မွန်ရိုးရာ သင်္ဘောဦးဆွမ်း (သို့မဟုတ်) ဆွမ်းတော် ၁၀၀၀ တင်လှူပူဇော်ပွဲ 

မွန်ရိုးရာ သင်္ဘောဦးဆွမ်း (သို့မဟုတ်) ဆွမ်းတော် ၁၀၀၀ တင်လှူပူဇော်ပွဲ 
ဇင်းကျိုက်မြို့တွင် သင်္ဘောဦးဆွမ်းလှည့်လည်ပွဲကို တော်သလင်းလဆန်း ၁၄ ရက်က ပြုလုပ်စဉ် (Photo-ကိုဇော်မင်း (မိုးချယ်ရီ)
ဇင်းကျိုက်မြို့တွင် သင်္ဘောဦးဆွမ်းလှည့်လည်ပွဲကို တော်သလင်းလဆန်း ၁၄ ရက်က ပြုလုပ်စဉ် (Photo-ကိုဇော်မင်း (မိုးချယ်ရီ)
Published 8 October 2023
ဘိုဘိုမြင့်

တော်သလင်းလပြည့်နေ့ရောက်တိုင်း ရာမညတိုင်းဒေသ၌ သင်္ဘောဦးဆွမ်းခေါ် ဆွမ်း၊ ဆီမီး၊ ပန်း (၁၀၀၀) တင်လှူပူဇော်ပွဲများ ဆွင်နွှဲကျင်းပလေ့ရှိကြပါတယ်။

မွန်လူမျိုးများတို့ဟာ ထေရဝါဒဗုဒ္ဓဘာသကို အလွန်အလေးအနက်ယုံကြည်ကိုင်းရှိုင်းသည့် လူမျိုးဖြစ်သည်အားလျော်စွာ ၁၂ ရာသီကာလပတ်လုံး ကောင်းမှုကုသိုလ်အမြဲပြုလုပ်ကြလေ့ရှိကြပါတယ်။

တော်သလင်းလပြည့်နေ့မရောက်ခင်ကတည်းက မိမိတို့ရပ်ရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲပြုလုပ်နိုင်ဖို့အတွက် မိမိတို့တတ်စွမ်းနိုင်သမျှလုပ်အားနဲ့ သင်္ဘောသဏ္ဍာန်၊ ဒါမှမဟုတ် လှေသဏ္ဍာန်စင်များပြုလုပ်ကြပါတယ်။

အဲဒီနောက် တော်သလင်းလဆန်း ၁၃ ရက် ဒါမှမဟုတ် တော်သလင်းလဆန်း ၁၄ ရက်မှာ အဆိုပါ သင်္ဘောသဏ္ဍာန်ပြုလုပ်ထားတဲ့ စင်ပေါ်မှာ ဆွမ်း၊ သစ်သီး၊ ကွမ်း၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာ၊ တံခွန်၊ ကုက္ကားများအပြင် အမျိုးအမည် ၁၀၀၀ နီးပါးရှိတဲ့ လှူဖွယ်ဝတ္ထုပစ္စည်းတွေကို တင်လှူကာ မိမိတို့ရဲ့ ရပ်ရွာအတွင်း လှည့်လည်ကြပြီးနောက် ဘုန်းတော်ကြီးကျောင်းကို ပြန်လည်ပို့ဆောင်ကြပါတယ်။တော်သလင်းလပြည့်နေ့ နံနက်အာရုံတင်ချိန်မှာတော့ ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲများ ပြုလုပ်ကြပါတယ်။

သင်္ဘောဦးဆွမ်းတင်လှူပူဇော်ပွဲနဲ့ ပတ်သက်လို့ မွန်ရာဇဝင်မှာ ဓမ္မစေတီမင်းလက်ထက်က သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် သီလစင်ကြယ်သော သာသနာပြု ရဟန်းတော်များမွေးထုတ်နိုင်ရန် ကောဇာသက္ကရာဇ် ၈၃၈ ခုနှစ်က သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သို့ မွန်သံဃာတော် ၄၄ ပါးကို ရာမဒူတသင်္ဘောနှင့် စိတြဒူတသင်္ဘောနှစ်စင်းနဲ့ စေလွှတ်တော်မူခဲ့ကြောင်း မှတ်သားရပါတယ်။

ထို့နောက် မွန်သံဃာတော် ၄၄ ပါးဟာ သီဟိုဠ်ကျွန်းရှိ ကလျာဏီသိမ်တော်တွင် ရဟန်းအသစ်ခံယူကြပြီး ကိစ္စများပြီးဆုံးသောအခါ အပြန်ခရီးမှာ သင်္ဘောနှစ်စင်းအနက် ရာမဒူတသင်္ဘောက ခရီးစဉ်ချောမွေ့စွာ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း စိတြဒူတသင်္ဘောမှာမူ လေပြင်းမုန်တိုင်းမိသဖြင့် လိုရာခရီးသို့ အပြီးမဆိုက်နိုင်ဘဲ အိန္ဒိယနိုင်ငံ ယခင်က မဒရပ်ဟု ယူဆရတဲ့ ဆိပ်ကမ်းကို ရောက်ရှိသွားတယ်လို့ ဆိုကြပါတယ်။

သင်္ဘောနှစ်စင်းကို မျှော်ရင်း သင်္ဘောတစ်စင်းသာပြန်လည်ရောက်ရှိလာအခါမှာ ဓမ္မစေတီမင်းနဲ့ တိုင်းသူပြည်သားများက ရတက်မအေး ပူဆွေးသောကရောက်ကြရပါတယ်။

ပျောက်ဆုံးနေတဲ့ သင်္ဘောပေါ်မှာပါရှိတဲ့ ရဟန်းတော်များ ဘေးအန္တရာယ်မကျရောက်ရလေအောင် မင်းနဲ့တိုင်းသူပြည်သားများက နေ့စဉ် ဝတ်ပြုဆုတောင်းမှုများပြုလုပ်ကြသလို စိတြဒူတသင်္ဘောနဲ့ ပုံသဏ္ဍာန်တူ သင်္ဘောတစ်စင်း တည်ဆောက်ကြပြီး တော်သလင်းလပြည့်အာရုံတင်ချိန်မှာ ၎င်းသင်္ဘောပေါ်မှာ ဆွမ်း၊ ရေ သစ်သီးဝလံအစရှိသည့် ဝတ္ထုပစ္စည်းများ စုပေါင်းဖြည့်တင်းပြီးနောက် အတုမရှိဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော်ကိုအာရုံပြု၍ အမျိုးအမည် တစ်ထောင်မကသော ဒါတဗ္ဗဝတ္ထုများဖြင့် ဆွမ်းတော်ကြီး မြတ်စွာဘုရားအား ကပ်လှူပူဇော်ပြီး၊ သီလခံယူဆောက်တည်ခြင်း၊ တရားတော်နာယူခြင်း စတဲ့ ကုသိုလ်ကောင်းမှုအစုစုကို လုပ်ဆောင်နေခဲ့ကြပါတယ်။

တော်သလင်းလပြည့်ကျော် (၂) ရက်နေ့ အရောက်မှာတော့ စိတြဒူတသင်္ဘောဟာ ကောင်းမွန်စွာနဲ့ ပြန်လည်ရောက်ရှိလာတဲ့အတွက် မင်းနဲ့ တိုင်းသူပြည်သားများ က ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြိုဆိုပူဇော်ခဲ့ကြပါတယ်လို့ ဆိုကြပါတယ်။

သင်္ဘောပျောက်ပြီး ဘေးအန္တရာယ်ကျရောက်နေတဲ့ ရဟန်းသံဃာတော်များကို ဘေးရန်ခပ်သိမ်းကင်းငြိမ်းစေလိုသော ရည်မှန်းချက်နဲ့ ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲကို ယနေ့ခေတ်အထိတိုင် ပြုလုပ်ခဲ့ကြတယ်လို့ မှတ်သားရပါတယ်။

ရာမညတိုင်း မွန်ပြည်နယ်အတွင်းက မွန်တိုင်းရင်းသားအများအပြားနေထိုင်ကြတဲ့ ရပ်ရွာတွေမှာ အခုလို သင်္ဘောဦးဆွမ်းတင်လှူပူဇော်ပွဲများကို တခမ်းတနား ကျင်းပလေ့ရှိပါတယ်။

“ကျွန်တော်တို့မှာ တော်သလင်းလဆန်းလောက်ကတည်းက လှေပုံတွေ၊ သင်္ဘောပုံတွေလုပ်နေကြပြီ။ လဆန်း ၁၃ ရက်မှာဆိုရင်တော့ သင်္ဘောဦးဆွမ်းလှည့်လည်ပွဲတွေလုပ်ကြတယ်။ ပြီးရင်တော့ ဘုန်းတော်ကြီးကျောင်းမှာ နေရာချတယ်။ တော်သလင်းလပြည့်နေ့ အာရုံတင်ချိန်မှာတော့ ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို ပြုလုပ်ကြတယ်။ ပြီးရင်တော့ စတုဒိသာကျွေးမွေးလှူဒါန်းကြပါတယ်” လို့ ပေါင်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

၎င်းကဆက်လက်ပြီး “ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ တံခွန်တိုင်တွေ၊ ကုက္ကားတိုင်တွေ နဲ့ လှေတစ်စင်း လုပ်ပြီးထားထားတယ်။ အကယ်၍များ တော်သလင်းလပြည့်မတိုင်မှာ မိုးရွာလို့ အဲဒီလှေပျက်ရင်တော့ အခု မိုးနှောင်းကာလမှာ မိုးကောင်းမယ်လို့ အယူရှိကြတယ်။ ဒီနှစ်မှာကလည်း တော်သလင်းအဖိတ်နေ့က နေနည်းနည်းပွင့်ပြီး တစ်နေ့လုံး မိုးရွာနေတယ်။ နောက်ပြီး ဘုန်းကြီးကျောင်းဝင်းထဲကလှေလည်း ပျက်သွားတော့ အခု မိုးနှောင်းကာလမှာ မိုးကောင်းနိုင်တယ်” လို့ ပြောပါတယ်။ဒါကလည်း အစဉ်အလာအရ လက်ခံယုံကြည်မှုတစ်ခုအနေနဲ့ ဖြစ်သလို လက်တွေ့မှာလည်း တကယ် ဖြစ်ပျက်နေတာမျိုးတွေ့ကြုံရပါတယ်။

ထို့အတူ ရေးမြို့နယ် အံဒင်ကျေးရွာမှ ဒေသခံတစ်ဦးလည်း “သင်္ဘာဦးဆွမ်းတင်လို့ရှိရင် ဒေသထွက် အသီးအနှံတွေဖြစ်တဲ့ ဒူးရင်း၊ မင်းဂွတ်၊ နာနတ်၊ ကြက်မောက်၊ ပိန္နဲ စတဲ့ အသီးအနှံတွေ တင်လှူကြတယ်။ ဒါမှလည်း သီးနှံတွေ အများကြီးထွက်ကြတယ်လို့ ယုံကြည်ကြတယ်။ နောက် စပါးပင်၊ စပါး၊ ဆန် တွေကိုလည်း ထည့်လှူကြတာမျိုးလည်းရှိပါတယ်။ အဲဒီလို တင်လှူလိုက်ရတဲ့အတွက် ဆန်စပါးအထွက်နှုန်းတိုးကြတယ်လို့လည်း ယုံကြည်ကြပါတယ်” လို့ ဆိုပါတယ်။တော်သလင်းလပြည့်နေ့ နံနက်အာရုံတင်ချိန်တွင် ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲပြုလုပ်ပြီးသည့်နောက် ပြန်စွန့်ထားသည့် အသီးအနှံများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ခြံလုပ်သားမိသားစုများ၊ ရေလုပ်သားမိသားစုများအား ပြန်လည်ဝေငှလှူဒါန်းမှုများ လုပ်ဆောင်ပေးခဲ့ကြောင်းလည်း အံဒင်ကျေးရွာဒေသခံက ပြောပါတယ်။ အလားတူ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) အတွင်းမှာလည်း တော်သလင်းလဆန်း ၁၄ ရက်မှာ သင်္ဘာဦးဆွမ်းလှည့်လည်ပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြပါတယ်။

“ဒီနှစ် အဖိတ်နေ့မှာ မိုးလေသာတော့ ရွာအတော်များများ သင်္ဘောလှည့်ကြတယ်။ ဒါပေမဲ့ ဆောင်းဘောက်စ်ကားတွေကြောင့်တော့ နားတော်တော်ဆူပါတယ်” လို့ ဘီလူးကျွန်း ဒေသခံတစ်ဦးက ပြောပါတယ်။ မော်လမြိုင်မြို့မှာလည်း တော်သလင်းလဆန်း ၁၄ ရက်က ညနေပိုင်းက သင်္ဘောဦးလှည့်ပူးဇော်ပွဲ ပြုလုပ်ခဲ့ကြတာကို မြင်တွေ့ခဲ့ရတာ ကြည်နူးစရာကောင်းလှပါတယ်။



မွန်တိုင်းရင်းသားလူမျိုးများအနေနဲ့ တော်သလင်းလပြည်နေ့မှာ သင်္ဘောဦးဆွမ်းတင်လှူပူဇော်ပွဲပြုလုပ်ကြတဲ့အပြင် ဆီဆွမ်း၊ ပျားရည်ဆွမ်းအပြင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများလည်း ကျင်းပလေ့ရှိကြပါတယ်။ မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာအတွင်းရှိ ဖားအောက်၊ ရိုးဂိုး၊ ကော့ခမယ် ကျေးရွာတွေမှာ ဆီဆွမ်းလောင်းလှူပွဲကျင်းပပြလုပ်ခဲ့သလို သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာဆိုရင်လည်း ပျားရည်ဆွမ်း၊ ဆွမ်းဆန်စိမ်းနဲ့ စာရေးတံမဲလောင်းလှူပူဇော်ပွဲကို ကျင်းပခဲ့ကြပါတယ်။ အလားတူ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး အစရှိတဲ့ မြို့နယ်များအတွင်းမှာလည်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ တော်သလင်းလပြည့်ပြီးတော့ မကြာခင်မှာ သီတင်းကျွတ်ကာလရောက်လာပါတော့မယ်။

သီတင်းကျွတ်လဆန်းပိုင်းမှာဆိုရင်လည်း မွန်တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ သဲပုံစေတီတည်ထားပူဇော်ပွဲကျင်းပကြပါဦးမယ်။ အဲ့ဒီအတွက်ကိုလည်း မကြာခင်မှာ ကြိုတင်ပြင်ဆင်ထားကြတော့မှာ ဖြစ်ပါတယ်။

Most Read

Most Recent