ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့(EAO) များအားလုံး စုံညီစွာပါဝင်ဆွေးနွေးနိုင်ရေး ကြိုးပမ်းမည်ဟု NCA-SEAO ငါးဖွဲ့က သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန်သည်။
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (NCA-SEAO) ငါးဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါတွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် NCA-SEAO ငါးဖွဲ့က ထိုသို့ထုတ်ပြန်ခြင်းဖြစ်သည်။
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA-SEAO ငါးဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ သြဂုတ် ၂၉ ရက်မှ သြဂုတ် ၃၁ ရက်အထိ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးပထမနေ့တွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဘက်က တင်သွင်းခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် လေ့လာ ဆန်းစစ်ရေးအဖွဲ့တို့က အဆိုပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်လိုသည့် ပုဒ်မများ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကျင်းပနိုင်ရေးကိစ္စများနှင့် EAO ဒေသများတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်ရေးကိစ္စများအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် အစည်းအဝေး ဒုတိယနေ့တွင် NCA-SEAO ငါးဖွဲ့ဘက်မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး အကောင်အထည်ဖော်ရာတွင် NCA-SEAO ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် EAO များ လက်တွေ့ကျကျပါဝင်နိုင်ရေး၊ လက်ရှိပြည်တွင်းနိုင်ငံရေး နယ်ပယ်တွင် EAO များ၏ အခန်းကဏ္ဍ မြှင့်တင်ရေးကိစ္စရပ်များကို တင်သွင်းဆွေးနွေးခဲ့ကြောင်း NCA-SEAO ငါးဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် EAO များ အချင်းချင်း တွေ့ဆုံဆွေးနွေးခွင့်ရရှိရေး၊ အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် ရှစ်နှစ်မြောက် NCA ရေးထိုးခြင်း နှစ်ပတ်လည်အခမ်းအနားအား နိုင်ငံရေးအဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင် ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပြီး သတ်မှတ်အတည်ပြုထားသော အချက်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးပြီးနောက် NCA ၏ အရေးပါမှုအခန်းကဏ္ဍနှင့်ပတ်သက်၍လည်း ဆွေးနွေးသုံးသပ်ခဲ့ကြကြောင်း NCA-SEAO ငါးဖွဲ့က သတင်းထုတ်ပြန်သည်။
NCA ၏ အရေးပါမှုအခန်းကဏ္ဍနှင့်ပတ်သက်၍ NCA သည် တရားဝင်တည်ရှိနေခြင်း၊ NCA ၏ အနှစ်သာရသုံးချက်ကို လက်တွေ့ကျကျအကောင်အထည်ဖော်ရန် လိုအပ်နေခြင်း စသည့် အချက်အလက်များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့နောက် အစည်းအဝေးတတိယနေ့တွင် ညှိနှိုင်းရရှိသော အခြေခံသဘောတူညီချက်လေးချက်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် ဘုံသဘောတူညီချက်မှတ်တမ်း ငါးချက်ကို နှစ်ဖက်ခေါင်းဆောင်များက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြ နှစ်ဖက်အပြန် အလှန်လဲလှယ်ခဲ့ကြောင်းသိရသည်။
ထို့အတူ မကြာမီက ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခဲ့သော နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တွင် ဥက္ကဋ္ဌနှစ်ဦး အပါအဝင် နိုင်ငံတော်ကောင်စီဝင်များ တိုးမြှင့်ပါဝင်လာခြင်းသည် နစကဘက်မှ ဆွေးနွေးညှိနှိုင်း အဖြေရှာရေးမူအပေါ် ပိုမိုအလေးအနက်ထားလာသည်ဟု ရှုမြင်ကြောင်းလည်း NCA-SEAO ငါးဖွဲ့ကထုတ်ပြန်သည်။
သြဂုတ် ၂၉ ရက်မှ သြဂုတ် ၃၁ ရက်အထိ သုံးရက်ကြာပြုလုပ်ခဲ့သည် အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နစကအဖွဲ့ဝင်ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ALP အဖွဲ့မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/KNLA-PC အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ LDU အဖွဲ့မှ ဒုတိယဥက္ကဋ္ဌကျာဖူး၊ PNLO အဖွဲ့မှ ဥက္ကဋ္ဌ ခွန်သူရိန်၊ DKBA အဖွဲ့မှ စစ်ကွပ်ကဲရေးမှူးအဆင့်ရှိ စောဘညိမ်းအောင်တို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။















