The Wire ရုပ်သံအစီအစဉ်သရုပ်ဆောင် လန့်စ်ရက်ဒစ် အသက် ၆၀ အရွယ်တွင် ကွယ်လွန်

The Wire ရုပ်သံအစီအစဉ်သရုပ်ဆောင် လန့်စ်ရက်ဒစ် အသက် ၆၀ အရွယ်တွင် ကွယ်လွန်
Photo - AFP
Photo - AFP
Published 19 March 2023

နာမည်ကျော်ရုပ်သံအစီအစဉ်ဖြစ်သည့် The Wire တွင် ဘော်လ်တီမောရဲအရာရှိ ဆီးဒရစ်ဒန်နီယယ်အဖြစ် သရုပ်ဆောင်ခဲ့သည့် မင်းသား လန့်စ်ရက်ဒစ်သည် အသက် ၆၀ အရွယ်တွင် ကွယ်လွန်သွားခဲ့သည်ဟု ၎င်း၏ပြောရေးဆိုခွင့်ရှိသူက မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

 John Wick ဇာတ်လမ်းတွဲများတွင် မင်းသားကင်နူးရိဖ်နှင့်အတူ တွဲဖက်သရုပ်ဆောင်ထားသည့် ရက်ဒစ်သည် လောစ့်အိန်ဂျလိစ်မြို့ စတူဒီယိုစီးတီးဒေသရှိ ၎င်း၏နေအိမ်တွင် သေဆုံးလျက်တွေ့ရှိခဲ့သည်ဟု TMZ သတင်းတွင် ဖော်ပြထားသည်။

“သရုပ်ဆောင် လန့်စ်ရက်ဒစ်ဟာ သဘာဝအလျောက် အကြောင်းအရင်းတွေကြောင့် ဒီနေ့မနက် (မတ် ၁၈) မှာ ရုတ်တရက်ကွယ်လွန်သွားပါတယ်”ဟု ပြောရေးဆိုခွင့်ရှိသူ မီရာဟန်ဆန်က ပြောကြားခဲ့သည်။

ရက်ဒစ်သည် ၂၀၀၀ ပြည့်နှစ်က HBO အကျဉ်းထောင်ဒရာမာ “Oz” ဖြင့် လူသိများ ထင်ရှားလာခဲ့ပြီး ယင်းဒရာမာထဲတွင် ၎င်းသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို လျှို့ဝှက်စုံစမ်းနေသူဖြစ်သော်လည်း မကြာမီ မူးယစ်ဆေးဝါးကို စွဲလမ်းခဲ့သူတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

သို့သော် The Wire ရုပ်သံအစီအစဉ် တွင် ပိုမိုလူသိများထင်ရှားလာခဲ့သည်။ ရှုပ်ထွေးသော ဇာတ်ညွှန်းအသွားအလာနှင့် ပီပြင်သော သရုပ်ဆောင်မှုများကြောင့် The Wire သည် အကောင်းဆုံး ရုပ်သံအစီအစဉ်များတွင် တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။

The Wire ရုပ်သံအစီအစဉ်ပြီးနောက် ရက်ဒစ်သည် John Wick တွင် နယူးယောက်ဟိုတယ်တစ်ခု၌ ဟိုတယ်ဝန်ထမ်း ချာရွန်ဇာတ်ကောင်နေရာတွင် ပါဝင်သရုပ်ဆောင်ထားသည်။

ကင်နူးရိဖ်နှင့် John Wich ဒါရိုက်တာ ချက်စတာဟယ်စကီတို့က ရက်ဒစ်ကွယ်လွန်မှုနှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ချစ်လှစွာသောမိတ်ဆွေတစ်ဦးလည်းဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တစ်ဦးလည်းဖြစ်တဲ့ ရက်ဒစ်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ သူဟာ ပြီးပြည့်စုံတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူနဲ့အတူ တွဲဖက်အလုပ်လုပ်ကိုင်ခဲ့ရတာ ပျော်ရွှင်မိပါတယ်”ဟု ထုတ်ပြန်ထားသည်။

The Wire ရုပ်သံအစီအစဉ်တွင် တွဲဖက်သရုပ်ဆောင် ပီးရာစ့်ကလည်း ရက်ဒစ် ကွယ်လွန်မှုအပေါ် စိတ်မကောင်းဖြစ်မိကြောင်း ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent