တိုင်းရင်းသား လူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီးဌာန ဖွဲ့စည်းမည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ဖေဖော်ဝါရီ ၂၄ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြု ပြဋ္ဌာန်းခဲ့သည်။အဆိုပါဥပဒေ ပြဋ္ဌာန်းချက်အရ တိုင်းရင်းသားလူမျိုးများ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ပင်ရင်းနိုင်ငံအဖြစ် သတ်မှတ်၍ စဉ်ဆက်မပြတ် နေထိုင်ခဲ့ကြသော လူမျိုးများကို ဆိုလိုကြောင်းနှင့် ယင်းစကားရပ်တွင် နိုင်ငံသားပြုခွင့် ရသူများနှင့် ဧည့်နိုင်ငံသားများ မပါဝင်ကြောင်း သိရသည်။ထို့ပြင် တိုင်းရင်းသားရေးရာ ဆိုသည်မှာ တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့်ဘာသာ၊ သမိုင်းအမွေအနှစ်၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများ ရရှိရေးတို့ အပါအဝင် လူမှုဘဝဖွံ့ ဖြိုးတိုးတက်ရေး စသည့်ကိစ္စရပ်များကို ဆိုလိုခြင်းဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။တိုင်းရင်းသား လူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီးဌာနသည် တိုင်းရင်းသား လူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်း၊ သမိုင်းနှင့် ရှေးဟောင်းအမွေအနှစ်တို့ကို စူးစမ်းရှာဖွေ ဖော်ထုတ်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကို လည်းကောင်း၊ အခြားဘာသာ သာသနာကို လည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားအချင်းချင်း သို့မဟုတ် တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ဖြေရှင်းခြင်း စသည်ဖြင့် ကိစ္စရပ်များကို လုပ်ပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။“တိုင်းရင်းသား အခွင့်အရေးကို ဆောင်ရွက်ဖို့အတွက် ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတစ်ရပ် ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီးတော့ အဲဒီဥပဒေအပေါ်မှာ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေလည်း မြန်မြန်ဆန်ဆန် ထွက်လာဖို့ လိုတယ်။ ဥပဒေကို ပြဋ္ဌာန်းပြီးရင် ဥပဒေကို လိုက်ပါဆောင်ရွက်ရမယ့် အဖွဲ့အစည်းတွေက ဥပဒေနဲ့အညီ Action ယူဖို့ အရေးကြီးပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
တိုင်းရင်းသား လူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီးဌာန ဖွဲ့စည်းမည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ သမ္မတ လက်မှတ်ရေးထိုး ပြဋ္ဌာန်း















