Calm Down သီချင်းဖြင့် လူမြင်ကွင်းတွင် ကပြပြီးနောက် ဖမ်းဆီးခံလိုက်ရသည့် အီရန်မိန်းကလေး ငါးဦးကို ဆလီနာဂိုးမက်ဇ် ချီးကျူး

Calm Down သီချင်းဖြင့် လူမြင်ကွင်းတွင် ကပြပြီးနောက် ဖမ်းဆီးခံလိုက်ရသည့် အီရန်မိန်းကလေး ငါးဦးကို ဆလီနာဂိုးမက်ဇ် ချီးကျူး
Photo: Daily Mail
Photo: Daily Mail
Published 22 March 2023

ဆလီနာဂိုးမက်ဇ်က ၎င်း၏သီချင်းတစ်ပုဒ်ဖြင့် Tik Tok ဗီဒီယိုရိုက်တင်ကာ ယခုလ အစောပိုင်းက ဖမ်းဆီးခံလိုက်ရသည့် အီရန်ဆယ်ကျော်သက်မိန်းကလေးငါးဦးကို ချီးကျူး အားပေးစကားဆိုထားသည်။

အင်စတာဂရမ်စတိုရီတွင် ဂိုးမက်ဇ်ကအခြေခံကျသည့်အပြောင်းအလဲများကို မျှော်လင့်တောင်းဆိုနေသည့် အီရန်နိုင်ငံအတွင်းရှိ ၎င်းအမျိုးသမီးငယ်လေးများ အပါအဝင် အမျိုးသမီးအားလုံးကိုရဲဝံ့သူများဟု ခေါ်ဝေါ်ခဲ့ပြီး ၎င်းတို့ကို စာနာမိကြောင်း၊ ၎င်းတို့၏သတ္တိက အားတက်စရာ ဖြစ်ကြောင်း ရေးတင်ခဲ့သည်။

မတ် ၈ ရက်က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် အီရန် မိန်းကလေးငါးဦးအဖွဲ့က မြို့တော်တီဟီရန် ဆင်ခြေဖုံးရှိမိုးပျံတိုက်တစ်ခုရှေ့တွင် ဂိုးမက်ဇ်နှင့် နိုင်ဂျီးရီးယားရက်ပ်အဆိုတော် ရီမာတို့ တွဲဖက်သီဆိုထားသည့် Calm Down သီချင်းဖြင့် Tik Tok ကပြခဲ့သည်။ ယင်းဗီဒီယိုအွန်လိုင်းတွင် ပျံ့နှံ့သွားပြီး ငါးဦးစလုံး၏လူမြင်ကွင်းတွင်ကပြမှု၊ ခါးတိုအကျႌများဝတ် ထားမှု၊ ခေါင်းခြုံပဝါများ ဝတ်မထားမှုတို့က အီရန်ဥပဒေအရ တားမြစ်ထားသည့်အရာများဖြစ်သည်။

အီတလီသတင်းစာတစ်ခု ဖော်ပြချက်အရ ဗီဒီယိုထွက်လာပြီးနောက် ၎င်းတို့အဖွဲ့ကို အီရန်အာဏာပိုင်များက ၄၈ နာရီနီးပါး ခေါ်ယူထိန်းသိမ်းခဲ့ကာ ဗီဒီယိုရိုက်ကူးခဲ့သည့် နေရာသို့ ပြန်သွားခိုင်းပြီး ခေါင်းခြုံပဝါများဝတ်စေလျက် ၎င်းတို့၏ရဲတင်းမှုအတွက် နောင်တရကြောင်း နောက်ထပ်ဗီဒီယို ရိုက်တင်ခိုင်းခဲ့သည်။

Calm Down သီချင်းသီဆိုသူ ရီမာကလည်း  ၎င်းဆယ်ကျော်သက်အဖွဲ့ကို တွစ်တာတွင် ချီးကျူးထောက်ခံကာ “ပိုမိုကောင်း မွန်တဲ့ကမ္ဘာမြေဖြစ်လာဖို့ တိုက်ပွဲဝင်နေကြတဲ့ အီရန်အမျိုးသမီးတွေအားလုံးကြောင့် အားတက်မိပါတယ်။ သင်တို့အတွက် သီချင်းတွေ ဆက်ဆိုနေပါမယ်”ဟု အားပေးရေးသားခဲ့သည်။

အီရန်တွင် မနှစ်က စက်တင်ဘာ၌ အစ္စလာမ္မစ်ဝတ်စားဆင်ယင်မှုစည်းမျဉ်းများကို ချိုးဖောက်သည်ဟု ဆိုကာ ဖမ်းဆီးခံခဲ့ရသည့် အသက် ၂၂ နှစ်အရွယ် မာဆာအာမီနီဆိုသည့် မိန်းကလေး သေဆုံးသွားပြီးနောက် နိုင်ငံတစ်ဝန်းဆန္ဒပြမှုများ ပေါ်ပေါက်လာပြီး အမျိုးသမီးအများစုအပါအဝင် နိုင်ငံသားများက ဘာသာအယူဝါဒတင်းကျပ်လွန်းသည့် အစိုးရကို ဆန့်ကျင်လာကြသည်။အိမ်တွင်းအ ကြမ်းဖက်မှု၊ ကိုယ်ဝန်ဖျက်ချမှု၊ ဝတ်စားနေထိုင်မှုကျင့်ဝတ်စသည့် အမျိုးသမီးများဖိနှိပ်ခံရမှုများကို မကြောက်မရွံ့ ဆန္ဒထုတ်ဖော်လာကြခြင်းဖြစ်သည်။

Most Read

Most Recent