တည်ငြိမ်အေးချမ်းသည့်ဒေသများသည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး လက်နက်ကိုင်၍ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေမှုများသည် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ် ၂၇ ရက်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြို့မိ၊ မြို့ဖများ၊ ညောင်ဦးခရိုင်၊ ပခုက္ကူခရိုင်၊ မြင်းခြံခရိုင်၊ မင်းဘူးခရိုင်နှင့် မကွေးခရိုင်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများအား ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေ၊ ပုဂံယဉ်ကျေးမှုပြတိုက်၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိစ္စရပ်များ ကိုဆွေးနွေးစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
နစကဥက္ကဋ္ဌက နိုင်ငံရေးနှင့်ပတ်သက်၍ မိမိတို့သည် နိုင်ငံ့အရေးကို ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံရေးလုပ်ဆောင်နေခြင်း မဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့အရေးအတွက် ပြည်သူလူထုများအားလုံး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းသည့် ဒေသများသည် ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး လက်နက်ကိုင်၍ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေမှုများသည် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့ပြင် မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထားနိုင်ငံဖြစ်သဖြင့် လူတိုင်းနှင့် အကျုံးဝင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ စားသောက်ရန် အစားအစာများနှင့် ဝင်ငွေများရရှိမည်ဖြစ်ကြောင်း၊ စနစ်ကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ခေတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်း ခရိုင်များ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊ ဆက်လက်၍လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာသိပ္ပံများကို ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး အဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်ရေး တက္ကသိုလ်များကို ဆက်လက်တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွက်လိုအပ်သည့် လူသားအရင်းအမြစ် များရရှိရေးအတွက် လက်တွေ့ကျသည့် ဆောင်ရွက်ချက်ပင်ဖြစ်ကြောင်း၊ ပညာသင်ကြားရေးနှင့် ပတ်သက်၍ တိုးတက်မှုများရှိစေရေး မိမိတို့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂံဒေသအတွင်း စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများတိုးတက်စေရေးနှင့် ပညာတတ်များ ပေါများစေရေး တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့အတူမိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သဖြင့် ဥပဒေကို အကျွမ်းတဝင်ရှိရန်၊ နားလည်ရန်လိုကြောင်း၊ ထို့ကြောင့်တက္ကသိုလ်များ၌ ဥပဒေဘာသာရပ်များကို ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း၊ အလားတူ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် စီးပွားရေးအမြင်ရှိရန်လိုသဖြင့် စီးပွားရေးဘာသာရပ်ကိုလည်း ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့အတွက် အခြေခံကောင်းများရရှိစေရေး ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ထို့အတူ မိမိတို့နိုင်ငံသို့ ပြည်ပခရီးသွားများ လာရောက်မှုမရှိစေရေး နိုင်ငံရေးအရ အကြောင်းအမျိုးမျိုးပြ၍ ပိတ်ပင်မှုများရှိခြင်းကြောင့် ပြည်ပခရီးသွားများဝင်ရောက်မှုနည်းပါးနေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများသည်လည်း အခြားနိုင်ငံများကဲ့သို့ဆောင်ရွက်ပေးရန် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း၊ မိမိတို့ဒေသသို့ လာရောက်သည့် ပြည်တွင်းပြည်ပမှ ဘုရားဖူးလာပြည်သူများ စားသောက်ရေး၊ နေထိုင်ရေးနှင့် သွားလာမှုများ အဆင်ပြေစေရေးအတွက် ဒေသခံများက ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားသူများဆောင်ရွက်သည့် အောင်မြင်ပြီးလုပ်ငန်းများကို လိုက်လံဆောင်ရွက်ခြင်းထက် မိမိတို့ ကိုယ်ပိုင်အတွေးအခေါ်များဖြင့် အခြားလုပ်ငန်းအသစ်များကို ဆောင်ရွက်ရန်လည်းလိုကြောင်း၊ ပုဂံဒေသအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ပုဂံဒေသသည် မိုးရွာရက်နည်း ပါးခြင်းကြောင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို တတ်နိုင်သမျှ ဆောင်ရွက်ရန်လိုကြောင်း၊ ပုဂံညောင်ဦးလေဆိပ်သည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တည်ရှိခြင်းကြောင့် ပြည်ပမှ လေယာဉ်ကြီးများတိုက်ရိုက်ဆင်းသက်ရန် အခက်အခဲများရှိနိုင်ကြောင်း၊ ထို့ကြောင့် ရေရှည်အတွက် အဆင်ပြေစေရန် ပခုက္ကူလေဆိပ်အား နိုင်ငံတကာလေဆိပ်အဖြစ်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂံညောင်ဦးလေဆိပ်ကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျတွက်ချက် ဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် ရေအရင်းအမြစ်များရှိပြီး မြစ်ရေများကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အကျိုးရှိစွာအသုံးချနိုင်ရန်လိုကြောင်း၊ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုများရှိစေရေး တာဝန်ရှိသူများအနေဖြင့် စိစစ်ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။















