BLACKPINK အဖွဲ့ဝင် ဂျန်းနီနှင့် BTS အဖွဲ့ဝင်ဗွီတို့ ပဲရစ်တွင် လက်တွဲလမ်းလျှောက်နေသည့် ဓာတ်ပုံ၊ ဗီဒီယိုများ အွန်လိုင်းတွင်ပျံ့နေ

BLACKPINK အဖွဲ့ဝင် ဂျန်းနီနှင့် BTS အဖွဲ့ဝင်ဗွီတို့ ပဲရစ်တွင် လက်တွဲလမ်းလျှောက်နေသည့် ဓာတ်ပုံ၊ ဗီဒီယိုများ အွန်လိုင်းတွင်ပျံ့နေ
Photo - KBIZoom
Photo - KBIZoom
Published 19 May 2023

BTS အဖွဲ့ဝင်ဗွီနှင့် BLACKPINK အဖွဲ့ဝင်ဂျန်းနီတို့ ဒိတ်နေသည်ဆိုသည့် မနှစ်က ကောလာဟလသတင်းများ ယခုတစ်ဖန်ပေါ်လာပြန်ပြီဖြစ်ပြီး ၎င်းတို့နှစ်ဦး ပဲရစ်မြို့၌ လက်ချင်းတွဲလမ်းလျှောက်နေသည့် ပုံရိပ်များ အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိသည်။

မေ ၁၇ ရက်တွင် ပြင်သစ်သတင်းသမားတစ်ဦးက အတွဲတစ်တွဲလမ်းလျှောက်နေသည့် ဗီဒီယိုကို TipTok တွင်တင်ထားသည်။ လက်တွဲလျှောက်နေသည့် စုံတွဲနောက်တွင် အခြားလူသုံးဦးလည်း ပါလာသည်။ဗီဒီယိုအဆုံးတွင် ယင်းအတွဲက အနက်ရောင်ကားတစ်စီးထဲ ဝင်သွားသည့်ပုံမျိုး ပြထားသည်။

ဗီဒီယိုတင်သူက ယင်းစုံတွဲမှာ ဂျန်းနီနှင့် ဗီီွဖြစ်သည်ဟုဆိုပြီး အွန်လိုင်းပရိသတ်အချို့ကလည်း ၎င်းတို့နှစ်ဦး၏ မန်နေဂျာများ နောက်တွင်ပါသည်ဟု ဆိုကြသည်။

ပြင်သစ်ဓာတ်ပုံဆရာတစ်ဦး အင်စတာဂရမ်တွင် တင်ထားသည့် ဗွီအနီးကပ်ပုံတွင် ဗီဒီယိုထဲကအဝတ်အစားနှင့်အတူတူ ဗွီကို တွေ့ရပြီး ဂျန်းနီတို့ဘက်မှတင်ထားသည့် ဖက်ရှင်ဆိုင်အတွင်းရိုက်ထားသည့်ဓာတ်ပုံတွင်လည်း ဂျန်းနီအဝတ်အစားက ဗီဒီယိုထဲကအတိုင်း တူနေသည်။

နှစ်ဦးစလုံးက အလုပ်ကိုယ်စီဖြင့် ပဲရစ်သို့ရောက်နေခြင်းဖြစ်သည်။ ဂျန်းနီက (ကိန်း ရုပ်ရှင်ပွဲတော်တွင် မိတ်ဆက်ပြသမည့်) ၎င်းကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားသည့် အမေရိကန်ရုပ်သံဇာတ်လမ်းတွဲ The Idol ပရိုမိုးရှင်းအတွက် ၊ ဗွီက Celine ဖက်ရှင်ပွဲတက်ရန်အတွက် ရောက်နေခြင်းဖြစ်သည်။

ဂျန်းနီနှင့်ဗွီတို့  ဂျယ်ဂျူကျွန်းတွင် ဒိတ်နေပုံရသည့်ဓာတ်ပုံတစ်ပုံ မနှစ်ကမေတွင် အွန်လိုင်းတွင်ပျံ့လာရာမှ  ကောလာဟလစခဲ့သည်။ နောက်ပိုင်း ဓာတ်ပုံများ တစ်ပုံပြီး တစ်ပုံ ပေါက်ကြားလာသည့်အတွက် ပရိသတ်က ယုံချင်ချင်ဖြစ်လာကြသည်။

ဂျန်းနီသည် ၂၀၁၉ ခုနှစ်က Exo အဖွဲ့ဝင် Kai နှင့်တွဲသည့်သတင်း မှန်ကန်ခဲ့ပြီး BigBang အဖွဲ့ဝင် ဂျီဒရက်ဂွန်နှင့် တစ်နှစ်တွဲလိုက်သည်ဟုလည်း သတင်းထွက်ခဲ့သေးသည်။ ဗွီနှင့်သတင်းကိုမူ နှစ်ဖက်အေဂျင်စီများက အဆိုတော်များ၏ ကိုယ်ရေးကိုယ်တာဟုဆိုကာ မည်သည့်ရှင်းလင်းချက်မှ မထုတ်ခဲ့ပေ။ ကောလာဟလများကြောင့် ဂျန်းနီသည် ၎င်းကိုယ်ပိုင်အင်စတာဂရမ်အကောင့်မှ ဖော်လိုဝါများကိုဘလော့ကာ အကောင့်ရှင်းမှု မနှစ်ကလုပ်ခဲ့သည်။

Most Read

Most Recent