ကျွန်တော် သတင်းစာဖတ်သမား

ကျွန်တော် သတင်းစာဖတ်သမား
Published 27 April 2015
ဘစံကောက်

ငယ်စဉ်ကနေ ဒီနေ့အထိ အမြဲမပြတ် ဖတ်ဖြစ်နေတဲ့ စာကတော့ သတင်းစာတွေပါပဲ။ကျွန်တော်တို့ ခပ်ငယ်ငယ်မှာ ထုတ်ဝေတဲ့ သတင်းစာတွေကတော့ မှတ်မိသလောက် ကြေးမုံ၊ မြန်မာ့အလင်း၊ ဗိုလ်တထောင်၊ ရန်ကုန်၊ ဟံသာဝတီနဲ့ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာတွေပါပဲ။ ဒီအထဲမှာ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာက မြန်မာဘာသာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ပါ နှစ်မျိုးထုတ်ဝေပါတယ်။ ကျွန်တော်တို့က စာဖတ်ခါစဆိုတော့ နေ့စဉ်စာဖတ်ချင်ပါတယ်။ ရွှေသွေးတို့ တေဇတို့ဆိုတဲ့ စာစောင်တွေက အပတ်စဉ်ထုတ် လစဉ်ထုတ် စာစောင်တွေဖြစ်လို့မို့ နေ့စဉ်ဖတ်ချင်လို့ မရပါဘူး။ ကျန်တဲ့ ရုပ်ပြကာတွန်းတွေ ဆိုတာလည်း အမြဲဝယ်ပြီး မဖတ်နိုင်တော့ စာဖတ်ချင်ရင် သတင်းစာတွေကိုပဲ အားကိုးရပါတယ်။သတင်းစာရဲ့အသက်က သတင်းတွေလို့ ဆိုပေမယ့် သတင်းစာတစ်စောင်ကို ကောက်ပြီးကိုင်လိုက်ရင် အဦးဆုံး ကြည့်ဖြစ်တာက သတင်းဓာတ်ပုံတွေပါပဲ။ သတင်းဓာတ်ပုံတွေက ကျွန်တော်တို့မြင်နေကျ အိမ်တွေမှာ ချိတ်ဆွဲထားတတ်တဲ့ ဓာတ်ပုံတွေနဲ့ မတူပါဘူး။ သတင်းကို အထောက်အကူဖြစ်အောင် ရိုက်ကူးထားတာမို့ အမြင်ဆန်းပြီး ဆွဲဆောင်မှု ရှိပါတယ်။ လှုပ်ရှားနေတဲ့ မြင်ကွင်းကို လျှပ်တစ်ပြက် အမိအရ ရိုက်ကူးထားတာကြောင့် အယူအဆကောင်းပြီး အလင်းအမှောင်ပီပြင်ရင် အနုပညာရသလည်း မြောက်တာ တွေ့ရပါတယ်။ တစ်ခါက အမေရိကန် မရိန်းတပ်သားတချို့ တောင်ကုန်းတစ်ခုကို သိမ်းပိုက်အပြီး အလံလွှင့်ထူဖို့ ကြိုးစားနေကြတာကို စစ်သတင်းထောက်တစ်ဦးက အမိအရရိုက်ကူးပြီး သတင်းနဲ့အတူ ဖော်ပြလိုက်တာ ကမ္ဘာကျော်သွားတာပါပဲ။သတင်းစာမှာ အများဆုံး ပါဝင်နေတာကတော့ သတင်းတွေပါပဲ။ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ စီးပွားရေး၊ လူမှုရေး၊ ပြစ်မှုသတင်းတွေအပြင် အားကစားနဲ့ အခြား ပြည်သူတွေသိသင့် သိထိုက်တဲ့ သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ သတင်းစာဖတ်သူတွေ သိရှိနိုင်အောင် ဖော်ပြပေးတာလည်း တွေ့ရပါတယ်။ ဘယ်ခေတ်မှာမဆို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှာ နိုင်ငံတကာနဲ့ရော ပြည်တွင်းနဲ့ပါ အဆက်အသွယ် မပြတ်ရအောင် သတင်းတွေကို နားထောင်ရပါတယ်။ သတင်းတွေနဲ့ကင်းပြီး နေလို့မရပါဘူး။ မြန်မာနိုင်ငံ သူ့ကျွန်ဘဝကို နှစ်ပေါင်းတစ်ရာကျော် ကျရောက်သွားခဲ့ရတယ်ဆိုတာ ပြင်ပကမ္ဘာနဲ့ အဆက်အဆံကင်းပြီး သတင်းတွေနဲ့ အဆက်ပြတ်ခဲ့ရတာကြောင့်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ နောင် မြန်မာပြည်သူတွေ နားမျက်စိပွင့်လာပြီး သတင်းတွေ နားထောင်တတ်လာတဲ့အခါ ကိုလိုနီစနစ်ရဲ့ ဆိုးကျိုးကိုလည်း မြင်လာပါတယ်။ ဒီအတွင်း ဥရောပမှာ ကမ္ဘာစစ်မီးကြီး ထပြီးတောက်လာတော့ ‘အင်္ဂလိပ်အခက် ဗမာ့အချက်’ လို့ ကြွေးကြော်ပြီး အင်္ဂလိပ်တွေ အကျပ်ရိုက်နေတဲ့ အချိန်မှာ အခွင့်ကောင်းယူနိုင်ခဲ့တာကြောင့် လွတ်လပ်ရေးလည်း ရခဲ့ပါတယ်။ ဒါလည်း သတင်းတွေ နားထောင်တတ်လာတဲ့ အကျိုးကျေးဇူးကြောင့်လို့ပြောရင် မှန်ပါလိမ့်မယ်။ ဒီခေတ်မှာတော့ သဘာဝဘေးအန္တရာယ်တွေ ရောဂါဘယ ကပ်ဘေးတွေ အကြမ်းဖက်သမားတွေရဲ့ရန်က ကင်းဝေးအောင်ဆိုရင် သတင်းတွေကို အမြဲမပြတ်စောင့်ပြီး နားထောင်နေမှဖြစ်မှာပါ။ ဒီလို သိဖို့အတွက်လည်း သတင်းစာတွေကို ဖတ်နေကြရဦးမှာပါ။သတင်းစာတိုင်းမှာ သူ့ကိုယ်ပိုင် ရပ်တည်ချက်နဲ့ မူဝါဒတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါတွေကို သိချင်ရင်တော့ အယ်ဒီတာ့အာဘော် (အယ်ဒီတာ့စကား) အရင်အခေါ်ကတော့ ခေါင်းကြီးပိုင်းကို ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ဘယ်လိုပဲဆိုဆို သတင်းစာမှန်သမျှ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ရည်ရွယ်ပြီးသာ ထုတ်ဝေကြတာဖြစ်လို့ ပြည်သူ့ဘက်က ရပ်တည်ပြီး မတရားမှုတွေကို ဘက်လိုက်မှုကင်းစွာ အမှန်အတိုင်း ဖော်ပြဖို့သာ ကြိုးစားသင့်ပါတယ်။သတင်းစာဖတ်တဲ့အခါ သတင်းတွေ မဖတ်ခင်မှာ ခေါင်းစဉ်တွေကို အရင်ဖတ်လေ့ ရှိပါတယ်။ သတင်းခေါင်းစဉ်ဆိုတာ အောက်မှာဖော်ပြမယ့် သတင်းကို အတိုချုပ် အနှစ်ထုတ်ပြီး အများအာရုံစိုက် ဖတ်ချင်လာအောင် ဆွဲဆောင်တဲ့ နည်းတစ်မျိုးပါပဲ။ များသောအားဖြင့် သတင်းခေါင်းစဉ်တပ်ပုံ ထိရောက်ရင် သတင်းစာဖတ်သူတွေက သတင်းကို ဖတ်ဖြစ်သွားတာ များပါတယ်။ ခေါင်းစဉ်တပ်ပုံ မထိရောက်ရင်တော့ အများပြည်သူ သိသင့်တဲ့ သတင်းကောင်းတွေတောင်မှ မဖတ်ဖြစ်ဘဲ ကျော်သွားတတ်ပါတယ်။ အမှန်တော့ သတင်းစာမှာပါတဲ့ သတင်းတွေဟာ အများသိစေချင် ဖတ်စေချင်လို့ ဖော်ပြပေးထားတဲ့ သတင်းတွေဖြစ်တာမို့ ဘယ်သူကမှ မဖတ်ဘူးဆိုရင်တော့ သတင်းထည့်ရတာ အကျိုးမရှိသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် သတင်းစာကောင်းတစ်စောင် ဖြစ်ဖို့ဆိုရင် သတင်းခေါင်းစဉ်ကို လူအများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားဖော်ပြတတ်ဖို့ လိုပါလိမ့်မယ်။သတင်းခေါင်းစဉ်တွေကို လျှောက်ကြည့်ပြီးတဲ့ အခါမှာတော့ ကိုယ်စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ်အောက်က သတင်းတွေကို စပြီး ဖတ်ပါတော့တယ်။ သတင်းစာမှာ ဖော်ပြတဲ့ မြန်မာစာအရေးအသားက တခြားဝတ္ထု၊ ဆောင်းပါးတွေမှာရေးသားတဲ့ အရေးအသားမျိုး မဟုတ်ပါဘူး။ တိုတိုတုတ်တုတ် ကျစ်ကျစ်လျစ်လျစ်နဲ့ ဖတ်လို့ချောအောင် သတင်းစာရေးနည်း အတတ်ပညာနဲ့ ရေးထားတာပါ။ သတင်းဖတ်သူသိချင်တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ တိတိကျကျနဲ့ အချိတ်အဆက်မိမိ တင်ပြထားတာမို့ တင်ပြပုံကောင်းတဲ့ သတင်းတစ်ပုဒ်ကို ဖတ်ရတဲ့ အရသာကလည်း ဝတ္ထုတွေဆောင်းပါးတွေ ဖတ်ရတဲ့ အရသာနဲ့ မတူဘဲ တစ်မျိုးအရသာရှိတာ တွေ့ရပါတယ်။သတင်းတစ်ပုဒ်မှာ စာဖတ်သူ စိတ်ဝင်တစား သိချင်တဲ့ အချက်တွေကတော့ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်သူက၊ ဘာအတွက်၊ ဘယ်လိုအကြောင်းကိစ္စကြောင့် ဘယ်လိုပြုမူ ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အချက်တွေပါပဲ။ ဒါတွေဟာ နောင်တစ်ချိန်မှာ သမိုင်းမှတ်တမ်း အဖြစ်နဲ့လည်း ကိုးကားနိုင်တာမို့ ဒီအချက်တွေဟာ သတင်းဖော်ပြတဲ့နေရာမှာ မလွဲမသွေ ပါဝင်ရမယ့် အချက်တွေလည်း ဖြစ်ပါတယ်။ ပြစ်မှုမြောက်တဲ့ သတင်းတွေ ဆိုရင်တော့ ဘယ်သူတွေ ဘာဖြစ်သွားကြတယ် ဘယ်လိုအရေးယူ ဆောင်ရွက်ထားတယ် ဆိုတာအထိ အရေးကုန်အောင် ဖော်ပြပေးမှ ဖတ်တဲ့သူက ကျေနပ်ပါတယ်။သတင်းစာတွေမှာ သတင်းအပြင် ဆောင်းပါးတွေလည်း ဖော်ပြလေ့ ရှိပါတယ်။ သတင်းစာ ဆောင်းပါးတွေမှာ များသောအားဖြင့် စာဖတ်သူ အသိအမြင် တိုးပွားပြီး ဗဟုသုတရစေဖို့ ရည်ရွယ်တာလည်း တွေ့ရပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အနေအထားတွေအပေါ် မူတည်ပြီး စာဖတ်သူတွေ နှစ်သက်မယ်ထင်တဲ့ ဆောင်းပါးတွေကို အလေးထား ဖော်ပြကြတာ များပါတယ်။ ခုနောက်ပိုင်း သတင်းစာတွေမှာ နိုင်ငံရေးဆောင်းပါးတွေသာ အတွေ့ရများပါတယ်။ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါလိမ့်မယ်။ ခေတ်အခြေအနေအရ ကလောင်သွေးစရာ ဂျာနယ်၊ မဂ္ဂဇင်းတွေ မရှိသလောက် ရှားသွားပြီဖြစ်လို့ ဒီတာဝန်ကို သတင်းစာတွေဟာ ပခုံးပြောင်းပြီး ယူနေရတဲ့ သဘောလည်း ရှိပါတယ်။ ကျွန်တော်ကတော့ ရသစာပေ ကောင်းကောင်းလေးတွေ သတင်းစာမှာ ပါလာတာတွေ့ရင် မလွတ်တမ်းဖတ်ပါတယ်။သတင်းဆောင်းပါးအပြင် အားကစား၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နဲ့ဆိုင်တဲ့ သတင်းတွေလည်း ပါဝင်တာတွေ့ရပြီး သတင်းစာဖတ်သူတွေရဲ့ အာရုံကို အလွှဲအပြောင်း ဖြစ်စေပါတယ်။ ရှေ့ပိုင်းမှာ ဖတ်ခဲ့ရတဲ့ သတင်းတွေကြောင့် လေးနေတဲ့ စာဖတ်သူရဲ့ စိတ်ကို ဖြေလျှော့ပေးသလို ဖြစ်စေတာမို့ ကောင်းတယ်လို့ ဆိုရမှာပါပဲ။ ဒါ့အပြင် သတင်းစာတိုင်းမှာ မပါမဖြစ် ပါနေတဲ့ နောက်ကဏ္ဍ တစ်ခုကတော့ ကာတွန်းတွေပါပဲ။ စာဖတ်သူတွေရဲ့ ဘဝအမောကို တဒင်္ဂ လျော့ပါးသက်သာစေပြီး ကာတွန်းကတစ်ဆင့်ရတဲ့ အတွေးအမြင်လေးတွေကလည်း တစ်ခါတစ်ရံ အတော်ကလေး ထိရောက်တာ တွေ့ရပါတယ်။သတင်းစာမှန်ရင် သတင်းဖော်ပြတဲ့နေရာမှာ ဘက်လိုက်မှုကင်းပြီး ပြည်သူတွေအတွက် အမှန်တကယ် အကျိုးရှိ၊ သိသင့်သိထိုက်တဲ့ သတင်းမှန်သမျှ ဖော်ပြပေးရမယ့် တာဝန်ရှိပါတယ်။ မှန်တာကို မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်တင်ပြရဲဖို့ လိုသလို မဟုတ်တာမမှန်တာ တွေ့ရင်လည်း ဘယ်သူ့မျက်နှာကိုမှ မထောက်ဘဲ ဖော်ပြနိုင်မှသာ ပြည်သူတွေရဲ့ ယုံကြည်အားထားမှုကို ခံရမှာလည်း ဖြစ်ပါတယ်။ သတင်းစာရဲ့ တာဝန်လည်း ကျေပါလိမ့်မယ်။‘သတင်းစာဆိုတာ ပြည်သူရဲ့ နားနဲ့မျက်စိပါပဲ’ ဆိုတဲ့ အဆိုအမိန့်ကလေးတစ်ခု ဖတ်ဖူးပါတယ်။ နားရှိပါလျက် အကြားအာရုံဆွံ့သူ မဖြစ်ရလေအောင် မျက်စိရှိပါလျက် အမြင်အာရုံဆွံ့သူ မဖြစ်ရအောင် ဆိုရင်တော့ နေ့စဉ်မပြတ် ဖြစ်ပေါ်နေတဲ့ သတင်းတွေကို အမြဲသိနေဖို့ လိုပါလိမ့်မယ်။ ဒီလို သိနေဖို့ဆိုရင်တော့ ကျွန်တော်တို့အားလုံး သတင်းစာတွေ ဖတ်ရပါလိမ့်မယ်။ ကျွန်တော်ကတော့ နေ့တိုင်း သတင်းစာဖတ်ပါတယ်။

Most Read

Most Recent