မြန်မာ-ဆားဗီးယား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးရန် ကန့်ကွက်သူမရှိ ပြည်ထောင်စုလွှတ်တော် အတည်ပြု

မြန်မာ-ဆားဗီးယား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးရန် ကန့်ကွက်သူမရှိ ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 25 February 2015

မြန်မာ-ဆားဗီးယား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးရန် ကန့်ကွက်သူ မရှိဘဲ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။နေပြည်တော်၌ ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် မြန်မာ-ဆားဗီးယား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးရန် ကိစ္စနှင့် ပတ်သက်၍ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခဲ့ခြင်းဖြစ်သည်။“ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ဆားဗီးယား သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရာမှာ အခြေခံ သဘောတရားတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်နိုင်ရန်နဲ့ တန်းတူညီတူရှိမှု၊ အပြန်အလှန် အကျိုးစီးပွားရှိမှု သဘောတရားများကို အခြေခံပြီးတော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ပြီး ကျွန်တော်တို့ လက်မှတ်ရေးထိုးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရခြင်းပဲ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။အဆိုပါ သဘောတူညီချက်အား လက်မှတ်ရေးထိုးရန်အတွက် နှစ်နိုင်ငံ သဘောတူညီမှု ရရှိထားပြီး ဖြစ်သည့်အပြင် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၄/၂၀၁၅ တွင်လည်း သဘောတူညီထားပြီးဖြစ်ကြောင်း သိရသည်။“ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် ကာကွယ်ရေးနဲ့ လုံခြုံရေး မူဝါဒတွေ၊ စစ်ဘက်စီးပွားရေး၊ သိပ္ပံနဲ့ နည်းပညာ၊ စစ်ဘက်ဆိုင်ရာ ပညာရေးနဲ့ သင်တန်းများ၊ စစ်ဘက်ဆိုင်ရာ ဆေးပညာရပ်နဲ့ တိရစ္ဆာန်ဆေးကုသမှုသိပ္ပံ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်သလိုပဲ နှစ်နိုင်ငံအခွင့်ရ အာဏာပိုင်များက သဘောတူသည့် အပြန်အလှန် အကျိုးစီးပွား ဖော်ဆောင်ရေးဆိုင်ရာ အခြားနယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အကျိုးစီးပွားတွေကို ရရှိမှာပဲ ဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆားဗီးယားသမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းမှု သဘောတူညီချက်ကို နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။မြန်မာ-ဆားဗီးယား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးရန်အတွက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် လွှတ်တော်မှ ကန့်ကွတ်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent