မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့တို့တွင် သြဂုတ် ၂၉ ရက်က တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) အကြား တိုက်ပွဲ သုံးနေရာ ဖြစ်ပွားသဖြင့် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
သြဂုတ် ၂၉ ရက် နံနက်ပိုင်းက တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) အကြား နားထန်အနီးတွင် တစ်ကြိမ်နှင့် ညနေပိုင်းတွင် စယ်လန်းကျေးရွာအနီးတွင် တစ်ကြိမ် တိုုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအနီးတွင် ယင်းနေ့ နေ့လယ်ပိုင်းက တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် ယင်းနေ့၌ပင် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က မူဆယ်မြို့တွင်းသို့လည်းကောင်း၊ စယ်လန့်ရှိ တပ်မတော် တပ်စခန်းအားလည်းကောင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာသို့လည်းကောင်း တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
တိုက်ပွဲအတွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် စယ်လန့်ကျေးရွာရှိ လူနေအိမ်များနှင့် ဒေသခံအချို့ ထိခိုက်မှုရှိခဲ့ပြီး ဒေသခံများအနေဖြင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ဆိုသည်။
သြဂုတ် ၁ ရက်မှ ၂၉ ရက်အထိ တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) အကြား စုစုပေါင်းတိုက်ပွဲ ၁၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။















