ပရော်ဖက်ရှင်နယ်လို့ ပြောလိုက်တာနဲ့ လာလီဂါ၊ ပရီးမီးယားလိဂ်စတဲ့ ကမ္ဘာ့ထိပ်တန်း အမှတ်ပေးဘောလုံးပြိုင်ပွဲတွေက ဘောလုံးသမားတွေကို မျက်လုံးထဲမြင်မိကြတယ်။ နာမည်ကြီး ဆရာဝန်ကြီးတွေ၊ စီးပွားရေး ပညာရှင်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ၊ အိုင်တီနည်းပညာရှင်ကြီးတွေကို မြင်မိကြတယ်။ ဒီတော့ ပရော်ဖက်ရှင်နယ်ဆိုတာ သာမန် အလုပ်လုပ်သူတွေနဲ့ အရမ်းများ အလှမ်းဝေးနေလား။
လူတွေရဲ့ ပင်ကိုဗီဇကိုက လောဘကြီးတယ်။ တချို့က တကယ်အလုပ်လုပ်ပြီး လောဘကြီးတယ်။ ဒါပေမဲ့ တချို့ကတော့ အချောင်ခိုပြီး လောဘကြီးကြတယ်။ အဲဒီမှာ ပြဿ နာကဘာလဲဆိုတော့ စိတ်ကူးတည့်ရာ လောဘအလိုက် ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင် ယောင်စိန်တွေ ပိုများလာတာပါပဲ။ ဒါကို အပြစ်ပြောချင်လား။ အပြစ်မပြောချင်ပါနဲ့။ အင်စတီကျူးရှင်းကောင်းကောင်း မရှိတဲ့ အရပ်ဒေသမှာ အဆင့်မြင့်လူ့စွမ်းအားအတွက် အရည်အသွေး ထိုက်ထိုက်တန်တန်နဲ့ ပရော်ဖက်ရှင်နယ်ကို မြင်ရဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ ဒီတော့ ယောင်စိန်ဖြစ်တာဟာ လုံးဝအသုံးမကျလို့ ဖြစ်တယ်လို့ ပြောဖို့ အတော်ခက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေဟာ ထိုက်တန်သလောက် အလုပ်လုပ်နေရတဲ့ ကိုယ်ရှင်သန်ရာမှာ ပရော်ဖက်ရှင်နယ်လို့ ကိုယ့် ကိုယ်ကိုယ် ပြန်ခံစားမိအောင် လုပ်သင့်တာတွေတော့ ရှိနေတယ်။
ပရော်ဖက်ရှင်နယ်ဖြစ်ဖို့ ပညာတတ်ရမှာလား။ ကိုယ့်လုပ်တဲ့အလုပ်ကို ခရေစေ့တွင်းကျ သိနေရမှာလား။ သူများတွေ အထင်ကြီးလေးစားလောက်တဲ့ ပါရမီမျိုးတွေ ပိုင်ဆိုင်ထားရမှာလား။ နှစ်ကာလများစွာ ဆည်းပူးလေ့လာထားတဲ့ အသိပညာတွေ၊ အရည်အချင်းတွေ ရှိနေရမှာလား။ ကျွန်တော်တို့မှာ လုံလောက်တဲ့အဖြေတွေ ရှိကောင်းရှိနိုင်တယ်။ ရှိချင်မှလည်း ရှိလိမ့်မယ်။ သေချာတာတစ်ခုကတော့ ထိုက်တန်တဲ့ အားထုတ်မှုမျိုးကို ကိုယ်လုပ်တဲ့အရာပေါ် အပ်နှင်းခြင်းဟာ ပရော်ဖက်ရှင်နယ်လို့ ကိုယ့် ကိုယ်ကိုယ် ခံစားဖို့အတွက် အကောင်းဆုံးအကြောင်းပြချက် ဖြစ်ပါလိမ့်မယ်။
ကျွန်တော် ကလေးနှစ်ယောက် တွေ့ဖူးတယ်။ တစ်ယောက်ကို နယ်တစ်ခုကို လေ့လာရေးခရီးသွားရင်းနဲ့ တွေ့ခဲ့တာ။ သူက စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးလုပ်နေတဲ့ အသက် ၁ဝ နှစ်အရွယ် ကလေးတစ်ယောက်။ လာသမျှလူတွေကို ဘာသုံးဆောင်မလဲ ယဉ်ယဉ်ကျေးကျေး မေးတယ်။ သူ့အမူအရာတည် တည်ငြိမ်ငြိမ်ပဲ။ လာထိုင်တဲ့သူတွေကို အာရုံနောက်အောင် မလုပ်ဘူး။ မှာတဲ့အရာကိုရဖို့ သေသေချာချာ အာရုံစိုက်ပေးတယ်။ စားသောက်နေတဲ့သူတွေရဲ့ မျက်နှာကို လှမ်းကြည့် အကဲခတ်ရင်း လိုတာလုပ်ပေးဖို့ သူအဆင်သင့် ဖြစ်နေတယ်။ သူ့ကိုကြည့်ရတာ စားသောက်ဆိုင်က အခိုင်းခံထားရတဲ့ကလေးနဲ့ မတူဘူး။ သူ့ စီးပွားရေးကို စိတ်ဝင်တစားလုပ်နေတာနဲ့ တူတယ်။ လူတွေရဲ့လိုအပ်ချက်တွေကို သူက အပေါ်ကနေ စီးမိုးကြည့်သလို မြင်နေတယ်။
နောက်တစ်ယောက်ကိုတော့ ရန်ကုန်မြို့ရဲ့ လမ်းဘေးတစ်နေရာက ညဘက်ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်မှာ တွေ့ခဲ့ရတယ်။ ဒီကလေးကိုတော့ သူလုပ်လိုက်တဲ့ အမူအရာလေးတစ်ခုနဲ့ပဲ ကျွန်တော် အသိအမှတ်ပြုခဲ့တာပါ။ လက်ဖက်ရည်ဆိုင်ထိုင်ချိန်က အော်ဒါလာယူတဲ့သူက လူကြီးတစ်ယောက်ပဲ။ နောက်တော့ အဲကလေးက လက်ဖက်ရည်လာပို့တယ်။ လာပို့တဲ့အခါ “အစ်ကိုတို့မှာထားတာ ကျဆိမ့်တစ်ခွက်၊ ပေါ့ဆိမ့် တစ်ခွက်နော်” လို့ စပြောတယ်။ ညမီးရောင်အောက်မှာ လက်ဖက်ရည်ရဲ့အရောင်ကို တိုက်ရိုက်ခွဲဖို့ခက်ခဲနေတော့ သူက ဇွန်းလေးယူပြီး လက်ဖက်ရည်ခွက် တစ်ခွက်ထဲက အရည်ကို ခပ်လို့ ကျွဲမြီးတန်း ကြည့်လိုက်တယ်။ ပြီးတော့ “ဒါကျဆိမ့် အစ်ကို” တဲ့။ အော်ဒါကို လူကြီးကဖြစ်သလို လာပို့ခိုင်းလိုက်ပေမယ့် သူကတော့ သူ့တာဝန်ကို ဖြစ်သလိုလုပ်မသွားဘူး။ သူ့တန်ဖိုး သူပြသွားတယ်။ သူ့အသက် ကို မေးကြည့်တော့ ရှစ်နှစ်တဲ့။
ကျွန်တော့်စိတ်ထဲ မကောင်းဘူး။ ဒီ လောက်တော်တဲ့ ကလေးတွေ၊ အလုပ်ကို သေသေချာချာလုပ်တတ်တဲ့ ဗီဇပါတဲ့ကလေးတွေ ကျောင်းမတက်၊ စာမသင်ရဘဲ ဒီလိုအလုပ်တွေ လုပ်နေရတယ်။ လက်ဖက်ရည်အတူသောက်တဲ့ သူငယ်ချင်းကတော့ပြောတယ်။ “ငါသာ ပိုက်ဆံရှိရင် ဒီကလေးမျိုးတွေကို ပညာသင်ပေးဖို့ တာဝန်ယူပေးလိုက်ချင်တယ်ကွာ” တဲ့။
ဒီလိုပြောတဲ့အခါ သူတို့အလုပ်က လွယ်လို့ ကောင်းကောင်းလုပ်နိုင်ကြတာ ဖြစ်တယ်လို့ ပြောတဲ့သူများ ရှိလေမလား။ မထင်ပါနဲ့။ တံမြက်စည်းလှည်းရတဲ့ အလုပ်၊ ကြမ်းတိုက်ရတဲ့အလုပ်ဟာ ဘယ်လောက်ခက်လို့လဲ။ ဒါပေမဲ့ တချို့သန့်ရှင်းရေးဝန်ထမ်းတွေ အဲလိုမျိုး အလုပ်ကိုတောင် တာဝန်ကျေအောင် မလုပ်နိုင်ကြဘဲ ဘေးဘီကို လက်ညှိုးထိုး အပြစ်ပြောနေကြတယ်။ တချို့ကတော့ သူ့အိပ်ခန်းကို သူပြန်သန့်ရှင်းနေသလို သန့်ရှင်းနေစေဖို့ စိတ်ဆန္ဒနဲ့ ကြိုးစားလုပ်ဆောင်ကြတယ်။ ဒီတော့ ပရော်ဖက်ရှင်နယ်မှာ အဓိက လိုအပ်နေတာလေးကို ကျွန်တော်တို့ မြင်လာရပြီ။ ကိုယ်အခု လုပ်နေတဲ့အလုပ်ကို ဘယ်လိုစိတ်မျိုးနဲ့ လုပ်နေလဲ။ ဒါကို ပြန်သုံးသပ်ရင် ကိုယ်ဟာ ပရော်ဖက်ရှင်နယ်လို့ ပြန်သတ်မှတ်လို့ ရနိုင်မရနိုင် အဖြေထွက်ပါလိမ့်မယ်။
အလုပ်တိုင်းဟာ ခံစားသက်ဝင်မှုမရှိရင် ကျက်သရေ မဲ့နေတတ်တယ်။ ခံစားသက်ဝင်မှု မရှိတဲ့အခါ အလုပ်လုပ်တဲ့ပုံစံဟာ ပေါ့ပြက်ပြက်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် မကျေမနပ်ပုံစံ ဖြစ်နေလိမ့်မယ်။ အလုပ်မှာ ပေါ့ပြက်ပြက်ဖြစ်တာလည်း မကောင်းဘူး။ မကျေမနပ်ဖြစ်တာလည်း မကောင်းဘူး။ တချို့ အလုပ်သိပ်မလုပ်ရပေမယ့် လုပ်ရတဲ့အလုပ်ကို မျက်နှာဆူပုပ်ပြီး လုပ်တတ်တယ်။ တချို့ကတော့ အလုပ်တွေ တန်းစီနေရင်တောင် ပြုံးရွှင်ပြီး စိတ်ဝင်စားမှုအပြည့်နဲ့ လုပ်တတ်တယ်။ သေချာတာကတော့ ကိုယ့်အလုပ် ကိုယ့်တာဝန် ကိုယ်လုပ်ရတာကို ညည်းညူနေတဲ့သူတွေဟာ တခြားသူတွေရဲ့အမြင်မှာ ဘယ်လိုမှ တင့်တယ်ခြင်း မရှိနိုင်တာပါပဲ။
ပရော်ဖက်ရှင်နယ်ဆိုတဲ့ စကားက တရားမျှတပါတယ်။ ဘယ်လိုဘွဲ့ကြီးရမှ၊ ဘယ်လိုပညာကြီးတတ်မှ ဆိုတာမျိုး မဟုတ်ပါဘူး။ ဆရာဝန်တစ်ယောက်လည်း ပရော်ဖက်ရှင်နယ် ဖြစ်နိုင်တယ်။ ပန်းရန်ဆရာတစ်ယောက်လည်း ပရော်ဖက်ရှင်နယ် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကိုယ်လုပ်တဲ့အလုပ်ကို တာဝန်ကျေဖို့နဲ့ လေ့လာသင်ယူနေဖို့တော့ လိုအပ်တယ်။ တာဝန်ကျေတယ်ဆိုတာက သူများ ဒီဟင်းနဲ့ မှာလို့ ဒီဟင်းချပေးရုံ၊ သူများ ဒီအလုပ်ခိုင်းလို့ ဒါလုပ်ပေးလိုက်ရုံဆိုတာမျိုးကို မဆိုလိုပါဘူး။ ကိုယ်ဟာ ထမင်းဟင်းရောင်းတဲ့သူဆိုရင် အရသာကောင်းဖို့၊ သန့်ရှင်းဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့စတဲ့ အချက်တွေကိုပါ စဉ်းစားပြီးလုပ်ဆောင်နေရမယ်။ ကိုယ့်အလုပ်ကိုကိုယ် ဘယ်လိုအကောင်းဆုံးဖြစ်အောင် လုပ်ရမလဲ မစဉ်းစားဘဲနဲ့တော့ ကိုယ်ဟာ ဘယ်တော့မှ ပရော်ဖက်ရှင်နယ် မဖြစ်ပါဘူး။ အမြဲ လေ့လာသင်ယူနေပြီး စေတနာထား လုပ်ဆောင်တတ်ခြင်းဟာ ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်ဖို့အတွက် အစားထိုးစရာမရှိတဲ့ နည်းလမ်းကောင်းပါပဲ။
သူငယ်ချင်းတွေကြားထဲမှာ အလုပ်မမြဲဘူး။ အလုပ်မှာ နေရာမရဘူးဆိုတဲ့ စကားတွေ မကြာခဏကြားရတယ်။ ဖြစ်တတ်ပါတယ်။လူဖြစ်လာကတည်းက ကျွန်တော်တို့တွေဟာ ဒီလို မညီမျှမှုတွေနဲ့ ကြုံဆုံဖို့ သတ်မှတ်ခြင်း ခံထားရပြီးသားပါ။ ဒါပေမဲ့ ကိုယ့်အနေနဲ့ အဲဒီအလုပ်မှာ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကိုတော့ ပြန်ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ ဘယ်လိုတာဝန်ကျေခဲ့လဲ။ ဘယ်လိုအနာခံခဲ့လဲ။ ဘယ်လိုလေ့လာခဲ့လဲ။ ဒါတွေဟာ ကျွန်တော်တို့ရဲ့ ပင်ကိုတန်ဖိုးကို မြှင့်တင်တဲ့နေရာမှာ အရမ်းအရေးကြီးပါတယ်။ မိုက်ခရိုဆော့ဖ် သူဌေး ဘီလ်ဂိတ်ကပြောတယ်။ “ဘဝဟာ မျှတမှုမရှိဘူး။ ဒါပေမဲ့ သင်ဟာ အသားကျဖို့ သင်ယူရလိမ့်မယ်” တဲ့။ ဒီတော့ ကျွန်တော်တို့ အသားကျဖို့ သင်ယူမှဖြစ်မယ်။ လေ့လာမှ ဖြစ်မယ်။ အလုပ်က တရားတယ်၊ မတရားဘူး ဆိုတာကို ခဏမေ့ပြီး ကိုယ်ဟာအလုပ်ကို သင်ယူမှုနဲ့ ပရော်ဖက်ရှင်နယ် ပီပီသသလုပ်ခဲ့တယ်ဆိုရင် ကိုယ်နဲ့ ပတ်သက်ခဲ့ဖူးတဲ့သူတိုင်း ကိုယ့်ကို တန်ဖိုးထားပါလိမ့်မယ်။ ပြီးတော့ မျှတတဲ့၊ အဆင်ပြေတဲ့ အလုပ်နဲ့လည်း တွေ့နိုင်ပါလိမ့်မယ်။
ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်တယ်ဆိုတာ စာကပ်ထားလို့ မရပါဘူး။ ပညာတတ်ထားရုံနဲ့ မရပါဘူး။ အသက်တွေ ကြီးလာရုံနဲ့ မရပါဘူး။ လုပ်သက်ဆိုတာ တစ်ခါတစ်ရံမှာ အလုပ်လုပ်ခဲ့တဲ့ အသက်မဟုတ်ဘဲ အချောင်ခိုခဲ့တဲ့ အသက်လည်း ဖြစ်နိုင်ပါတယ်။
ဒီတော့ ……. ကျွန်တော် ဒီနေရာမှာပဲ ရပ်လိုက်တော့မယ်ဗျာ။
ကျွန်တော်သိတဲ့ ပရော်ဖက်ရှင်နယ်
Most Read
Most Recent
3 hours ago