အေစီမီလန်နှင့်ပွဲမှ အတွေ့အကြုံကြောင့် မိမိတို့အသင်း ပိုကောင်းလာမည်ဟု အက်ဒီဟောင်း ဆို

အေစီမီလန်နှင့်ပွဲမှ အတွေ့အကြုံကြောင့် မိမိတို့အသင်း ပိုကောင်းလာမည်ဟု အက်ဒီဟောင်း ဆို
Photo : Daily Mail
Photo : Daily Mail
Published 20 September 2023

နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက အေစီမီလန်နှင့်ပွဲမှ အတွေ့အကြုံကြောင့် မိမိတို့အသင်း ပိုကောင်းလာမည်ဖြစ်ကြောင်း ပွဲအပြီးတွင် ပြော ကြားခဲ့သည်။

နယူးကာဆယ်အသင်းသည် စက်တင်ဘာ (၁၉)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် အေစီမီလန်အသင်းကို အဝေးကွင်း၌ ရင်ဆိုင်ခဲ့ရသော်လည်း ဂိုးမရှိသရေကစားနိုင်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် အေစီမီလန်အသင်းက ခြေစွမ်းပိုကောင်းခဲ့သော်လည်း နယူးကာဆယ်အသင်းသည် သရေတစ်မှတ်ကို Clean Sheet ဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အေစီမီလန်နှင့်ပွဲအပြီးတွင် အက်ဒီဟောင်းက "ဆန်စီရိုကွင်းမှာ အေစီမီလန်ကို ရင်ဆိုင်ရတာ ဘယ်လောက်အထိခက်တယ်ဆိုတာကို ခင်ဗျား မှန်းဆကြည့်လို့တောင်ရမှာ မဟုတ်ဘူး။ ပွဲအတွင်း စိတ်ခံစားမှုက အရမ်းမြင့်မားပြီး ကျွန်တော်တို့အတွက် အတွေ့အကြုံသစ် ဖြစ်ပါတယ်။ ဆန်စီရိုတစ်ကွင်းလုံးက အေစီမီလန်အသင်းကို နိုင်ပွဲရအောင် အစွမ်းကုန်အားပေးခဲ့ကြပြီး ကျွန်တော်တို့ အတွက် သူတို့ဟာ ရန်လိုတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်ခဲ့ပါတယ်။ အသင်းကစားသမားတွေက ဒါကို ညှိယူပြီး အကောင်းဆုံးကစားခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ စွမ်းဆောင်မှုနဲ့ ရမှတ်အတွက် ဘယ်သူမှ အထင်သေးမယ် မထင်ပါဘူး။ ကျွန်တော်တို့အသင်း ပိုကောင်းလာမှာပါ။ အခုအေစီမီလန်နဲ့ပွဲက အတွေ့အကြုံကြောင့် ကျွန်တော်တို့ ပိုကောင်းလာမှာပါ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent