ဧပြီလအတွင်း ထိပ်သီးညီလာခံ ကျင်းပနိုင်ရေးနှင့် ညီလာခံ ကျင်းပမည့် နေရာ သတ်မှတ်ရန် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးထံ NCCT စာပို့ထား

ဧပြီလအတွင်း ထိပ်သီးညီလာခံ ကျင်းပနိုင်ရေးနှင့် ညီလာခံ ကျင်းပမည့် နေရာ သတ်မှတ်ရန် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးထံ NCCT စာပို့ထား
Published 6 April 2015
အောင်ဇော်ထွန်း

ယခု ဧပြီလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ ညီလာခံ ကျင်းပနိုင်ရေးနှင့် ညီလာခံ ကျင်းပမည့် နေရာ သတ်မှတ်ရန် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးထံသို့ စာပို့ထားပြီးဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်(၁) ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့အကြား အတည်ပြုပြီးဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်း (Final Draft) အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ၏ သဘောထား ရယူနိုင်ရန် ရည်ရွယ်၍ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ် ပန်ဆမ်းဒေသ၊ မိုင်းလားအဖွဲ့ (NDAA) နယ်မြေနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်တည်ရှိရာ လော်ခီးလာဒေသ စသည့်နေရာ သုံးခုအနက်မှ တစ်နေရာရာတွင် တိုင်းရင်းသားအဖွဲ့ ထိပ်သီးခေါင်းဆောင်များ ညီလာခံ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ညီလာခံကျင်းပရေးနှင့် ပတ်သက်ပြီး ပဒိုစောကွယ်ထူးဝင်းက “ကျွန်တော်တို့ လျာထားတာကတော့ သုံးနေရာပေါ့ဗျာ။ ပထမကတော့ UWSA နေရာ ပန်ဆမ်းပေါ့။ ဒုတိယကတော့ မိုင်းလား၊ တတိယကတော့ လော်ခီးလာ။ ဒါကို ကျွန်တော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပြန်တင်ပြပြီး ကျွန်တော်တို့ ဒါကတော့ ဒီလိုဖြစ်သင့်တယ် ဆိုတာမျိုး အကြံပေးမှာပေါ့နော်။ ရက်သတ်မှတ်မှုကတော့ ဒီလရဲ့ ၂၀ ရက်နဲ့ ၃၀ ရက်ကြားထဲမှာ။ ကျွန်တော်တို့က အခုမှ NCCT အစည်းအဝေးပြီးတော့ အဖွဲ့အစည်းတွေဆီကို စာပို့ရတာ။ အဖွဲ့အစည်းကနေ ရက်သတ်မှတ်ပြီးတော့ ၁၄၊ ၁၅ ရက်နောက်ပိုင်းမှသာ သူတို့ကို အကြောင်းပြန်ခိုင်းတယ်လေ။ ဒီကြားထဲမှာ ပြင်ဆင်မှုတော့ လိုအပ်သလို လုပ်သွားမှာ” ဟု ပြောကြားသည်။အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်သည့် UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးမှ အရေးပါသည့် ကိုယ်စားလှယ်ခေါင်းဆောင်များ ပါဝင်သည့် NCCT တို့အကြား တစ်နှစ်ခွဲကျော်ကြာ ညှိနှိုင်းပြီးနောက် သဘောတူညီမှု ရရှိခဲ့သော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို အကောင်းဆုံးအဆင့် မူကြမ်းဟု သတ်မှတ်ထားကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ ညီလာခံတွင်လည်း ကြီးကြီးမားမား ပြင်ဆင်စရာ မရှိနိုင်ဟု KNU ၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက သုံးသပ်သည်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပနိုင်သည့် ရက်စွဲအပေါ် မူတည်ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်ရပ်စာချုပ်တွင် သဘောတူထားသည့် အဆင့်အတိုင်း ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

Most Read

Most Recent