောင်တွေအပေါ် သူတို့ရဲ့ဆက်ဆံရေးပုံစံကို ပြောင်းလဲလာတယ်လို့  ယူဆစရာတွေ ရှိနေပါပြီ။ ဒါဟာလည်း ၂၀၁၄ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲမှုတွေ ရပ်တန့်သွားပြီလားဆိုတဲ့ တရုတ်နိုင်ငံရေး သိပ္ပံပညာရှင်တွေရဲ့ ထုတ်ဖော်ပြောဆိုမှုတွေနောက်မှာ ပိုသိသာလာတာ ဖြစ်တယ်။ တရုတ်နိုင်ငံ လူမှုရေးသိပ္ပံကောလိပ်၊ အာရှ-ပစိဖိတ်နဲ့  နိုင်ငံတကာဆိုင်ရာ သေနင်္ဂဗျူဟာသုတေသနရုံးက စာတမ်းတစ်စောင်လည်း အပါအဝင်ပါ။  အဲဒီရေးသားချက်တွေကို Contemporary  World စာစောင်မှာ ဖော်ပြခဲ့တာ ဖြစ်ပြီး အဲဒီစာစောင်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံခြားဆက်ဆံရေးဌာနက ထုတ်ဝေတာပါ။ ဒါ့အပြင် Global Times သတင်းစာရဲ့ မြန်မာ့အရေး သုံးသပ်ချက်တွေမှာ အဲဒီစာတမ်းပါ အယူအဆတွေကို တွေ့နိုင်သလို ဒီသတင်းစာဟာ တရုတ်အစိုးရရဲ့ အာဘော်ကို ထင်ဟပ်ဖော်ပြနေတဲ့ သတင်းစာလည်း ဖြစ်ပါတယ်။
 
Global Times မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့  NLD ပါတီဟာ လူထုအပေါ် သြဇာလွှမ်းမိုးနိုင်မှု ကြီးမားတယ်လို့ သတိပေးရေးသားခဲ့တယ်။ ဒီအချက်ကြောင့်  ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ပစ်ပယ်ထားဖို့ မဖြစ်နိုင်ဘဲ အလေးထားချဉ်းကပ်ဖို့ တရုတ်အစိုးရကို တိုက်တွန်းထားပါတယ်။  ဒါ့အပြင် ပုံမှန်ဆက်ဆံရေး တိုးမြှင့်တည်ဆောက်ဖို့လည်း အကြံပြုထားတယ်။ 
 
(၃)
 
တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မဟာဗျူဟာအပြောင်းအလဲ၊ ဆက်ဆံမှုပုံစံ အပြောင်းအလဲတွေက ၂၀၁၅ ရွေးကောက်ပွဲနီးလာချိန်မှာ ပိုသိသာလာပါတယ်။ သမ္မတဦးသိန်းစိန်နဲ့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပေါ် ဆက်ဆံမှု သဘောထားတွေကို သုံးသပ်ကြည့်ရင် သိသာပါတယ်။ လောက်ကိုင်တိုက်ပွဲကိစ္စမှာ တရုတ်ဗဟို စစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကို ဖုန်းနဲ့တိုက်ရိုက် ဆက်သွယ်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်။ တရုတ်နိုင်ငံဘက် လမ်းလွှဲရောက်ရှိလာတဲ့ လူသေဆုံးစေမှုမျိုး နောက်ထပ် ပစ်ခတ်မှုတွေဖြစ်ပေါ်မလာဖို့  ရာဇသံပေးတာပါ။ နောက်ထပ် ထပ်မဖြစ်ဖို့၊ ဒီဖြစ်စဉ်ကို အလေးအနက်ထား စုံစမ်းဖို့  တာဝန်ရှိသူတွေကို ပြင်းထန်စွာအပြစ်ပေးဖို့  သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို တောင်းပန်ပြီး လျော်ကြေးပေးဖို့အချက်တွေ ပါဝင်ပါတယ်။ အဲဒီနောက်မှာတော့ သမ္မတအနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တာဝန်ပေးပြီး လျော်ကြေးပေးဖို့နဲ့ တောင်းပန်တာတွေ လုပ်စေခဲ့ရတယ်။ တရုတ်အစိုးရအနေနဲ့ ဒီဖြစ်စဉ်ဖြစ်ပြီးတာနဲ့ ချက်ချင်းပဲ နယ်စပ်ကို စစ်အင်အား တိုးချဲ့စေလွှတ်ခဲ့တယ်။ ဒါဟာ နှစ်ပေါင်း ၂၅ နှစ်အတွင်း မြန်မာနယ်စပ်မှာ တရုတ်စစ်အင်အား တိုးချဲ့ချထားခဲ့တာ ပထမဆုံးပါပဲ။ ကိုးကန့်စစ်ပွဲမှာ တပ်မတော်အနေနဲ့ အခက်တွေ့စေတာကလည်း ဒီအချက်ကြောင့်ပါပဲ။ 
 
ဒီအခြေအနေတွေကိုကြည့်ရင် လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် တရုတ်အစိုးရ ဘယ်လိုသဘောထားတယ်ဆိုတာ ပေါ်လွင်စေတယ်။ 
 

 
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဧပြီ ၂၇ ရက်က တွေ့ဆုံစဉ်။ (Photo : Xinhua)
 
(၄)
 
တရုတ်အနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ လွှမ်းမိုးထားတဲ့အချက်ဟာ အစိုးရနဲ့ တပ်မတော်အပေါ်မှာသာ မဟုတ်ဘဲ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးလေးဖွဲ့ဖြစ်တဲ့  “ဝ” ၊ KIA ၊ KNU ၊ RCSS တို့ထဲက နှစ်ဖွဲ့ဟာ တရုတ်သြဇာအောက်မှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ကိုးကန့်စစ်ပွဲမှာ တပ်မတော်အနေနဲ့ အင်အား ၂၀၀၀ လောက်ရှိတဲ့ ကိုးကန့်ကို လွယ်လင့်တကူ မတိုက်နိုင်ခဲ့တာကလည်း တရုတ်ရဲ့ အခန်းကဏ္ဍ အများကြီးပါတယ်လို့ ဆိုရမှာပါ။ ဒီလိုဆိုရင် အင်အား ၃၀၀၀၀ ကျော်ရှိတဲ့ “ဝ” ၊ အင်အား ၁၀၀၀၀ ကျော်ရှိတဲ့ KIA တို့နဲ့ဆိုရင် ဘယ်လိုရှိမလဲ။
 
အခုပေါ်ပေါက်နေတဲ့ တိုက်ပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ အင်အား လေးသိန်းကျော်ရှိတဲ့ မြန်မာ့တပ်မတော်ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ စစ်ရေးစွမ်းရည်ကို အကဲစမ်းတဲ့ ကန့်သတ်စစ်ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒီအပေါ်ကနေပြီးတော့ တရုတ်အနေနဲ့ နိုင်ငံရေးနဲ့ စစ်ရေးကို အကဲဖြတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။
 
(၅)
 
ဒေသတွင်းနိုင်ငံတွေအနေနဲ့ ဆက်ဆံရေးပုံစံအမျိုးမျိုးရှိနေတဲ့ တရုတ်နိုင်ငံဟာ အိမ်နီးချင်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းဖို့ကို လိုလားနေတယ်ဆိုတာ သိသာပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ အင်ဒိုနီးရှားမှာတွေ့တုန်းက ဆွေးနွေးမှုမှာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်မှာ ပူးပေါင်းဆောင်ရွက်ရေးတွေကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ 
 
မကြာမီမှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ညီလာခံက မေလဆန်းမှာ ပြုလုပ်တော့မှာပါ။ တိုင်းရင်းသားအရေးကိစ္စတွေမှာ ကူညီလိုတဲ့ တရုတ်အနေနဲ့ ဒီညီလာခံအပေါ် သဘောထားဘယ်လိုရှိမယ်ဆိုတာ တိတိကျကျ မသိနိုင်ပေမယ့် ညီလာခံကျင်းပမှာက တရုတ်ထောက်ပံ့ကူညီမှုများစွာရှိတဲ့ “ဝ” ပြည် သွေးစည်းညီးညွတ်ရေးတပ် (UWSA) ဌာနချုပ် တည်ရှိရာ ပန်ဆန်းဒေသမှာပါ။ 
 
သမ္မတဦးသိန်းစိန်အပေါ် လူထုထောက်ခံမှု ကျဆင်းနေချိန်၊ ပြည်တွင်းငြိမ်းချမ်းရေး အပြီးမသတ်နိုင်ခင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်အကြား တိုက်ပွဲတွေ ဆက်ရှိနေချိန်မှာ တရုတ်သမ္မတက သူရဦးရွှေမန်းနဲ့ တွေ့ဆုံခဲ့တာပါ။ တရုတ်အစိုးရအနေနဲ့ လူထုလက်ခံတဲ့ ခေါင်းဆောင်နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးရှိတဲ့သူ၊ တိုင်းရင်းသားအရေးကိစ္စတွေမှာ ပျော့ပြောင်းတဲ့သဘောရှိသူတွေကို ရွေးချယ်လိုတဲ့သဘော ဖြစ်နေတယ်။ တရုတ်အစိုးရအနေနဲ့  Hawkish (စစ်တိုက်ရန် စိတ်အားထက်သန်သော) လို လူမျိုးတွေကိုတော့ မလိုလားဘူးဆိုတာ ပေါ်လွင်နေပါပြီ။ 
 
တပ်မတော်အစိုးရကနေ အရပ်သား အစိုးရ အပြောင်းအလဲမှာ ဦးသန်းရွှေနေရာ ဆက်ခံသူအဖြစ် သူရဦးရွှေမန်းကို ထင်ကြေးပေးခဲ့ကြပေမယ့် အမှန်တကယ်မှာ ဦးသိန်းစိန်က သမ္မတဖြစ်ခဲ့တယ်။ အခုလည်း ဦးသိန်းစိန် သမ္မတဆက်မဖြစ်ရင် သူ့ကိုဆက်ခံသူဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်နိုင်တယ်လို့ ယူဆသူတွေရှိနေပါတယ်။  အပြင်ဘက်မှာ ဝေဖန်တဲ့သူတွေက ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တစ်တွဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းကတစ်တွဲ ဖြစ်လာနိုင်တယ်လို့ ယူဆမှုတွေရှိတယ်။ ဒါပေမဲ့ တရုတ်ရဲ့ လက်ရှိအနေအထားနဲ့ ဆက်ဆံပုံအခြေအနေတွေအရတော့ ဦးသိန်းစိန်နဲ့  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွဲထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းအတွဲကို ပိုသဘောကျနေတာ တွေ့ရတယ်။ ဒါကြောင့်  ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဆွေးနွေးပွဲနဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွေအပေါ်မှာ နိုင်ငံတကာ (အမေရိကန်၊ တရုတ်) တို့ရဲ့ အနေအထားက စောင့်ကြည့်ရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။ 
 
ဘာပဲဖြစ်ဖြစ် တရုတ်နိုင်ငံဟာ ၂၀၁၅ အလွန်မှာ လူထုလိုလားပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်ရေးကို ဦးစားပေးဖို့လား။ ဒါဆိုရင်တော့ ကြိုဆိုရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၅ နှစ်လုံးလုံး ပုလင်းတူဗူးဆို့ လုပ်ခဲ့တဲ့ပုံစံမျိုးနဲ့ မြန်မာပြည်တွင်းရေးကို ဝင်စွက်ခဲ့ရင်တော့ ....။
 
(ပုံစာ - )

Most Read

Most Recent