မဟာသန္တိသုခကျောင်းတိုက် ချိပ်ပိတ်ခြင်း၊ သံဃာတော်များအား လူဝတ်လဲခြင်းနှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင်တရားရုံးသို့ ပြင်ဆင်တင်သွင်းရာ မေးခွန်းသုံးခုမေးမြန်းခွင့်ပယ်ချ

မဟာသန္တိသုခကျောင်းတိုက် ချိပ်ပိတ်ခြင်း၊ သံဃာတော်များအား လူဝတ်လဲခြင်းနှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင်တရားရုံးသို့ ပြင်ဆင်တင်သွင်းရာ မေးခွန်းသုံးခုမေးမြန်းခွင့်ပယ်ချ
Published 24 February 2015
သက်ထား၊ အေးမြတ်မွန်

တာမွေတရားရုံး၌ မေးမြန်းမှုကန့်ကွက်ခြင်းခံခဲ့ရသည့် မဟာသန္တိသုခကျောင်းတိုက်ချိပ်ပိတ်ခြင်းနှင့် သံဃာတော်ငါးပါးအားလူဝတ်လဲခြင်းကို အရှေ့ပိုင်းခရိုင်တရားရုံးသို့ပြင်ဆင်တင်သွင်းထားရာ ၂၀၁၅ ဖေဖော်ဝါရီ ၂၄ ရက် မေးခွန်းသုံးခုကိုမေးမြန်းခွင့်ပြုခဲ့ပြီး မေးခွန်းသုံးခုကိုမူ မေးမြန်းခွင့်မပြုခဲ့ကြောင်း သိရသည်။ရန်ကုန်တိုင်းသာသနာရေးမှူး ဦးစိန်မော်က လန်ဒန်ဆရာတော်အပါအဝင် သံဃာငါးပါးအား တရားစွဲဆိုထားမှုတွင်စွပ်စွဲခံထားရသည့် အမှတ်(၃) ဆရာတော်ဦးတေဇိန္န၏ရှေ့နေက တရားလိုဦးစိန်မော်အား မဟာသန္တိသုခကျောင်းတိုက်ချိပ်ပိတ်ခြင်း၊ သံဃာတော်များအားလူဝတ်လဲခြင်း စသည့်အကြောင်းအရာခြောက်ခုကို တာမွေတရားရုံးတရားခွင်အတွင်းမေးမြန်းရာတွင် ကန့်ကွက်ခံရမှုကြောင့် ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်တရားရုံးသို့ ပြင်ဆင်တင်သွင်းခဲ့ကြောင်း သိရသည်။"ဒီနေ့အမိန့်ချတဲ့အခါမှာ မေးခွန်းခြောက်ခုနဲ့ပတ်သက်လို့ သုံးခုကို တာမွေတရားရုံးမှာမေးမြန်းခွင့်ပြုခဲ့ပြီး သုံးခုကတော့ မဟနနဲ့ တရားလိုနဲ့ပတ်သက်လို့ ခဏခဏစိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုပြီး မေးမြန်းခွင့်ကန့်သတ်ခံရတယ်။ ဆိုလိုတာက ဘုန်းဘုန်းတို့ရှေ့နေတွေက ဒါနဲ့ပတ်သက်လို့ ခဏခဏမေးမြန်းနေတာကြောင့် တရားရုံးကိုအချိန်ကုန်စေတယ်လို့ပြောတယ်။  ဘုန်းကြီးတစ်ပါးရဲ့ရှေ့နေက မေးမြန်းပြီးသော်လည်း နောက်တစ်ပါးကထပ်မေးလို့ အချိန်ကုန်စေတယ်လို့ဆိုပြီး သုံးခုကိုသာမေးမြန်းခွင့်ပြုပါတယ်" ဟု လန်ဒန်ဆရာတော်ကမိန့်ကြားသည်။"အရှေ့ပိုင်းခရိုင်တရားရုံးကိုပြင်ဆင်တင်သွင်းတာက အမှတ် (၃) ဆရာတော်ရဲ့ ရှေ့နေကမေးမြန်းတာကို ကန့်ကွက်တဲ့အတွက် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဘုန်းဘုန်းတို့က တစ်ပါးနဲ့တစ်ပါး အခွင့်အရေးကတူတူပဲလေ။ တစ်ပါးကမေးမြန်းပြီးပေမယ့် အဲဒီမေးခွန်းကို နောက်တစ်ပါးကမေးမြန်းခွင့်ရှိတာပဲလေ။ အဲဒီအတွက် ဘုန်းဘုန်းတို့ တရားဥပဒေအရပဲ နောက်တာမွေရုံးချိန်း ၂၇ ရက်မှာ ဆက်လက်မေးမြန်းသွားပါမယ်" ဟု လန်ဒန်ဆရာတော် ဦးဥတ္တရကမိန့်ကြားသည်။ရန်ကုန်တိုင်းသာသနာရေးမှူး ဦးစိန်မော်ကတရားလိုပြုလုပ်ကာ ပုဒ်မ ၂၀/၉၀၊ ပုဒ်မ ၂၉၅ (က) တို့ဖြင့်တရားစွဲဆိုထားခြင်းဖြစ်ပြီး လန်ဒန်ဆရာတော်တို့က ယင်းသို့တရားစွဲဆိုခံရသည့်အပေါ်ကို နိုင်ငံတော်သံဃမဟာနာယက၊ နိုင်ငံတော်သံဃမဟာနာယကတတိယအဖွဲ့ခွဲမှ အလှည့်ကျသံဃာ ၁၅ ပါးနှင့် တိုင်းသံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဦးဣဒ္ဓိဗလအပါအဝင် သံဃာအပါး ၂၀ ကို မတရားတားဆီးကန့်ကွက်မှု၊ မတရားဖမ်းဆီးချုပ်နှောင်ထားမှု စသည့်ပုဒ်မနှစ်ခုဖြင့် တရားပြန်စွဲရာတွင် မည်သည့်တရားရုံးကလက်မခံဘဲ ငြင်းဆိုခဲ့ကြသောကြောင့် ဆရာတော်များ၏ရှေ့နေများက မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သို့တိုင်ကြားထားကြောင်း သိရသည်။မဟာသန္တိသုခကျောင်းတိုက်တွင်သီတင်းသုံးသည့် ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၏တပည့်ရင်းဦးဥတ္တရ (လန်ဒန်ဆရာတော်) အပါအဝင် သံဃာတော်ငါးပါးကို တိုင်းသံဃနာယကအဖွဲ့၏ ညွှန်ကြားချက်အရဟုဆိုကာ  ၂၀/၉၀၊ ပုဒ်မ-၂၉၅ (က) ဖြင့် ၂၀၁၄၊ ဇွန် ၁၃ ရက်တွင်လူဝတ်လဲခဲ့ပြီး အင်းစိန်ထောင်သို့ပို့ဆောင်ခဲ့သည်။ ထို့နောက် ဇွန် ၂၀ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့ကာ သင်္ကန်းပြန်ဆီးခဲ့ပြီး အာမခံဖြင့်လွှတ်ပေးခဲ့သည်။

Most Read

Most Recent