အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ လက်ရှိအချိန်တွင် တိုင်ကြားထားသည်များအနက် ကော်မရှင်နဲ့သက်ဆိုင်သည့်အမှုကိုးမှုအားစစ်ဆေးခဲ့ရာတွင် တရားစီရင်ရေးမှ တရားသူကြီးလေးဦးအနက် တစ်ဦးပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ကျန်သုံးဦးအားဆက်လက်စစ်ဆေးနေကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကပြောကြားသည်။ဖေဖော်ဝါရီ ၂၄ ရက်တွင်ပြုလုပ်သည့် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်ရွက်မှု ပြန်လည်သုံးသပ်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် မီဒီယာများ၏မေးမြန်းချက်အား ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်က "ယနေ့အချိန်ထိစုံစမ်းစစ်ဆေးတာ ကိစ္စရပ်ကိုးခုရှိသွားပြီ။ ကျွန်တော်တို့ကော်မရှင်နဲ့ စုံစမ်းစစ်ဆေးလို့မရတဲ့၊ မဆိုင်တဲ့ကိစ္စတွေ သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရကလုပ်ရမယ့်ကိစ္စတွေကိုလွှဲပေးတာက ၂၇၀ ကျော်ရှိပါတယ်။ တရားစွဲထားတာ တရားရေးကလေးယောက်ပေါ့။ တရားသူကြီးလေးယောက်ကို စုံစမ်းစစ်ဆေးပြီးတော့ တရားစွဲတင်ထားတာရှိပါတယ်။ တစ်ဦးကတော့ပြီးသွားလို့ ထောင်ကျသွားပြီ။ ပြစ်ဒဏ်ချလိုက်တယ်ပေါ့" ဟုပြောကြားသည်။ထို့အပြင် အုပ်ချုပ်ရေးပိုင်း (အခြေခံ)မှ စုံစမ်းအရေးယူခဲ့သည်များလည်းရှိပြီး ဆက်လက်စစ်ဆေးနေသည့်ကိစ္စများလည်းရှိကြောင်း ဦးသန်းအောင်ကဆက်လက်ပြောကြားသည်။"အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးက စုံစမ်းစစ်ဆေးခိုင်းလ့ို စုံစမ်းစစ်ဆေးပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနသုံးလေးခုက မြို့နယ်အဆင့်ရှိသူတွေကို အရေးယူခဲ့ပါတယ်။ အခြေခံအဆင့်မှာ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး တိုင်ကြားလို့စစ်တဲ့အခါမှာ သူတို့က တရားစွဲတင်လောက်တဲ့အနေအထားမရှိဘူး။ သို့သော် ဌာနဆိုင်ရာဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေနဲ့ အရေးယူလိုက်တာရှိတယ်။ လက်ရှိဝန်ကြီးဌာနတစ်ခုကိုလည်း စစ်နေတုန်းပါ၊ စုံစမ်းစစ်ဆေးအဖွဲ့ကစစ်ပြီးလို့ ကော်မရှင်ကိုရီပို့တင်တဲ့အဆင့်ပဲရှိပါသေးတယ်။ မပြီးသေးပါဘူး" ဟု ဦးသန်းအောင်ကပြောကြားသည်။မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးကော်မရှင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဖွဲ့စည်းမှုမရှိခင်ကတည်းက အဂတိလိုက်စားမှု အရေးယူရေးကော်မတီက စစ်ဆေးအယူမှုများရှိကြောင်း၊ ယင်းကော်မတီမှ လက်ရှိအချိန်ထိ လာဘ်ပေးလာဘ်ယူမှုများကိုဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေအရ ပုဒ်မ ၅၃ ဖြင့်် အရေးယူခံရသူ ၃၆၂ ဦး၊ ဌာနပြောင်းရွှေ့ခံရသူ ၆၉ ဦး၊ အငြိမ်းစားပေးခံရသူ ၁၈ ဦး၊ ထောင်ကျခံရသူတစ်ဦး၊ စုစုပေါင်း ၄၉၁ ဦး အရေးယူပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းကပြောကြားသည်။နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့အစည်းမှထုတ်ပြန်သည့် အညွှန်းကိန်းကမ္ဘာ့နိုင်ငံ ၁၇၆ နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့် ၁၇၂ မှ အဆင့် ၁၅၆ သို့ရောက်ရှိလာကြောင်း သိရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က လက်ရှိတွင် ကိုးမှုစစ်ဆေးခဲ့ရာ တရားသူကြီးလေးဦးအနက် တစ်ဦးထောင်ဒဏ်ချမှတ်ခံရပြီး ကျန်သုံးဦးကိုဆက်လက်စစ်ဆေးနေ















