လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်များကြောင့် နေရပ်စွန့်ခွာသူများနှင့် သဘာဝဘေးဒဏ်သင့်ကျေးရွာများသို့ အကူအညီပေးအပ်နိုင်ရေး အဟန့်အတားဖြစ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်သည်။
ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်သည့် လစဉ်ထုတ် လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာတွင် ယင်းအချက်ကို ထည့်သွင်းထားခြင်းလည်း ဖြစ်သည်။
ဖြစ်ပွားဆဲပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် အိုးအိမ်စွန်ခွာထွက်ပြေးရသူ၊ အရပ်သားသေဆုံးမှုနှင့် အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသဖြင့် မြန်မာနိုင်ငံ၏ ရှိရင်းစွဲ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများကို ပိုမိုဆိုးရွားစေကြောင်း UNOCHA က ဆိုသည်။
လက်ရှိတွင် လူဦးရေ ၁ ဒသမ ၉ သန်းကျော်သည် မရေရာသောအခြေအနေများဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီများ လိုအပ်လျက်ရှိကြောင်း UNOCHA က ထုတ်ပြန်သည်။
ထို့ပြင် မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်နှင့် နိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် ရေကြီးရေလျှံခဲ့ကာ သြဂုတ်လဆန်းပိုင်းမှ စတင်၍ လူပေါင်း ၈၀,၀၀၀ ကျော် ရေဘေးဒုက္ခရင်ဆိုင်ခဲ့ရကြောင်း၊ ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေရေးအစီအစဉ်များ ခွင့်ပြုချက်ရရှိပြီးဖြစ်ကာ ကယ်ဆယ်ရေးပစ္စည်းအချို့ကို ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် မုန်တိုင်းသင့်ဒေသခံများအတွက် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ မြင့်မားနေဆဲဖြစ်ပြီး အကူအညီများပိုမိုပေးသွားရန် လိုအပ်နေဆဲဖြစ်ကြောင်း UNOCHA က ထုတ်ပြန်သည်။
လူသားချင်းစာနာမှုဆိုင်ရာဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်များသည် အထူးသဖြင့် နိုင်ငံအရှေ့တောင်ပိုင်းနှင့် ကချင်ပြည်နယ်တွင် တိုးမြင့်လာသောကြောင့် နေရပ်စွန့်ခွာရသူများနှင့် ဘေးဒဏ်သင့်ရပ်ရွာဒေသခံများအား အချိန်နှင့်တစ်ပြေးညီ အကူအညီများ ထိရောက်စွာ ပေးအပ်နိုင်ရေးကို အဟန့်အတားဖြစ်စေကြောင်း UNOCHA က ထုတ်ပြန်သည်။
ထို့ကြောင့် ဝင်ရောက်ကူညီရေး ကန့်သတ်ချက်များလျှော့ပေါ့ပေးခြင်းနှင့် ရန်ပုံငွေရရှိရေးများသည် အရေးပေါ် လိုအပ်ချက်များကိုတုံ့ပြန်ကူညီမည့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် မရှိမဖြစ် လိုအပ်ကြောင်း UNOCHA က ဆိုသည်။
၂၀၂၃ ခုနှစ်၏ ရှစ်လတာကာလအတွင်း လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးအစီအစဉ်နှင့် မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေး အရေးပေါ်ရန်ပုံငွေတောင်းခံလွှာ နှစ်ရပ်စလုံးမှာ ရန်ပုံငွေပြည့်မှီရန် များစွာလိုအပ်နေသေးပြီး စုစုပေါင်းလိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိထားကြောင်း UNOCHA က ထုတ်ပြန်သည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး Martin Griffiths သည် မြန်မာနိုင်ငံ၏ အခြေအနေကို ပိုမိုသတိပြုလာကြစေရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ တိုးမြင့်လုပ်ဆောင်နိုင်ရေးနှင့် ရှုပ်ထွေးသည့်ရုံးလုပ်ငန်းဆိုင်ရာ အတားအဆီးများကို ဖယ်ရှားပေးနိုင်ရေး တိုက်တွန်းဆော်ဩမှုများ လုပ်ဆောင်ရန်အတွက် ဩဂုတ် ၁၄ ရက်မှ ၁၇ ရက်အထိ မြန်မာနိုင်ငံသို့လာရောက်ခဲ့ကြောင်း သိရသည်။