ကျပ် ၅၀ မသိအောင်ယူသုံးသည်ဟုဆိုကာ ၁၁ နှစ်အရွယ် သား၏ခန္ဓာကိုယ်အနှံ့ မီးပူဖြင့်ကပ်ခဲ့သည့် မိခင်အရင်းကို မင်္ဂလာဒုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့တည်းမဟုတ်နည်းဖြင့် မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှု) ဖြင့် အမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်နေတွင် နေထိုင်သူ မ.... (၂၉နှစ်) သည် ၎င်း၏သားဖြစ်သူ မောင်.... (၁၁) နှစ်က ငွေကျပ်ငါးဆယ်ကို ၎င်းမသိအောင် ယူငင်သုံးစွဲသဖြင့် စိတ်ဆိုးကာ မီးပူဖြင့်ခန္ဓာကိုယ်အနှံ့အား ထိုးကပ်ခဲ့ကြောင်း၊ ယင်းကြောင့် မောင်..... (၁၁နှစ်)တွင် ဝဲပါး၊ ဝဲ/ယာလက်မောင်း/ခြေသလုံး၊ လက်ဖျံ၊ ကျောကုန်းတို့တွင် မီးပူဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့မှုကြောင့် မောင် ..... (၁၁) နှစ်ကို မြောက်ဥက္ကလာပ ဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် သားကို မီးပူနှင့်ကပ်ခဲ့သည့် မိခင် မ......(၂၉နှစ်) ကို မင်္ဂလာဒုံမြို့မရဲစခန်းတွင် (ပ) ၁၁၉/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆ ဖြင့် ဖေဖော်ဝါရီ ၁၃ ရက်က အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။