ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိုစိစစ်၍ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်အပါအဝင် အခြားသောမိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိုစိစစ်၍ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်အပါအဝင် အခြားသောမိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 29 August 2023

မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအားစိစစ်၍ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်အပါအဝင် အခြားသောမိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၌ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့မှ ကြေညာချက်များ၊ ပြောကြားချက်များအပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်ဆိုသည့် နိုင်ငံခြားရေးဝန်ကြီးဌာ၏ ထုတ်ပြန်ချက်တွင် ယင်းအချက်ကို ထည့်သွင်းဖော်ပြထားခြင်းလည်းဖြစ်သည်။

ရခိုင်ပြည်နယ်၌ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့မှ ကြေညာချက်များ၊ ပြောကြားချက်များ ပြုလုပ်ခဲ့ကြောင်း သိရှိရကြောင်း၊ အဆိုပါဖြစ်စဉ်သည် အမှန်တကယ်အားဖြင့် ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်း ၃၀ နှင့် တပ်ရင်းဌာနချုပ်တစ်ခုတို့ကို တစ်ပြိုင်တည်း အကွက်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံအချို့နှင့်အဖွဲ့အစည်းအချို့မှ ARSA ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားကြောင်း တွေ့ရှိရကြောင်း၊ ထိုအချိန်က တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များက ဒေသခံပြည်သူများကို ကာကွယ်ရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် အရေးယူတုံ့ပြန်မှုများကို ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သည် ARSA အကြမ်းဖက်အဖွဲ့က ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုလုပ်ရပ်သာဖြစ်ပြီး အကြမ်းဖက်မှုလုပ်ရပ်များအားလုံးကို ရှုတ်ချသင့်သည်ဟု အလေးထားပြောကြားလိုကြောင်း၊ ထို့ပြင် “ရိုဟင်ဂျာ” ဟုဆိုသည့် အသုံးအနှုန်းသည် မည်သည့်မြန်မာ့သမိုင်းနှင့် ဥပဒေဆိုင်ရာ စာရွက်စာတမ်းများတွင် တွေ့ရှိရခြင်းမရှိကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်သည်။

ထို့ကြောင့် ယင်းအသုံးအနှုန်းကို ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းကာ ယင်းဖြစ်စဉ်အပေါ် နိုင်ငံရေးသဘော သက်ရောက်စေရန် သတင်းထုတ်ပြန်ချက်များ၊ ပြောကြားချက်များ ပြုလုပ်နေခြင်းသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံပူးတွဲအစီအစဉ်များနှင့်အညီ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာ ကြိုးပမ်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုများအပေါ် အပြုသဘောထောက်ပံ့ကူညီရာရောက်မည်မဟုတ် ကြောင်း၊ မြန်မာအစိုးရအနေဖြင့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ် ထိခိုက်ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းအားလုံးအတွက်လည်း လိုအပ်သည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို မည်သူမျှချန်လှပ်မှုမရှိစေရေးဟူသော မူဝါဒဖြင့် ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာအစိုးရသည် နေရပ်စွန့်ခွာသူများအား စိစစ်မှုများပြုလုပ်ပြီး အောင်မြင်စွာ ပြန်လည်လက်ခံရေးကို ဆောင်ရွက်နိုင်ရန် ဘင်္ဂလားဒေ့ရှ်၊ မိတ်ဆွေနိုင်ငံများ၊ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ရှိကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့မှ ဖြစ်စဉ်၏ အခြေအနေမှန်နှင့် ဖြစ်ရပ်မှန် အချက်အလက်များကို အသိအမှတ်ပြုခြင်းမရှိဘဲ နိုင်ငံရေးသဘော သက်ရောက်စေသည့် သတင်းထုတ်ပြန်ချက်များ၊ ပြောကြားချက်များအပေါ် ပြင်းထန်စွာပယ်ချလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent