တောင်ကိုရီးယားထိပ်တန်းအနုပညာ ရှင်စုံတွဲဖြစ်သည့် ဟွန်ဘင်းနှင့် ဆွန်ရီဂျင်းတို့ ဧပြီတွင် ကွာရှင်းတော့မည်ဟု You Tube ချန်နယ်တစ်ခုက ကောလာဟလလွှင့်ထားမှုအပေါ် နှစ်ဦးစလုံး၏အေဂျင်စီများက တုံ့ပြန်ကြေညာချက် ထုတ်ထားသည်။
ယင်းချန်နယ်က ဟွန်ဘင်းတို့နှစ်ဦး ကွဲကြမည့်သတင်းကို ဗီဒီယိုများတင်ထားပြီး ဗီဒီယိုထဲတွင် ဟွန်ဘင်းက စတော့ရင်းနှီးမြှုပ်နှံမှုများမှ ကိုရီးယားဝမ်သုံးဘီလျံ အရှုံးပေါ်ထားကာ လောင်းကစားကြွေးများလည်း တင် နေကြောင်း၊ ဇနီးဆွန်ရီဂျင်းက သည်းခံနေလာခဲ့သော်လည်း ဆက်မသည်းခံနိုင်တော့ဘဲ ကွာရှင်းချင်နေပြီဖြစ်ကြောင်း ဆိုထားသည်။
ဗီဒီယိုထဲတွင် ယင်းပြဿနာကို Tonight Show With Jimmy Fallon ရုပ်သံအစီအစဉ်တွင် ဆွေးနွေးခဲ့သည်ဟု ပြောထားပြီး Jimmy Kimmel Live! မှ ဖြတ်ပိုင်း တစ်ခုကိုပြကာ Jimmy Kimmel ကလည်း ယင်းကိစ္စကိုပြောခဲ့သည်ဟု ဆိုသည်။
သို့သော်ကိုရီးယား သို့မဟုတ် အင်္ဂလိပ်စာ နားမလည်သည့်သူတောင်မှ Jimmy Kimmel ပြောနေသည့်အရာက ဟွန်ဘင်းတို့အကြောင်းမဟုတ်သည်ကို သိပါလိမ့်မည်ဟု ကိုရီးယားအနုပညာသတင်းမီဒီယာများက ရေးသားနေကြသည်။
ဟွန်ဘင်း၏ Vast Entertainment အေဂျင်စီကမူ ယင်းဗီဒီယိုသည် ရယ်စရာ ကောင်းပြီး လုံးဝမမှန်ကြောင်း၊ တင်သည့်ချန်နယ်ကိုလည်း ဖြုတ်ချပေးရန် သက်ဆိုင်ရာကို report လုပ် တောင်းဆိုထားကြောင်း၊ အခြေအနေကို ၎င်းတို့ဆက်လက်စောင့်ကြည့်နေပြီး လိုအပ်လာပါက နောက်ထပ်အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ထားသည်။
ဆွန်ရီဂျင်း၏အေဂျင်စီ MSteam ကလည်း တကယ့်ကိုသတင်းအမှားဖြစ်ကြောင်းနှင့် မည်သို့တုံ့ပြန်ရမည်ကို စဉ်းစားနေကြောင်း ထုတ်ပြန်ခဲ့သည်။
ဆွန်ရီဂျင်းသည် မနှစ်ကနိုဝင်ဘာ ၂၇ ရက်က သားယောကျ်ားလေးမွေးဖွားခဲ့ပြီး သားဦးလေး၏ဓာတ်ပုံများကို အွန်လိုင်းပေါ်တင်ခဲ့သည့်သူကိုလည်း ၎င်းတို့ဇနီးမောင်နှံက တရားစွဲမှု ဖြစ်လိုက်သေးသည်။
ဟွန်ဘင်းတို့အတွဲသည် ကိုယ်ရေးကိုယ်တာကို အလွန်လျှို့ဝှက်တတ်သည့်အတွဲအဖြစ် လူသိများသည်။ ကလေးဓာတ်ပုံများပျံ့လာမှုက ဟွန်ဘင်း၏ Cloud Storage ကို ဟက်ကာသမားက ခိုးယူလိုက်ခြင်းမျိုးဖြစ် နိုင်သည်။
ဇနီးမီးဖွားချိန် ကိုရီးယားတွင် ဟွန်ဘင်း ရှိခဲ့၊မရှိခဲ့ကိစ္စမှာလည်း အငြင်းပွားစရာ ဖြစ်ခဲ့ပြီး မီဒီယာအချို့က ဟွန်ဘင်းရှိမနေခဲ့ဟု ဖော်ပြကြသည်။