ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ဆုံးဖြတ်ချက်အားလုံးကို ဥပဒေနှင့် ညီ မညီဆုံးဖြတ်မည့် ကော်မတီဖွဲ့စည်းပေးရေးအဆိုအား ဇန်နဝါရီ ၂၁ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။"လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များပါဝင်ဖွဲ့စည်းသည့် တရားစီရင်ရေးကြီးကြပ်သည့် ကော်မတီ သို့မဟုတ် ကော်မရှင်တစ်ရပ်ဖွဲ့စည်းရန်လိုအပ်ပါကြောင်း" အဆိုကို စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။ဦးစိုးဝင်းက အဆိုတင်သွင်းရာတွင် "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၈ တွင် ပြည်ထောင်စုတရားသူကြီးချုပ်သည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ နိုင်ငံတော် သို့မဟုတ် အများပြည်သူတို့နှင့်သက်ဆိုင်သည့်အရေးကြီးသော တရားစီရင်ရေးဆိုင်ရာအခြေအနေကို အခါအားလျော်စွာတင်ပြနိုင်သည်ဟု ပြဋ္ဌာန်းထားပါတယ်။ လွှတ်တော်သို့ တရားစီရင်ရေးအခြေအနေကို အစီရင်ခံစာတင်သွင်းရုံမျှဖြင့်မလုံလောက်ပါ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်အားလုံးကို လွှတ်တော်သို့တင်ပြ၍ ဥပဒေနှင့်အညီ ဆုံးဖြတ်ခြင်း ရှိ မရှိ ဥပဒေအရပေးအပ်သောတာဝန်ကို ကျေပွန်စွာဆောင်ရွက်ခြင်း ရှိ မရှိ စစ်နိုင်မှာဖြစ်ပါတယ်။ ဥပဒေအရအပ်နှင်းထားသော စီရင်ပိုင်ခွင့်ကိုကျင့်သုံးခြင်းနှင့်ပတ်သက်၍ လွှတ်တော်မှသိရှိရန်လိုအပ်ပါတယ်။ ပြည်သူများအနေဖြင့် ၎င်းတို့၏နစ်နာမှုများကို နိုင်ငံတော်သမ္မတ၊ လူ့အခွင့်အရေး၊ တိုင်စာ၊ အသနားခံစာ၊ ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီများသို့ တိုင်ကြားစေပါတယ်။ တိုင်စာတက်သည်ကို စောင့်ဆိုင်းအရေးယူရန်မဟုတ်ဘဲ အချိန်နဲ့တစ်ပြေးညီသိရှိရန်လိုအပ်ပါတယ်။ လွတ်လပ်သောတရားစီရင်ရေးဆိုင်ရာဥပဒေနှင့်အညီ ဥပဒေအရပေးအပ်သောတာဝန် ကျေပွန်ခြင်း ရှိ မရှိစိစစ်နိုင်ရန်အတွက် ဒီအဆိုကိုတင်သွင်းအပ်ပါတယ်" ဟုထည့်သွင်းပြောကြားသည်။၎င်းအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးစိုးညွန့်က သုံးသပ်ပြောကြားရာတွင် ယင်းအဆိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသည့်အတွက် လွှတ်တော်၌ မှတ်တမ်းသာတင်ထားပေးရန်ပြောကြားသည်။ထို့နောက် ၎င်းအဆိုကို ပြည်သူ့လွှတ်တော်၌မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်သူများခဲ့သည့်အတွက် အဆိုမှာရှုံးနိမ့်ခဲ့သည်။သို့သော် အဆိုရှင်ဦးစိုးဝင်းက အဆိုပါအကြောင်းအရာအချို့ကိုပြင်ဆင်၍ ထပ်မံတင်သွင်းရန်ရှိကြောင်း သတင်းထောက်များအားပြောကြားသည်။သူရဦးအောင်ကို ဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့် ပြည်သူ့လွှတ်တော် တရားစီရင်ရေးဆိုင်ရာကော်မတီသို့ ၂၀၁၄ ခုနှစ် သြဂုတ်လကုန်အထိ ပြည်သူများထံမှရောက်ရှိလာသည့် တိုင်ကြားစာပေါင်း ၁၀၀၀၀ ကျော်အနက် အများစုမှာ တရားစီရင်ရေးမဏ္ဍိုင်နှင့်ပတ်သက်သည့် တိုင်ကြားစာများဖြစ်ခဲ့သည်။တရားသူကြီးများ မှားယွင်းစွာဆုံးဖြတ်မှုများကြောင့် နစ်နာသည်ဟုဆိုကာ တိုင်စာများ အများဆုံးရောက်ရှိခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဥပဒေအရာရှိ (အစိုးရရှေ့နေ) များကိုပါ ပြည်သူများက တိုင်ကြားမှုများရှိလာသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ဆုံးဖြတ်ချက်အားလုံးကို ဥပဒေနှင့် ညီ မညီ စိစစ်ဆုံးဖြတ်မည့် ကော်မတီဖွဲ့စည်းပေးရေးအဆို လွှတ်တော်၌ရှုံးနိမ့်















