သင့်တွင် မိတ်ဆွေ (၅၀) ရှိပါသလား။ မလုံလောက်သေးပါ။ သင့်တွင် ရန်သူ တစ်ယောက် ရှိနေပါသလား များလွန်းလှသည်။ (အီတလီစကားပုံ)
ပြီးခဲ့တဲ့တစ်ရက်က တီဗွီကလာတဲ့ ဟောပြောချက်ကလေးတစ်ခုကို နားထောင်လိုက်ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ အာဏာရှင်ဟစ်တလာက ဂျူးလူမျိုး ခြောက်သန်းလောက်ကို စနစ်တကျ အကျဉ်းစခန်းတွေဖွင့်ပြီး သတ်ဖြတ်ပစ်ခဲ့တယ်ဆိုတဲ့ ဟောပြောချက်ကလေးကို ကြားလိုက်ရတော့ လူတစ်ယောက်ရဲ့ အမုန်းတရားနဲ့ အာဃာတဟာ အပြစ်မဲ့တဲ့ လူပေါင်းများစွာရဲ့အသက်ကို အန္တရာယ်ပေးနိုင်ပါလားဆိုတဲ့ အတွေးကလေးတစ်ခု ခေါင်းထဲမှာ ပေါ်လာခဲ့ပါတယ်။
အမှန်တော့ လူ့ဘောင်လောကကြီး ဒီလောက်အထိ ရေရှည်တည်တံ့နိုင်တယ်ဆိုတာ လူနဲ့လူချင်း မေတ္တာကရုဏာနဲ့ ကူညီဖေးမပြီး စောင့်ရှောက်ထိန်းသိမ်းလာကြလို့သာ ခုလောက်ထိ ရေရှည်တည်တံ့နေတာပဲ ဆိုတာ သိသာပါတယ်။ ကမ္ဘာပေါ်မှာ မျိုးတုံးပျောက်ကွယ်သွားခဲ့ရတဲ့ တိရစ္ဆာန်မျိုးစိတ် အတော်များများဟာ အမုန်းတရားကြောင့် မဟုတ်သော်ငြားလည်း အားနည်းသူကို အားကြီးသူတွေက အကြင်နာမဲ့စွာ အနိုင်ကျင့် သတ်ဖြတ်တာခံလိုက်ရလို့ဆိုတာ မြင်လာရပါတယ်။
ဒီကနေ့ ကမ္ဘာကြီးကို လှမ်းမျှော်ကြည့်လိုက်ရင် ဘယ်နေရာမှာမှ ငြိမ်းငြိမ်းချမ်းချမ်း မရှိတာလဲ တွေ့ရမှာဖြစ်ပါတယ်။ တရားမျှတမှု၊ လူ့အခွင့်အရေး၊ အာဏာလွန်ဆွဲမှု၊ ကိုယ်ကျိုးစီးပွား စတဲ့အကြောင်းတရားတွေ အပေါ်အခြေခံပြီး တစ်ဦးနဲ့တစ်ဦး စွပ်စွဲ ပြစ်တင်နေတာတွေ၊ အချင်းချင်း အသေအကျေ တိုက်ခိုက်နေကြတာတွေ့ရတော့ လူ့တန်ဖိုးဆိုတာလည်း တဖြည်းဖြည်းနိမ့်ကျလာတာ တွေ့ရပါတယ်။
လူဆိုတာသည် ကမ္ဘာပေါ်မှာ အသိဉာဏ်စွမ်းအားအမြင့်ဆုံး မျိုးစိတ်တစ်ခုလို့ ဆိုနိုင်ပေမယ့် အဲဒီလူဆိုတဲ့ သတ္တဝါတစ်မျိုးရဲ့ ဦးနှောက်ထဲမှာ အမုန်းတရားတစ်ခု တည်ဆောက်မိပြီဆိုရင်တော့ သူဟာ အရက်စက် အကြမ်းကြုတ်ဆုံးလို့ထင်ရတဲ့ အခြားသတ္တဝါတွေထက် ပိုပြီး ဖျက်ဆီးနိုင်မှုစွမ်းအား ပိုပြီးမြင့်လာတတ်တယ်ဆိုတာ သတိထားဆင်ခြင်သင့်ပါတယ်။
ဒါကြောင့် လူဆိုတဲ့ မျိုးစိတ်တစ်ခုကမ္ဘာပေါ်မှာ ရေရှည်တည်တံ့နိုင်ဖို့အတွက် ဘာသာတရားဆိုတဲ့ အဆုံးအမနဲ့ ထိန်းကွပ်ဖို့ ကြိုးစားနေကြရတာလည်း တွေ့ရပါတယ်။ ဘယ်ဘာသာမှာမဆို အဓိကအရင်းခံထားတဲ့ အချက်က သုံးခုပဲရှိပါတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာဆိုတဲ့ အချက်တွေပါပဲ။ ဒီတရားသုံးပါးဟာ ကမ္ဘာစောင့်တရားတွေပါပဲ။
ဒီလိုပဲ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး ရေရှည်ရပ်တည်နိုင်ဖို့အတွက် ကောင်းနိုးရာရာစနစ်တွေ ချမှတ် ကျင့်သုံးကြပြန်ပါတယ်။ နိုင်ငံရေးအတွေးအခေါ်ရှိသူ ပညာရှင်တွေက တိုင်းပြည်နဲ့ လူမျိုးအကျိုးရှိမယ် ထင်ရတဲ့ နိုင်ငံရေးစနစ် ပုံစံတွေ ဖော်ထုတ်ကြပြန်ပါတယ်။
အဓိကရည်ရွယ်ချက်က ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ချည်းပါပဲ။ ဒါပေမဲ့ လူတစ်ဦးတစ်ယောက်ရဲ့ စဉ်းစားတွေးခေါ်မှုဆိုတာ ဘယ်တော့မှ ပြီးပြည့်စုံတဲ့သဘော မရှိပါဘူး။ သူတစ်ဦးတစ်ယောက်ရဲ့စဉ်းစားတွေးခေါ်မှုဆိုတာ သူ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ ဘဝလမ်းကြောင်းတစ်ခုပေါ်မှာ အခြေတည်ပြီး စဉ်းစားတာလည်းဖြစ်လို့ မှားတာလည်း ရှိနိုင်သလို မှန်တာလည်း ရှိနိုင်ပါတယ်။
နောက်ဆုံး လူတွေကြုံတွေ့ရင်ဆိုင်ရတဲ့ ဆင်းရဲဒုက္ခတွေ၊ ဘေးအန္တရာယ်တွေ အားလုံးရဲ့ အဓိကတရားခံဟာ ကျင့်သုံးတဲ့စနစ်ရဲ့ အံချော်မှုကြောင့်လို့ ဆိုရမှာထက် လူတွေကိုယ်တိုင်ရဲ့ ရင်ထဲက အမုန်းတရား၊ အငြိုးနဲ့ အာဃာတတရားတွေကြောင့်သာ လို့ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။ သည်တရားတွေကို လက်ခံပြီး ကိုယ်တိုင်က လိုလိုချင်ချင်နဲ့ သုံးစွဲနေမယ်ဆိုရင်တော့ ဘယ်လောက်ကောင်းတဲ့ စနစ်တစ်ခုကို ထူထောင်သည်ပဲဖြစ်စေ အန္တရာယ်ကတော့ ရှိနေမှာ သေချာပါတယ်။
ဒီမိုကရေစီစနစ်ဆိုတာ “ပြည်သူများအတွက် ပြည်သူများက ရွေးချယ်တဲ့ ပြည်သူများရဲ့အစိုးရ” က အုပ်ချုပ်တဲ့ စနစ်ပါ။ အာဏာဆိုတာ ပြည်သူများရဲ့လက်ထဲမှာပဲ ရှိတယ်လို့ဆိုပေမယ့် ပြည်သူများရဲ့ကိုယ်စား အုပ်ချုပ်ရတဲ့ အစိုးရတစ်ရပ်ကတော့ ရှိနေရမှာပဲ ဖြစ်ပါတယ်။
အာဏာကို တစ်ဦးတစ်ယောက်ရဲ့လက်ထဲမှာ ဝ,ကွက်ပြီး အပ်ထားတာမဟုတ်လို့ တရားလက်လွတ် စိတ်ထင်တိုင်းပြုမူနိုင်တဲ့ အခြေအနေတော့ မရှိပါဘူး။ ဒါပေမဲ့ ပြည်သူတွေ ယုံကြည်လောက်အောင် ကတိတွေ တရားလွန်ပေးပြီးနောက်တော့မှ ကတိပေးတဲ့အတိုင်း အောင်မြင်အောင် လုပ်မပေးနိုင်တဲ့အတွက် အစိုးရအပေါ်ပြည်သူက အယုံအကြည်မဲ့လာတာမျိုးတော့ ဖြစ်နိုင်ပါတယ်။
ထို့အတူပဲ ပြည်သူတွေအနေနဲ့ကလည်း ကိုယ်ကယုံကြည်လို့ တင်မြှောက်ထားတဲ့ အစိုးရအပေါ်မှာ ထစ်ခနဲရှိ ဆန္ဒပြတောင်းဆို မရရင် လူထုအားနဲ့ဖြုတ်ချဖို့ ကြိုးစားတာမျိုးကြောင့် တိုင်းပြည်ရဲ့တည်ငြိမ်မှုကို အများကြီး ထိခိုက်စေနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ နောက်ဆုံးတော့ တည်ဆဲအစိုးရပေါ်မှာ ထောက်ခံတဲ့သူနဲ့ ကန့်ကွက်တဲ့သူဆိုပြီး အုပ်စုနှစ်ခု ကွဲပြားရာကအစပြု ပြီး လူထုကြားမှာလည်း မညီမညွတ်ဖြစ်လာတဲ့အခါ အာဏာရှင်စနစ် ပြန်ပြီးအစပျိုးဖို့ လမ်းကြောင်းဖော်ပေးတာမျိုးလည်း ဖြစ်လာနိုင်တာ တွေ့ရပါတယ်။ ဒါက စနစ် ဘယ်လောက် ကောင်းကောင်း ကျင့်သုံးတဲ့လူတွေအနေနဲ့ ချင့်ချင့်ချိန်ချိန်နဲ့ ရေရှည်အကျိုးစီးပွားကို မြော်တွေးပြီး သုံးစွဲသင့်တယ်ဆိုတဲ့ အချက်ကို ထောက်ပြနေတာပါ။
ဒီမိုကရေစီစနစ်တစ်ခုကို အောင်မြင်အောင် ထူထောင်ချင်တယ်၊ ဒီမိုကရေစီစနစ် ရဲ့ အနှစ်အရသာကို တကယ်ပဲ ခံစားချင်တယ်ဆိုရင်တော့ အပေးအယူ လုပ်တတ်ရပါလိမ့်မယ်။ ကိုယ်ကချည်းအမြဲ ၁ဝဝ ရာခိုင်နှုန်းလိုချင်နေလို့ကတော့ ဘယ်တော့မှ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကို ရောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ကလည်း ပြန်ပေးရတာတွေ ရှိလာနိုင်ပါတယ်။ ဒါကိုလည်း သဘောပေါက်ထားသင့်ပါတယ်။ ဒီအပြင်လည်း ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ အပြုအမူမျိုးနဲ့ ပြုမူနေထိုင်ပြီး စည်းကျမ်းတကျ ရှိသင့်ပါတယ်။
ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာ ကိုယ်ရချင်တာတွေကိုချည်းပဲ အမြဲဦးစားပေး ရှေ့တန်းတင်နေတာမျိုး မဖြစ်သင့်သလို သူတစ်ပါးရဲ့လွတ်လပ်မှုနဲ့ အခွင့်အရေးကိုလည်း မထိခိုက်အောင် ရှောင်ကြဉ်ရပါလိမ့်မယ်။ လူလူချင်း တန်ဖိုးထား လေးစားတတ်ဖို့လည်း လိုပါတယ်။
တစ်ဦးနဲ့တစ်ဦး ပုဂ္ဂိုလ်ရေးသက်သက် အမြင်မကြည်လင်မှုကို အခြေခံပြီး တိုက်ခိုက်တာမျိုး မပြုလုပ်သင့်သလို အငြိုးနဲ့ အာဃာတကို အခြေခံပြီး အဆိုးမြင်စိတ်နဲ့ မကောင်းပြောတာမျိုးလည်း မဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။ အမှန်တရားကို လိုလားတယ်၊ တရားမျှတမှုကို မြတ်နိုးတယ်ဆိုရင် အမုန်းတရားကို ရှေ့တန်းတင်ပြီး ပြောဆိုပြုမူ လုပ်ကိုင်တာမျိုးထက် အကျိုးသင့်အကြောင်းသင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ တရားမျှတမှုအပေါ်မှာ မှန်မှန်ကန်ကန် ရပ်တည်သွားနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ဒါကြောင့် ကိုယ် ကိုယ်တိုင်လည်း အမုန်းတရားတွေ အာဃာတတွေ အငြိုးအတေးတွေနဲ့ တည်ဆောက်ထားတဲ့ လူတစ်ယောက်မဖြစ်အောင် သတိထားရပါလိမ့်မယ်။
အချုပ်အားဖြင့်ဆိုရရင်တော့ တစ်ဦးနဲ့ တစ်ဦး မေတ္တာကို အရင်းခံပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကနေ စည်းကမ်းတကျနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် လျှောက်နိုင်ကြမှသာ စစ်မှန်တဲ့ဒီမိုကရေစီပန်းတိုင်းကို ရောက်နိုင်ကြမှာပါ။ သေချာတာ တစ်ခုကတော့ ဒီမိုကရေစီစနစ်ဆိုတာ အမုန်းတရားတွေ အငြိုးအတေးတွေ အာဃာတတွေနဲ့ တည်ဆောက်ထားတာ မဟုတ်ဘူးဆိုတာပါပဲ။
အမုန်းတရားနဲ့တော့ဖြင့် ဘယ်အရာကိုမှ မတည်ဆောက်ကြပါနဲ့
Most Read
Most Recent
4 hours ago