မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူး Ms.Lian Yin အား သြဂုတ် ၂၅ ရက်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးဧည့်ခန်းမ၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထိုသိုတွေ့ဆုံစဉ် ကောင်စစ်ဝန်ချုပ်က မြန်မာအစိုးရမှ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ခြောက်လထပ်မံသက်တမ်းတိုးမြှင့်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရေး၊ စီးပွားရေးတိုးတက်ရေးတို့အပါအဝင် ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းနေမှုများ၊ မိုခါမုန်တိုင်းဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဒေသများနှင့် ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းနေမှုများကို ဆွေးနွေးခဲ့ရာ ညွှန်ကြားရေးမှူး Ms.Lian Yin က မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၌အကြမ်းဖက်မှုများကြောင့် သေဆုံးမှုများ၊ ဆုံးရှုံးမှုများနှင့် မိုခါမုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် စာနာထောက်ထားကြောင်း၊ မြန်မာအစိုးရအနေဖြင့် စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်ကို သိရှိကြောင်း၊ အရေးပေါ်ကာလပြီးဆုံးကာ နိုင်ငံပုံမှန်ဖွံ့ဖြိုး တိုးတက်မှုလမ်းကြောင်းပေါ်သို့ လျင်မြန်စွာ ရောက်ရှိစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် ကွမ်ရှီးဒေသအကြား ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။















