ကမ္ဘာ့ရွှေစျေးတက်နေသည်ကို အကြောင်းပြုပြီး ပြင်ပရွှေဝယ်ရောင်းများမှ ပြည်တွင်းစျေးကွက်အတွင်း လုယက်ဝယ်ယူခြင်းမျိုး မပြုလုပ်ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။
“အမေရိကန်ရှိ ဘဏ်တစ်ခု ဒေဝါလီခံလိုက်ချိန်ကစပြီး ကမ္ဘာ့ရွှေစျေးတွေဟာ တဟုန်ထိုးတက်နေပါတယ်။ ကမ္ဘာ့ရွှေစျေး တက်ခြင်းရှိနေသော်လည်း မြန်မာနိုင်ငံရဲ့ ငွေစျေးဟာ ပြောင်းလဲခြင်းမရှိခဲ့ပါဘူး။ ကမ္ဘာ့ရွှေစျေးတက်တာကို အကြောင်းပြုပြီး ပြင်ပရွှေဝယ်ရောင်းများမှ ပြည်တွင်းစျေးကွက်အတွင်း လုယက်ဝယ်ယူခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါတယ်။ ရွှေစျေးတအား မြင့်တက်ခဲ့လျှင် ရွှေစျေးအတက်အကျ မကြမ်းအောင် အသင်းအနေနဲ့ ထိန်းကြောင်းပေးကြပါရန် မေတ္တာရပ်ခံပါသည်။ အသင်းမှာ လေကစာခြင်း လုံးဝခွင့်မပြုပါ။ အရင်ကလဲ ခွင့်မပြုခဲ့သလို ရှိလဲမရှိခဲ့ပါဘူး။ ရွှေအရောင်းအဝယ်ကို ရွှေထိငွေထိသာ လုပ်ကြရပါမယ်။ ပြင်ပမှ စျေးကစားမှုများရှိခဲ့ပါက အသင်းအနေနဲ့ ခွင့်မပြုသလို တာဝန်လဲမယူတာမို ့စျေးကစားသူများရဲ့တာဝန်သာဖြစ်ပါလိမ့်မယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် “ယခုပြင်ပရွှေစျေးကွက်တွင် အရောင်းအဝယ်ပြုလုပ်နေကြသော စျေးနှုန်းမှာ လေပတ်ကားသမားများ၊ စျေးကစားသူများတို့၏ ပါးစပ်တွင်သာ စျေးမြင့်တက်နေခြင်းဖြစ်ပါသည်။ ၎င်းပုဂ္ဂိုလ်များအား သက်ဆိုင်ရာဌာ နအဖွဲ့အစည်းများဘက်မှ တားဆီးထိန်းသိမ်းရန်ဆောင်ရွက်လျက်ရှိပါသည်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။
ရန်ကုန်ရွှေအသင်း၏ သတ်မှတ်ရည်ညွှန်းစျေးအဖြစ် မီးလင်းရွှေတစ်ကျပ်သားလျှင် ကျပ် ၂၃ သိန်းကျော်၊ ပြင်ပပေါက်စျေး တစ်ကျပ်သား ကျပ် ၂၉ သိန်းကျော်သို့ ရောက်ရှိလာပြီး စျေးကွက်အတွင်း အရောင်းအဝယ်အေးနေကြောင်း သိရသည်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်စျေးနှုန်းမှာ မတ်လ ၁၇ ရက် ညနေပိုင်းက မီးလင်းရွှေတစ်ကျပ်သားလျှင် ကျပ်နှစ်ဆယ့်နှစ်သိန်း ခုနစ်သောင်းသုံးထောင့် ခုနစ်ရာနှုန်းဖြင့် စျေးပိတ်ခဲ့သော်လည်း မတ် ၁၈ ရက်နံနက်တွင် သတ်မှတ်ခဲ့့သည့် စျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ်နှစ်ဆယ့်သုံးသိန်း လေးသောင်းသုံးထောင်သုံးရာသို့ မြင့်တက်လာခဲ့သည်ကို အသင်း၏ထုတ်ပြန်ချက်အရ သိရသည်။
ပြင်ပပေါက်စျေးမှာလည်း မတ် ၁၇ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၂၈၉၂၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့သော်လည်း မတ် ၁၈ ရက် နံနက်တွင် တစ်ကျပ်သားလျှင် ကျပ် ၂၉ သိန်းကျော်သို့ မြင့်တက်လာခဲ့သည်ဟု ရွှေစျေးကွက်အတွင်းမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်ရှိ ဒေသဆိုင်ရာ ဘဏ်နှစ်ခုပြိုလဲခဲ့ခြင်း၊ ဆွစ်ဇာလန်ရှိဘဏ်အချို့ အကျပ်အတည်းကြုံရခြင်းများ ရှိလာခဲ့ပြီးနောက်တွင် ကမ္ဘာ့ရွှေစျေး ရုတ်တရက်မြင့်တက်လာခဲ့သည်။
ကမ္ဘာ့ရွှေစျေးမှာ ယခင်အချိန်များက တစ်အောင်စလျှင် ဒေါ်လာ ၁၈၀၀ ကျော်သာ ရှိခဲ့သော်လည်း ဘဏ်များကိစ္စနောက်ပိုင်းတွင် တရိပ်ရိပ်မြင့်တက်လာခဲ့ပြီး မတ်လ ၁၈ ရက် မွန်းလွဲပိုင်းတွင် တစ်အောင်စလျှင် ဒေါ်လာ ၁၉၈၉ သို့ မြင့်တက်ခဲ့သည်ကို တွေ့ရသည်။
မြန်မာ့ရွှေ ပြည်ပသို့ တင်ပို့ရောင်းဝယ်ရာတွင် ပိုမိုထိရောက်စေရေးနှင့် စျေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် ရောင်းဝယ်နေမှု ပပျောက်စေရေး လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းမည်ဟု ဗဟိုဘဏ်က မတ်လ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပြည်တွင်း၌ ရွှေစျေးနှုန်းတွက်ချက်မှုသည် ကမ္ဘာ့ရွှေစျေးကွက်များ၌ အရောင်းအဝယ်ပြုလုပ်သကဲ့သို့ စံသတ်မှတ်ထားသည့် အလေးချိန်တွက်ချက်မှု၊ ရွှေသန့်စင်မှုအရည် အသွေးများ စနစ်တကျတွက်ချက် အခြေခံထားမှုမရှိဘဲ မိရိုးဖလာတွက်ချက်နည်းများဖြင့်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည့်စျေးနှုန်း၊ ကမ္ဘာ့စျေးနှုန်း၊ အမေရိကန်ဒေါ်လာစျေး၊ ထိုင်းဘတ်စျေး၊ တရုတ်ယွမ်စျေးတို့လည်းကောင်း၊ ကောလာဟလသတင်းတို့ဖြင့်လည်းကောင်း၊ ရွှေစျေးနှုန်းအမျိုးမျိုး သတ်မှတ်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် မြန်မာ့ရွှေကို နိုင်ငံခြားသို့ တင်ပို့ခြင်း၊ ရောင်းဝယ်ခြင်းပြုလုပ်ရာတွင် ပိုမိုထိရောက်စေရန်အတွက်လည်းကောင်း၊ ပြည်တွင်း၌လည်း ဝယ်ယူရင်းနှီးမြှုပ်နှံသူများ စိတ်ချရသည့် အရည်အသွေး စံသတ်မှတ်ချက်များ၊ အလေးချိန်စံသတ်မှတ်ချက်များ သတ်မှတ်နိုင်ရေး၊ လိုင်စင်မရှိဘဲရောင်းဝယ်နေမှုများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စျေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် ရောင်းဝယ်နေမှုများ ပပျောက်စေရေးတို့ကို ဆွေးနွေးခဲ့ကြောင်းနှင့် ပြည်တွင်းရွှေစျေးကွက်အတွက် အခြေခံကျသည့် နိုင်ငံတကာအဆင့်မီ အလေးချိန် စံချိန်စံနှုန်းများ သတ်မှတ်ရေး၊ ရွှေစျေးနှုန်း တွက်ချက်သည့်နည်းစနစ်များနှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ရေးအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။















