မြန်မာနိုင်ငံ၏ ခရိုင် ၅၀ တွင် မကြာမီက ဖွင့်လှစ်ခဲ့သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်း၌ နည်းပညာအထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
သြဂုတ် ၂၉ ရက်က တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကမ္ဘာရွာခေတ်ကြီးတွင် အလားအလာကောင်းများ ပိုင်ဆိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား ပညာရှင်များဖလှယ်ရန်၊ စွမ်းရည်မြှင့်တင်ပေးရန်နှင့်ယဉ်ကျေးမှုများ အပြန်အလှန်နားလည်စေရန်ရည်ရွယ်ပြီး ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံသားများ အခွင့်အလမ်းကောင်းရရှိစေရန် လမ်းဖွင့်ပေးခြင်းတို့ကို နှစ်နိုင်ငံအတူတကွလက်တွဲ ဆောင်ရွက်ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဘာသာစကားအပြန်အလှန် သင်ယူရေးနှင့်ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များကို အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ ယခုလို ဆောင်ရွက် ပေးခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး လူမှုဆက်ဆံရေးနှင့်စီးပွားရေးဆက်သွယ်ဆောင်ရွက်မှုတို့ကို ပိုကောင်းမွန်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
နှစ်နိုင်ငံအကြားပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများသည် အတိုင်းအတာမရှိ ကျယ်ပြန့်လှကြောင်း၊ မြန်မာနိုင်ငံ၏ ခရိုင် ၅၀ တွင် မကြာသေးခင်ကဖွင့်လှစ်ခဲ့သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်းတို့အတွက် နည်းပညာအထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း၊ ကျန်ရှိသော ၇၅ ခရိုင်တွင်လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတွဲဖက် အထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း၊ ဆရာ ဆရာမများကို တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသို့ လေ့လာရေးခရီးစဉ် စေလွှတ်နိုင်ရန်လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် အထူးစိတ်ဝင်စားကြောင်း၊ ထို့ပြင် မြန်မာတက္ကသိုလ်များပါဝင်သည့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်လိုကြောင်း၊ အဆိုပါဆောင်ရွက်မှုများတွင် အကျိုးတူသုတေသနဆောင်ရွက်မှု အစီအစဉ်များ၊ ဆရာ ဆရာမဖလှယ်ရေး အစီအစဉ်များ၊ ကျောင်းသားများ ကျောင်းပြောင်းရွှေ့သင်ယူနိုင်မည့်အစီအစဉ်များ၊ နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ညီလာခံများ ကျင်းပခြင်းတို့ ပါဝင်ကြောင်း ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများက မြန်မာ ကျောင်းသား ကျောင်းသူများနှင့် မြန်မာ့ပညာရေးကို အကျိုးပြုရုံသာမက မြန်မာ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ကျယ်ကျယ်ပြန့်ပြန့် အကျိုးဖြစ်ထွန်းစေကြောင်း၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် ရပ်ဝန်းနှင့်ပိုးလမ်းမအတွက် ဘုံကြွယ်ဝချမ်းသာမှုနှင့်အတူ ပိုမိုခိုင်မာသော ချစ်ကြည်လေးစားမှုကိုဖန်တီးနိုင်ပြီး လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတစ်ဝန်းလုံး၏ တိုးတက်မှုများကို တိုးမြှင့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Huai Jinpeng က တရုတ်နိုင်ငံ၏ ပညာရေးဆိုင်ရာအချက်အလက်များနှင့် တရုတ်-အာဆီယံပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ကောက်နုတ်ပြောကြားသည်။
ယင်းနောက် China - ASEAN Digital Education Alliance စတင်မိတ်ဆက်ခြင်းအခမ်းအနားနှင့် the Alliance for Economics and Management Education (AEME) ဖွင့်လှစ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် 2023 China-ASEAN Language and Culture Forum ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ၂၀၂၃ ခုနှစ် တရုတ် - အာဆီယံပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားတွင် ခင်းကျင်းပြသထားသော ပြခန်းများနှင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။















