အိပ်မက်ရယ်၊ အတိတ်ဟောင်းရယ်

အိပ်မက်ရယ်၊ အတိတ်ဟောင်းရယ်
Published 25 February 2015
ရဲထွတ်နီ

(၁)“ဟေ့ကောင်တွေ လာကြတော့လေကွာ၊ ငါသွားနှင့်ပြီဟေ့”ကိုခွီး၏ အော်ခေါ်သွားသံကို ကြားလိုက်ရသည်။ ကျွန်တော်တို့လည်း သူ့နောက်သို့ ထွက်လိုက်လာခဲ့ကြသည်။ တစ်အောင့်လောက်ရှိတော့ ကျွန်တော်တို့ သူငယ်ချင်းတစ်စုသည် ကွင်းကြီးထဲသို့ ရောက်လာခဲ့ကြသည်။ ချိန်းပွဲ ကစားကြသူ အသင်းတချို့မှာ ကစားလျက်ပင် ရှိနေကြပြီ။ ကျွန်တော်တို့လည်း ထုံးစံအတိုင်း တစ်မတ်တန်းစင်ရှေ့တွင် လူစုလိုက် မျက်နှာချင်းဆိုင်လိုက်ကြသည်။တစ်ဖက်အသင်းက စပေးဘောလုံး ရသည်။ ဘောလုံးကို စပေးပြီး တစ်ယောက်နှစ်ယောက်ဆီကို ဘောလုံးက ရောက်ရှိကာ တို့ရုံထိရုံသာ ရှိသေးစဉ် “ဂိုး” ဆိုသော အသံက ထွက်ပေါ်လာခဲ့သည်။ တစ်ဖက်တွင် ကစားနေကြသည့် ပွဲဆီမှ ဖြစ်သည်။ ကျွန်တော် လှမ်းကြည့်မိတော့ ခြင်ထောင်အမိုးကိုပဲ မြင်ရလေသည်။ သြော် ကျွန်တော် အိပ်မက်မက်နေပါလား။ ညနာရီပြန် တစ်ချက်ခွဲဖြစ်သည်။ တော်တော်နှင့် ကျွန်တော် ပြန်အိပ်မပျော်ခဲ့ချေ။(၂)မြင်းပြိုင်ကွင်းဟောင်းကြီးထဲသို့ ကျောင်းသားဘဝက တစ်ပတ်လျှင် အနည်းဆုံး နှစ်ရက်တော့ မနက်ညနေဆိုသလို ကျွန်တော်တို့ ရောက်ခဲ့ကြသည်။ အချင်းချင်း လူခွဲကာ ဘောလုံးကစားကြသည်။ ချိန်းပွဲကစားကြသည်။ ကျောင်းပိတ်ရက်ရှည် ဆိုလျှင် ညနေတိုင်းလိုလို ရောက်ကြလေ့ ရှိခဲ့သည်။ ကွင်းတစ်ပြင်လုံးမှာ နေ့စဉ်ပင် အားကစားကြသူများ ဟိုမှာတစ်စု ဒီမှာတစ်စုနှင့် အပြည့်ဖြစ်သည်။ တာလတ်တာဝေး အပြေးကျင့်ကြသူများ၊ ထရိန်နင် လာဆင်းကြသူများလည်း ရှိခဲ့သည်။ ကျွန်တော်တို့ သူငယ်ချင်းများသည် ဘောလုံးတစ်သင်းစာ မရရအောင် လူစုတစ်နေ့လျှင် တစ်ယောက်ဆယ်ပြားစီ စုထည့်ကြပြီး အသင်းဖွဲ့ခဲ့ကြသည်။ ကျွန်တော်တို့ ဤကွင်းကြီးထဲသို့ဝင်ပြီး ပြေးလွှားဆော့ကစားခဲ့ကြစဉ် တစ်မတ်တန်းပွဲကြည့်စင် ရှိခဲ့သေးသည်။ ကွင်းလယ်ဗဟိုပတ်လည် တန်းများအချို့လည်း ရှိခဲ့သေးသည်။ ကွင်းထဲသို့ နီးရာအပေါက်မှဝင်၊ ကွင်းတစ်ပတ်လောက် ပြေးချင်လျှင် ပြေးလိုက်ဦး၊ ဖြည်းဖြည်းမှန်မှန်။ လူစုံလာလျှင် ပျော်ရွှင်စွာ ကစားလိုက်ကြပြီး ညနေ နေအတော်ချို့တော့မှ အိမ်ကို ပြန်ကြသည်။ ကာလ အတန်ကြာပါ။အိပ်မက်ထဲမှ သွားကစားကြဖို့ အော်ခေါ်သွားသူ ကိုခွီး၏ အမည်အပြည့်အစုံမှာ ကိုစောလော်ခွီး ဖြစ်သည်။ သူသည် ဤကျိုက္ကဆံကွင်းကြီးထဲ စခြေချော်ခဲ့ရင်း ပထမတန်းအသင်း လက်ရွေးစင်နှင့် မြန်မာ့လက်ရွေးစင် ဘောလုံးသမား ဖြစ်ခဲ့သူ။ စိတ်ရှည်ရှည် စိတ်ကောင်းရှိသည့် အားကစားသမားတစ်ယောက် ပထမတန်းနှင့် ဘားမားဖြစ်တော့ ခေါ်ရခက်သည့် သူ့နာမည်ကို စောညီညီထွန်းဟု ပြောင်းမှည့်ခဲ့သည်။ ကိုစောညီညီထွန်းလိုပင် ကျွန်တော်တို့အရပ်၊ ကျွန်တော်တို့မြို့နယ်မှ အားကစားသမားများ ကျိုက္ကဆံကွင်းကြီးထဲ ခြေချခဲ့၊ စတုတ္ထတန်းပြိုင်ပွဲကွင်းထဲ ခြေချခဲ့ကြပြီး ဘောလုံးနှင့် အပြေးသမား အကျော်အမော် ဖြစ်လာခဲ့သူတွေ ရှိခဲ့ပါသည်။ လောင်းကစားပြိုင်ပွဲကွင်း၏ တစ်ဖြစ်ပြောင်းလဲမှုသည် အားကစား ဝါသနာပါသူတို့အတွက် ရေခံမြေခံကောင်း ဖြစ်ခဲ့ခြင်းပါပင်။(၃)ကျွန်တော် ဝန်ထမ်းဘဝသို့ရောက်တော့ ကျိုက္ကဆံ မြင်းပြိုင်ကွင်းဟောင်းထဲမှာပင် အလုပ်ဆင်းခဲ့ရသည်။ တောင်နှင့် အနောက်မြင်းပြိုင်ကွင်း လမ်းဆုံ ကွင်းထဲသို့ ဝင်ပေါက်ဂိတ် ၆ အနီးရှိ ရုံးအဆောက်အအုံသို့ ဖြစ်သည်။ ထိုအဆောက်အအုံကလေးမှာ တစ်ချိန်က မြင်းပြိုင်ပွဲ (Members) မမ်ဘာများ၏ ကလာပ်ဟု သိရှိခဲ့ရသည်။ အဆောက်အအုံ၏ ဝဲဘက် မြေညီထပ်ထောင့်စွန်းတွင် မီးဖိုရှိခဲ့သည်။ ကြော်လှော်ချက်ပြုတ်ပြီးသည့် ဟင်းလျာများကို အပေါ်ထပ်သို့ စက်သီးဖြင့် ဆွဲတင်သော် ကြောင်အိမ်ကလေးလည်း ရှိခဲ့သည်။ ထိုအထပ်၏ ဝရန်တာမှ အပေါ်သို့ အဆောက်အအုံ၏ ယာဘက်တက်သွားလျှင် မိုးပျံမှန်ခန်းဆောင်လေး ဖြစ်သည်။ မှန်ခန်းဆောင်၏အောက်ထပ် ခန်းမကျယ်မှာ ဘိလိယက်ခုံ ရှိခဲ့သော ဘိလိယက်ခန်း ဖြစ်လေသည်။ အဆောက်အအုံပေါ် တီဂိုမှ အတည့်ဝင်သွားလျှင်တော့ အနောက်ဘက်သို့ မျက်နှာပြုသော ရုံးခန်းနှစ်ခန်း၊ ထောင့်ချိုးတွင် ရုံးခန်းငယ်လေးခန်း ရှိသည်။လောင်းကစားဖြစ်၍ မြင်းပွဲကို ဖျက်သိမ်းပြီးနောက် (ပြည်သူပိုင်သိမ်းသည် ထင်၏) ကလာပ်လည်း ဖျက်သိမ်းလိုက်တော့ အဆောက်အအုံကလေးသည် ပညာရေးဌာနအောက်တွင် ကျောင်းသားလူငယ်များအား စည်းရုံးလေ့ကျင့်ရေး လုပ်ငန်းများကို ဆောင်ရွက်လှုပ်ရှားဖို့ ရုံးတစ်ခု ဖြစ်လာခဲ့သည်။ ကင်းထောက်အဖွဲ့ကို ဖျက်သိမ်းပြီးနောက် ကင်းထောက်အဖွဲ့မှ ဆရာဟောင်းကြီး တချို့နှင့် ဝန်ထမ်း အချို့တို့သည် စောစီးစွာ ရုံးထိုင်ခဲ့ကြကြောင်း သိရှိခဲ့ရသည်။ ထိုထက်စောသည့် ကာလက မြင်းပြိုင်ကွင်း အထူးတန်းရုံးခန်းတွင် ပညာရေးဌာန (လူငယ်ရေးရာ) ဟူသော ဆိုင်းဘုတ်သေးသေးကလေးနှင့် ရုံးဖွင့်ခဲ့ကြသေးကြောင်း ဆိုသည်။ ရည်ရွယ်သည်မှာ နောင်အခါ (လမ်းစဉ်) ပါတီ၏အောက်တွင် အရန်အင်အားကို စည်းရုံးလေ့ကျင့်မည့် လူငယ်အဖွဲ့အစည်း ပေါ်ပေါက်လာလျှင် ဆက်စပ်နိုင်ရန် ကျောင်းသားလူငယ်များနှင့် ရှေ့ပြေးဆောင်ရွက်စေခြင်းဟု နားလည်ခဲ့မိပါသည်။ ‘ရှေ့ဆောင်လူငယ် × × တာဝန်ဆယ့်နှစ်ပါး × × မမှားဘဲ ကျင့်ရမည် × ×’ အစ ချီသော ‘ကျင့်ဝတ် ၁၂ ပါး ထိန်းစို့လား’ သီချင်းတွင် ‘လမ်းစဉ်လူငယ် အမြန်သာဖြစ်ရေး × × အားသွန်ပေးပါမည်...’ ဟူ၍လည်း သံပြိုင်စာသား ပါခဲ့ပါသည်။(၄)ကျောင်းကောင်စီရယ်...၊ ရပ်နီးရပ်ဝေး လုပ်အားပေးရယ်...၊ လူရည်ချွန်ဆုရွေးချယ် ချီးမြှင့်မှုရယ်...၊ ဖွံ့ဖြိုးမှုနှင့်ေ ဖျာ်ဖြေရေးရယ် စသည့်လုပ်ငန်းများကို လှုပ်ရှားလုပ်ကိုင်ကြရတော့ နေ့နေ့ညည ပင်ပန်းသည်မသိ၊ ပျော်ရွှင်မှုလည်း ရှိခဲ့ကြသည်။
အမျိုးသားကျောင်းအုပ်ကြီးဟောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ ရုပ်ကလာပ်ကို ဤကွင်းကြီးထဲသို့ သယ်ဆောင်လာ၊ လူထုက တဖွဲဖွဲလာရောက် ဂါရဝပြုကြ။ ထိုနောက်များမကြာမီ ကျောင်းသားများက ပြန်လည် . . . . .

မြင်းပြိုင်ကွင်းဟောင်းကြီးက လူထုလူတန်းစား နေ့ကြီးများတွင် အစည်းအဝေးပွဲကြီးများ ကျင်းပရာ အဖြစ်သို့ ပြောင်းလဲပြန်တော့ ကျွန်တော်တို့ဌာနခွဲ ရုံးကလေးမှာ ထိုစဉ်က နိုင်ငံထိပ်သီးများ၊ ပြည်နယ်နှင့်တိုင်း ဥက္ကဋ္ဌကြီးများ၊ ကိုယ်စားလှယ်တော်များ အစည်းအဝေး သဘာပတိ အဖွဲ့ဝင်များအဖြစ် တက်ရောက်ကြဖို့ တစ်နေကုန် နားနေရာ ဖြစ်ရသည်။ နံနက်ခင်းစောစောကြီး ချီတက်စည်းဝေးသည့်နှစ်က ဆိုလျှင် တစ်ညတာလုံး တည်းခိုအိပ်စက်ရာ ဖြစ်ခဲ့သည်။ ထိုပုဂ္ဂိုလ်များသည် သူ့အဆင့်အလိုက် သတ်မှတ်ရာ နေရာများတွင်သာ နေနားကြရသည်။ ရုံးမှ တာဝန်ကျသူများလည်း သတ်မှတ်ရာနေရာတွင်သာ ရှိရပြီး အစားအသောက် ကျွေးမွေးဧည့်ခံရေး ကူညီပေးရသည်။ ထိုရက် တစ်ရက်တည်းသာ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်နှင့် သဘာပတိများ နားနေသော်လည်း ရုံးကလေးက တစ်လကျော် နှစ်လလောက်ကတည်းက ဖွဲ့ စည်းပုံကို ပြောင်းရွှေ့ဖယ်ရှား ပြင်ဆင်ပေးထားကြရသည်။ ရုံးဗီရိုများ၊ စားပွဲကုလားထိုင်များမှန်သမျှ နံရံများဘေးသို့ကပ် ရုံးဖွဲ့စည်းပုံကိုဖျက်ပြီး အဆင်ပြေသလို အလုပ်လုပ်ကြရသည်။ ရုံးပေါ်မှကြည့်လျှင် ကွင်းပြင်အပြည့် လူထုနှင့် အစည်းအဝေး ကျင်းပသည်ကို တွေ့မြင်ကြရသလို ပွဲတော်ရက် ပြခန်းများ စည်ကားအောင် ရောင်းချပေးသော ပစ္စည်းများကိုလည်း တစ်နေ့တစ်နေ့ လူတွေလာရောက် တန်းစီတိုးကြ၊ ပြန်ရောင်းစားကြနှင့် ထိုခေတ်ကာလ၏ သရုပ်ဖော်ပြကွက် ဖြစ်ခဲ့ပါသည်။(၅)တကယ်ပါပင် ပါတီ၏ လူငယ်အဖွဲ့အစည်း ပေါ်လာတော့ ကျွန်တော်တို့ ဌာနခွဲမှ လူရောပစ္စည်းများကိုပါ ခွဲယူသွားခဲ့သည်။ လုပ်အားပေးနှင့် သင်တန်းလုပ်ငန်းများကိုလည်း ယူသွားခဲ့သည်။ အဆိုအတီးအဖွဲ့ပါ မကျန်အောင် ဖြစ်သည်။ နောင်အခါတွင်တော့ ရုံးအဆောက်အအုံကိုပါ မျက်စိကျလာခဲ့ကြသည်။ မူလဌာနခွဲသည် ပညာရေးအောက်ရှိစဉ်က ပညာရေးနှင့် ကျန်းမာရေးဌာနတို့ကို တာဝန်ခံဝန်ကြီး တစ်ဦးတည်းက တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က အားကစားနှင့် ကာယပညာဋ္ဌာနဟူသည် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ဖြစ်သည်။ ပါတီ၏ လူငယ်အဖွဲ့အစည်းက ဤအဆောက်အအုံတွင် ရုံးထိုင်ကြမည်ဟု လမ်းညွှန်အမိန့်လာတော့ ဌာနခွဲအဖြစ်မှ အသွင်ပြောင်းခဲ့သော ရုံးနှင့် ကျွန်တော်တို့ ဝန်ထမ်းများသည် မြို့မကျောင်းလမ်းရှိ ယခင် ဘက (ဘုန်းတော်ကြီးကျောင်း) ပညာရေးရုံးခန်း၊ ကျုံးကြီးလမ်းထောင့်မှ ယခင် ပညာ့ရိပ်သာ အဆောက်အအုံတို့ဆီကို ပြောင်းပြေးကြရသည်။ လူခွဲ ပစ္စည်းခွဲ ရုံးထိုင်ခဲ့ကြရသည်။လူငယ် အဖွဲ့အစည်းကြီးက ချင်းချောင်းနန်းတော်ကြီး (ကမ္ဘောဇရိပ်သာ) သို့ ပြန်ပြောင်းပြီး ရုံးထိုင်ကြရပြန်သောအခါ ဖယ်ပေးခဲ့ရသည့် ကျွန်တော်တို့မှာ ကိုယ့်ရုံးကိုယ် ပြန်ရွှေ့ကြရပြန်သည်။ထို့နောက်တွင်တော့ ယခုလက်ရှိ ဌာနအတွက် ကျွန်တော်တို့ ပညာရေးဖွံ့ဖြိုးမှု ရုံးခွဲကလေးသည် ပြောင်းရွှေ့ဖယ်ရှား ပေးခဲ့ရတော့သည်။ တစ်ချိန်တုန်းကတော့ ကျွန်တော်တို့၏ ဌာနခွဲ အကြီးအကဲမှာ အထူးအရာရှိ (Officer on special duty) တစ်ဦးပင် ဖြစ်သည်။ စစ်ဗိုလ်မှူးလည်း ဖြစ်သည်။ ဗြိတိသျှ တော်ဝင်စစ်ကျောင်းဆင်း တစ်ဦးဟုလည်း မှတ်သားဖူးသည်။ ထိုစဉ်တုန်းက ဗိုလ်မှူးတို့သည် ထိုရုံးအဆောက်အအုံ၏ လမ်းတစ်ဖက်ရှိ နေအိမ်များတွင် နေထိုင်ခဲ့ကြရသည်။ ယခု ဦးချစ်မောင်အိမ်ရာ နေရာတွင် ရှိခဲ့သော ဖလက် (Flat) တစ်ထပ်တိုက်အိမ် ကလေးများတွင်လည်း ကျွန်တော်တို့ ဌာနခွဲမှ အရာထမ်း အမှုထမ်း အချို့တို့လည်း နေထိုင်ခဲ့ကြရသည်။ အိမ်နှင့်ရုံးနီးတော့ နေကုန် မိုးချုပ်တိုင်အောင် အလုပ်ခွင်တွင် အလုပ်လုပ်ခဲ့ကြသူများ။ ယခု ဓနုဖြူဒေါ်စောရီ ထမင်းဆိုင်၏ နေရာတွင် ထိုစဉ်က ဌာနခွဲ၏ စာကြည့်တိုက်ကလေး ရှိခဲ့ဖူးပါသည်။ ဂိတ် ၆ ၏ တစ်ဖက်မှ အဆောက်အအုံမှာ ယခင် ‘ဓမ္မာရုံ’ ဟု မှတ်သားဖူးသည်။ ဋ္ဌာနခွဲမှ ဝန်ထမ်းအချို့၏ လူပျိုဆောင်လည်း ဖြစ်ခဲ့သည်ဟု သိခဲ့ရသည်။ ယခုတော့ လုပ်ငန်းတစ်ခု၏ ဆိုင်းဘုတ်တစ်ခုကို တွေ့မြင်ရပါသည်။ အသုံးပြုပုံ အသုံးတည့်ပုံက ယခင်နှင့်ယခု ကွဲပြားခြားနား သွားသည်လား။(၆)ဆောင်းဦးပေါက် တစ်ညနေခင်းတွင် မရောက်ဖြစ်ခဲ့တော့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သည်ကွင်းကြီးဘက်ဆီသို့ လမ်းလျှောက်ရောက်ခဲ့သေးသည်။ ရုံးဟောင်းကလေးဆီ လှမ်းမျှော်ငေးကြည့်မိခဲ့သည်။ တစ်နံနက်ခင်းတွင်တော့ ဇနီးနှင့် ခြောက်တန်းကျောင်းသား မြေးကလေးနှင့်ပါ အတူ လမ်းလျှောက်ထွက်၊ လက်ဖက်ရည်သောက်၊ မုန့်စားပြီး ကွင်းအတွင်းမှ လမ်းလျှောက်ကာ အိမ်ပြန်ခဲ့ကြသေးသည်။ အဘိုးတို့ ကစားခွင့်ရခဲ့ကြရာ ကွင်းကြီးနှင့် အဘိုး အလုပ်လုပ်ခဲ့သည့် ရုံးကလေးကို ညွှန်ပြခဲ့သေးသည်။(၈၈) အရေးအခင်းကိုကြုံတော့ ကျွန်တော်တို့သည် သည်ကွင်းထဲက သည်ရုံးကလေးမှာပင် ဖြစ်သည်။ အမျိုးသားကျောင်းအုပ်ကြီးဟောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ ရုပ်ကလာပ်ကို ဤကွင်းကြီးထဲသို့ သယ်ဆောင်လာ၊ လူထုက တဖွဲဖွဲလာရောက် ဂါရဝပြုကြ။ ထိုနောက်များမကြာမီ ကျောင်းသားများက ပြန်လည်သယ်ဆောင်သွားကြသည်ကို မြင်တွေ့ခဲ့ကြရသော ကျွန်တော်တို့သည် အရေးအခင်း ကာလတွင် လမ်းစဉ်ပါတီ၏ အရေးပေါ် အစည်းအဝေးကို ကွင်းထဲက ခန်းမပေါ်မှာ လာရောက်ကျင်းပခဲ့သည်ကိုလည်း မြင်တွေ့ကြားသိ နေခဲ့ရသည်။ ကိုယ့်နိုင်ငံတာဝန် ထမ်းဆောင်ခဲ့ဖူးရာ ထိုရုံးကလေးနှင့် ကွင်းကြီးကို အလွမ်းပြေ သွားကြည့်ခဲ့မိ၍မှ မကြာလိုက်၊ စီးပွားဖြစ် ကြံစည်လုပ်ကိုင်နိုင်သူတို့က ဤကွင်းကြီးကို မျက်စိကျကာ စီမံကိန်းပင် ရှိပြန်သည်ဟု ကြားရသောအခါ မျက်လုံးထဲ ပုံရိပ်တွေ မပျောက်သေးသော ကျွန်တော်မှာ အိပ်မက်ပင် မက်ခဲ့ပါရောလား။(၇)အရပ်ထဲ ကစားကွင်း မရှိရှာသော မြေးကလေးကို ဖိုးဖိုးတို့ ကစားခဲ့ဖူးတဲ့ကွင်းပဲဟု သွားပြခဲ့မိသည်မှာ မှားသွားပြီဟု သတိရလိုက်မိသည်။သည်လိုပင် အောက်မေ့ သတိရမိသည့် ရုံးဟောင်းကလေးကို မြင်မိတော့ တာဝန်ထမ်းကြတာချင်းအတူ အနိုင်ထက်ကလူပြု ခွဲခြားဖယ်ထုတ်တာတွေကို စိတ်ထဲရွံ့မိသည်။ ကိုယ့်လုပ်ပိုင်ခွင့်ဆိုတာနှင့် တစ်ပြိုင်နက် ကိုယ်ကျိုးစီးပွားအတွက် ကြံစည်သည်ဆိုလျှင်တော့ ပို၍.. ပို၍..။ ပို၍သာ။

Most Read

Most Recent