တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ် အပါအဝင် တပ်မတော်၏ အမျိုးသားရေးမူများကို ရှင်းပြ

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ် အပါအဝင် တပ်မတော်၏ အမျိုးသားရေးမူများကို ရှင်းပြ
Published 14 February 2015
အောင်ဇော်ထွန်း

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၃ ဖွဲ့မှ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်တွင် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာ ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ် အပါအဝင် တပ်မတော်၏ အမျိုးသားရေး မူဝါဒများကို ရှင်းပြခဲ့ကြောင်း ဆွေးနွေးမှုတွင် ပါဝင်သည့် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များထံက သိရသည်။အဆိုပါ တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယခုရက်ပိုင်းအတွင်း လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်တိမ်းရှောင်အဖွဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့များသည် ကျေးရွာပြည်သူ့စစ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ၊ မိမိတပ်ဌာနချုပ်များကို စတင်တိုက်ခိုက်ခြင်းကြောင့် ယင်းတိုက်ပွဲများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း၊ တိုက်ပွဲများတွင် တပ်မတော်မှ ထိခိုက်ကျဆုံးမှုများလည်းရှိပြီး ဖြစ်စဉ်အမှန်အတိုင်း သတင်းထုတ်ပြန်ခဲ့ကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဌာနချုပ်များ၊ စခန်းများအား တိုက်ခိုက်မှု လုံးဝမရှိကြောင်း၊ ကိုးကန့်တိမ်းရှောင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်စဉ်များတွင် အချို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ပါဝင်ပတ်သက်မှုများ အထောက်အထားနှင့် ရှိနေကြောင်း၊ ယင်းအတွက်လည်း တာဝန်ယူရမည်ကို ပြောကြားလိုကြောင်း၊  ငြိမ်းချမ်းရေး အပစ်အခတ် ရပ်စဲရေးဆိုသည့် စကားများ ဆိုနေကြချိန်တွင် စတင်တိုက်ခိုက်ပါက မူသဘောထားကို များစွာ စဉ်းစားရမည်ဖြစ်ကြောင်း၊ မကြာမီ တပ်မတော်အနေဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း စသည်တို့ကို ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။“ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့(UWSA) ၏ ကိုယ်စားလှယ်နှင့် မိုင်းလားအဖွဲ့မှ ကိုယ်စားလှယ်များက လောက်ကိုင်ဒေသ ဖြစ်စဉ်တွင် ၎င်းတို့အနေဖြင့် စစ်ရေးအရ၊ နိုင်ငံရေးအရ ပါဝင်ပတ်သက်မှု ကူညီထောက်ပံ့မှု မရှိဟု ငြင်းဆိုခဲ့ကြောင်း သိရသည်။ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အခမ်းအနား တက်ရောက်ဖို့ရှိတဲ့ အတွက်ကြောင့်မို့လို့ တွေ့ဆုံတာက နံနက် ၈ နာရီခွဲကနေ ၁၀ နာရီ တစ်နာရီခွဲလောက် အချိန်ကာလမှာ တွေ့ခဲ့တာပါ။ အဓိက ကတော့ ကာကွယ်ရေးဦးစီးချုပ်က လက်ရှိအခြေအနေမှာ သူ့ရဲ့ အမျိုးသားရေးမူဝါဒ သုံးရပ်ကို ရှင်းပြပါတယ်။ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေး၊ စည်းလုံးညီညွတ်ရေး ဒီသုံးချက်အပေါ်မှာ တပ်မတော်က ရပ်တည်ထားတဲ့ အကြောင်းနဲ့ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် စိုက်လိုက်မတ်တတ် လုပ်သွားမယ်ဆိုတဲ့အကြောင်း အဓိကထားပြီး ရှင်းလင်းပြောကြားတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလကလည်း “ဆွေးနွေးတာကတော့ အထူးသဖြင့် ငြိမ်းချမ်းရေး ကိစ္စပါပဲ။ ငြိမ်းချမ်းရေးကိစ္စမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စနဲ့ ကျွန်တော်တို့ အတူတကွ ပူးပေါင်းပြီး ဆောင်ရွက်သွားကြဖို့။ တပ်မတော်ဘက်ကလည်း တတ်နိုင်တဲ့ နည်းလမ်းကနေ ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း အပြန်အလှန် နားလည်မှုရရှိဖို့ ရှင်းလင်းပြတာလည်း ပါတာပေါ့။ ကောင်းတဲ့ တွေ့ဆုံပွဲပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နဲ့ တပ်မတော်ကြားမှာ နားလည်မှုတွေ တည်ဆောက်နိုင်ပြီးတော့ ကျွန်တော်တို့ကြားမှာ ရှိနေတဲ့ မယုံသင်္ကာမှုတွေ သံသယရှိမှုတွေကို တဖြည်းဖြည်းနဲ့ ဒီလိုမျိုး တွေ့ဆုံမှုတွေများလေ ပိုပြီးတော့ ချေဖျက်နိုင်လေ ဖြစ်နိုင်တဲ့ တွေ့ဆုံမှုလို့ ကျွန်တော် အဲဒီလိုပဲ မှတ်ယူပါတယ်” ဟု ပြောကြားသည်။တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ပြတ်သားစွာနှိမ်နင်း အရေးယူသွားမည်ဖြစ်ပြီး အမျိုးသားရေး တာဝန်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်ဟု သိရသည်။ခွန်မြင့်ထွန်းကလည်း “လောက်ကိုင်ဒေသမှာဖြစ်တဲ့ ကိစ္စရပ်နဲ့ ပတ်သက်ရင်တော့ ဒီကိစ္စရပ်ကို သူတို့သမိုင်းကြောင်း အခြေခံနဲ့ပေါ့လေ။ တြိဂံတိုင်းမှူးလည်း ဆောင်ရွက်ခဲ့တဲ့ အပေါ်မှာ လောက်ကိုင်ဒေသ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရှင်းပြပါတယ်။ သတင်းစာရှင်းလင်းပွဲလည်း လုပ်ဦးမယ်လို့ ပြောပါတယ်” ဟု ပြောကြားသည်။ဖေဖော်ဝါရီ ၉ ရက်က စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နယ်ရှိ တပ်စခန်းများအား ကိုးကန့်တိမ်းရှောင်အဖွဲ့များက လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်စဉ်အတွင်း တပ်မတော်သား ၄၇ ဦး ကျဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ ကိုးကန့် တိမ်းရှောင်အဖွဲ့များ နယ်မြေအတွင်း အခြေပြုလှုပ်ရှားနိုင်ခြင်း မရှိစေရေးအတွက် တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းခြင်းများ ပြုလုပ်နေကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။ကိုးကန့်ဒေသတွင် အစိုးရတပ်မတော်နှင့် MNDAA (ကိုးကန့်အဖွဲ့)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့(TNLA)၊ ရက္ခိုင့်တပ်ဖွဲ့(AA) တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားခြင်းဖြစ်ကြောင်း TNLA ပြန်ကြားရေး တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားပြီး ယင်းပူးပေါင်းတပ်ဖွဲ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)လည်း ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ 

Most Read

Most Recent