INGO နှင့် NGO အဖွဲ့များကိို စည်းမျဉ်းစည်းကမ်းများနှင့်အညီလုပ်ဆောင်နိုင်ရေး ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်နေရန် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ် ၃၀ ရက်က ကျင်းပသည့်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြားရာတွင် နစကဥက္ကဌ ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
နစကဥက္ကဌက INGO နှင့် NGO အဖွဲ့များကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီလုပ်ဆောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျကြပ်မတ်ထိန်းသိမ်းဆောင်ရွက်နေရန်လိုကြောင်း၊ အချို့သောပြည်ပအကူအညီများသည် INGO၊ NGO များမှတစ်ဆင့် မျှဝေဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများကအသုံးချနေမှုများရှိကြောင်း၊ နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေး စရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ်ဆောင်မှုများ၊ ရေးသားထုတ်ဝေမှုများ၊ ထုတ်လွှင့်မှုများ မရှိစေရေးအတွက်လည်း စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက်စသည့်နယ်ပယ်များအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အောင်မြင်မှုရှိစေရေး၊ တိုင်းပြည်ကောင်းစေရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်ယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြောင်း သိရသည်။















